Wednesday, June 25, 2014

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်


KS-1 လက်နက်စနစ်သည် ရာသီမရွေးအသုံးပြုနိုင်သော Medium Range လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်ဖြစ်ပါသည်။ KS-1 မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ် (Surface-to-Air Missile Weapon System - SAMWS) သည် အဓိကအားဖြင့် စစ်မြေပြင်(သို့) အရေးကြီးနေရာများအတွက် ဘက်စုံသုံးတိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ကင်းထောက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊
 ဝေဟင်မှမြေပြင်ပစ် ဒုံးများ၊ ခရုစ်ဒုံးပျံများအခြား တိကျထိရောက်သော လက်နက်များကဲ့သို့သော စွမ်းဆောင်ရည်မြှင့်လက်နက်များ၏ရန်မှ ကာကွယ်ရန်ဖြစ်သည်။ ၎င်းစနစ်သည်
 လေကြောင်းရန်ကာကွယ်ရေး ရည်မှန်းချက် နေရာများအား လွတ်လပ်စွာကာကွယ်နိုင်ရုံမက အခြားသော လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်လည်း စစ်ဆင်ရေးပူးပေါင်းဆောင်ရွှက်နိုင်ပါသည်။

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်တွင် ဒုံးထိန်းကျောင်းမှုယာဉ် (ရေဒါယာဉ်၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုယာဉ်) ၊ ဒုံးပစ်ယာဉ်၊ ဓါတ်အားပေးစက်ယာဉ်နှင့် လှိုင်းနှုန်းပြောင်းလဲပေးသောယာဉ်များ ပါဝင်သည်။

KS-1 ဒုံးပျံ


KS-1 ဒုံးအား ရိုးရှင်းသော သီးသန့်ပုံစံ၊ စွမ်းအားမြှင့် အစိုင်အခဲသုံး ပေါက်ကွဲမှုတစ်ခုတည်းပါဝင်သော တွန်းအားပေးအပိုင်း၊ တည်ငြိမ်စွာ တိုင်းတာထိန်းချုပ်နိုင်သော စနစ်နှင့် ကွန်ပျူတာထိန်းချုပ်မှု ကိရိယာများ တပ်ဆင်ထားပါသည်။ ဒုံးပျံသန်းခြင်းနှင့် ပစ်မှတ်အားကြားဖြတ်တိုက်ခိုက်ခြင်းနှစ်ခုစလုံးကိုလည်း အမိန့်ပေးထိန်းချုပ်နိုင်ပါသည်။ 
 
KS-1 ဒုံးပစ်ခတ်ရေးယာဉ်


ဒုံးပစ်ခတ်ရေးယာဉ်သည် လုပ်ငန်းအရည်အသွေး စစ်ဆေးခြင်း၊ စက်စတင်လည်ပတ်ခြင်း၊ ဒုံးအား အန္တာရယ်ကင်းစွာ ပစ်ခတ်နိုင်ခြင်း၊ ကောင်းမွန်စွာ လမ်းညွန်ထိန်းကျောင်းပေးနိုင်ခြင်းတို့ကို အပြည့်အဝလုပ်ဆောင်ပေးပါသည်။ ဒုံးပစ်ခတ်မှုတွင် စနစ်၎မျိုးပါဝင်ပြီး ထိန်းချပ်ရေးဌါနနှင့် အပြန်အလှန် အချက်လက်ပေးပို့ရာတွင် ဝါယာအသုံးပြုကာ ဆက်သွယ်နိုင်ပါသည်။

H-200 ရေဒါစနစ်


H-200 Phased Array အင်တင်နာသည် ရေဒါယာဉ်၏ ထိပ်ဘက်ပိုင်းတွင် တပ်ဆင်ထားပါသည်။ ရေဒါယာဉ်အား နေရာရွှေ့ပြောင်းသယ်ယူချိန်တွင် ၎င်း၏ အင်တာနာကို ယာဉ်၏ အမိုးအောက်ဖက်တွင် ထားရှိပြီး စစ်မြေပြင်တွင် စစ်ဆင်ရေး ပြုလုပ်နေချိန်တွင်မှု အင်တင်နာအား ပြန်လည်ထောင်မတ်ထားပါသည်။ လမ်းညွန်းထိန်းချုပ်မှုယာဉ်၏ ထိန်းချုပ်မှုအောက်တွင် ပစ်မှတ်များနဲ့ ဒုံးပျံများအား တိကျစွာ ရှာဖွေပြီး လမ်းညွန်ပေးနိုင်သည့် ရေဒါယာဉ်ပါရှိပါသည်။ ပစ်မှတ်များနဲ့ ဒုံးပျံများ၏ ရွှေ့လျားမှုပုံစံကွဲပြားမှုအပေါ်မူတည်၍ ရေဒါယာဉ်သည် တိုင်းတာတွက်ချက်မှု ပေးနိုင်ပါသည်။
 
KS-1 စီးရီး လေကာဒုံးစနစ်တစ်ခု၏ တိုက်ပွဲဝင်ပုံစံ ဖွဲ့စည်းပုံမှာ-
 ၁. လေယာဉ်ပစ်ဒုံး ၂၄စင်း
၂.Phased Array ရေဒါယာဉ်
၃. ဒုံးပစ်စင် ၂ခုပါသည် ဒုံးပစ်ခတ်ယာဉ် ၆ စီး
၎.ဒုံးဖြည့်တင်းရေးယာဉ် ၆ စီး
၅.ဓါတ်အားပေးယာဉ် ၂ စီး
၆.လှိုင်းနှုန်းပြောင်းလဲရေး၊ဖြန့်ဝေပေးယာဉ် ၁ စီး စသည်ဖြင့် ဖွဲ့စည်းထားပါသည်။ 

ဒုံးဖြည့်တင်းရေးယာဉ် တစ်စီးအား တွေ့ရစဉ်


မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ KS-1A/B ဒုံးစနစ်နှင့် ပတ်သက်၍ ၂၀၀၉ခုနှစ်တွင် ပထမအကြိမ် နိုင်ငံတကာသတင်းများတွင် ဖော်ပြခြင်းခံရပြီး အဆိုပါသတင်းများအရ ပါကစ္စတန်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့မှ ဝယ်ယူခဲ့ကြောင်း သိရပါသည်။ (သို့သော် နောက်ပိုင်းတွင် ပါကစ္စတန်အနေဖြင့် ပိုမိုအဆင့်မြှင့်သည့် HQ-9 တာဝေးပစ် လေကာစနစ်အား ဝယ်ယူခဲ့သည်ဟု သိရပါသည်)။ KS-1A ဒုံးစနစ်သည် အနောက်နိုင်ငံမှ နည်းပညာအချို့(ရေဒါစနစ်ပိုင်းတွင်)၊ ရုရှားနည်းပညာ နှင့် တရုပ်၏ နည်းပညာများ ပေါင်းစပ်ထားခြင်းဖြစ်ရာ အားထားရသည့် စွမ်းရည်မြှင့် လေကာဒုံးစနစ်တစ်မျိုးဖြစ်ပါသည်။

ပထမအကြိမ် ဝယ်ယူမှုတွင် ယူနစ်မည်မျှ ဝယ်ယူသည်ကို မသိရစေကာမှု ဒုတိယအကြိမ်ဝယ်ယူသည့် ၂၀၁၃ခုနှစ်အတွင်းတွင်မှု ယူနစ် ၄ခုစာမျှ ဝယ်ယူထားသည်ဟု သိရသည်။ ဒုံးပစ်ခတ်ရေးယာဉ် ၂၄စီး ( အကွာအဝေး ကီလိုမီတာ ၅၀ အထိ ပစ်ခတ်နိုင်သည့် ဒုံး ၄၈စင်း) ပါဝင်မည်ဖြစ်ပါသည်။ KS-1 လေကာစနစ်သည် တာဝေးထောက်လှမ်းနိုင်သည့် ဗျုဟာမြောက် စောင့်ကြည့်ရေးရေဒါကြီးများဖြင့်လည်း ချိတ်ဆက်ထားနိုင်ပါသည်။ H-200 ရေဒါစနစ်အနေဖြင့် ဒုံးပျံ ၆ စင်းအား တပြိုင်နက် ထိန်းချုပ်ပစ်ခတ်ကာ ပစ်မှတ် ၃ခုအား ရှာဖွေခြေမှုန်းပေးနိုင်စွမ်းရှိပါသည်။ အမေရိကန်၏ F-16/18 တိုက်လေယာဉ်များကိုပင် ရှာဖွေပေးနိုင်စွမ်းရှိသည့် အဆိုပါရေဒါစနစ်များအနေဖြင့် ကီလိုမီတာ ၁၂၀+ အထိ ထောက်လှမ်းနိုင်စွမ်းရှိပါသည်။

တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များတွင် အကြမ်းဖျင်းအားဖြင့်-
တာဝေးပစ် လေကာစနစ်တွင်- SA-5 Gammo စနစ် နှင့် V-75 (SA-2) စနစ်များ
တာလတ်ပစ် လေကာစနစ်တွင် BUK M1 စနစ်၊ KS-1B စနစ် နှင့် Pechora 2M စနစ်များ
တာတိုပစ် လေကာစနစ်တွင် TOR M1 စနစ်၊ Tunguska M1 စနစ်၊ ကပစထုတ် Igla-S စနစ်များ နှင့် လေယာဉ်ပစ်အမြောက်များ စသည်ဖြင့် ဖွဲ့စည်းထားပြီး အတည်ပြုချက်မရသည့် သတင်းများအရ ရုရှား၏ S-300PMU2 တာဝေးပစ် လေကာစနစ် (သို့) တရုပ်တပ်မတော်၏ HQ-9 စနစ်တစ်မျိုးအား ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု သိရကာ အဆိုပါသတင်းသည် အမှန်ဟု ယူဆပါက တပ်မတော်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ဒေသတွင်းနိုင်ငံများအကြားတွင် အကောင်းဆုံးနဲ့ အတောင့်တင်းဆုံးသော လေကာတပ်ဖွဲ့ကြီးဟု သတ်မှတ်နိုင်ပါသည်။

မြန်မာ့တပ်မတော်သည် ကြည်း၊ရေ၊လေအား ဘက်စုံဖွံဖြိုးရေးဆောင်ရွှက်လျက်ရှိပြီး မကြာမှီတွင် လေတပ်နှင့် ရေတပ်၏ သတင်းကောင်းများလည်း ကြားရတော့မည်ဖြစ်ပါသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း ယခင်ကာလများကထက်စာလျှင် မြန်မာပြည်၏ ကာကွယ်ရေးစနစ်အား အတိုင်းအတာတစ်ခုထိ လေ့လာခွင့်ရကြပြီဖြစ်ပြီး တပ်မတော်၏
လုပ်ဆောင်ချက်များအား လေ့လာသိရှိနိုင်ပြီဖြစ်ပါသည်။ မိမိတို့ ညီ၊အစ်ကိုများအနေဖြင့်လည်း တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်လက်များမှလွှဲ၍ သိခွင့်ရှိသည့်အပိုင်းများအား တတ်နိုင်သလောက် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပြီး တပ်မတော်နှင့်ပြည်သူများအကြား ယခုထက်ပို၍ နားလည်မှုရစေကာ တပ်မတော်အား စိတ်ဝင်စားသည့် ညီ၊နောင်များအတွက် အမြဲကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးချင်ပါတယ်ခင်ဗျာ...။ :)

တရုပ်တပ်မတော်၏ KS-1 လေကာဒုံးများ တပ်ဖြန့်ထားပုံနှင့် လေ့ကျင့်မှုပုံရိပ်များ



Tuesday, June 17, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၂


 (ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။)


၁၉၉၀ ခုနှစ် မတိုင်မီက မြန်မာ့လေတပ်ဟာ ၁၉၆၂ ခုနှစ် နဲ့  ၁၉၇၀ ခုနှစ် ၀န်းကျင်က ၀ယ်ယူခဲ့တဲ့  ဟောင်းနွမ်းနေတဲ့  လေယာဉ် နဲ့  ရဟတ်ယာဉ် မျိုးစုံ ၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ်။ လေတပ်ဟာ အရွယ်အစားသေးငယ်ဆင်းရဲ ပြီး သယ်ယူပို့ ဆောင်ရေး၊ထောက်ပံ့ ရေး နဲ့ 
ကြည်းတပ်ရဲ့ စစ်ဆင်ရေး တစ်ချို့ လောက်ကိုသာ အထောက်အကူပြုနိုင်တဲ့ အနေအထားလဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ လေတပ်ကို အဆင့်မြှင့်တင်ဖို့ ဘယ်လိုစာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ
အတိအကျ မသိရပေမယ့် ၁၉၉၀ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေဟာ F7 2k ကြားဖြတ်တိုက်ခိုက်ရေး
 လေယာဉ် ၁၀ စီး GAIC FT – 7 Trainers လေယာဉ် ၂စီး PT 6 အမောင်းသင်လေယာဉ် အစီး ၃၀ ကို စတင် ရရှိခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံက G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး ၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ်။
၁၉၉၅ , ၁၉၉၇ နဲ့  ၁၉၉၉ ခုနှစ်တွေမှာ တပ်မတော်လေ အနေနဲ့  ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ အများအပြား ဖွဲ့ စည်းထားနှင့် ပြီးပါပြီ..။
F-7 တိုက်လေယာဉ်များ 
A-5 မြေပြင်တိုက်ခိုက်ရေး တိုက်လေယာဉ်များ
 ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ တပ်မတော်လေ ရဲ့  ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို ၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို့  ဆိုပါတယ်...။ ၈ နှစ်အတွင်းမှာ
A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၈ နဲ့  ၁၉၉၉ ခုနှစ်တွေမှာတော့ K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ အများအပြား စတင်ရောက်ရှိလာပါတယ်...။ လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး ကျွမ်းကျင် လေသူရဲတွေ အများအပြား ရုတ်တရက်လိုအပ်လာတဲ့ 
 ပြသနာကို ဖြေရှင်းနိုင်ဖို့  တပ်မတော် အစိုးရဟာ ၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင် လေသူရဲ ဗိုလ်လောင်း ၂၅၀ ကို သီးသန့်  စတင်ခေါ်ယူခဲ့ပါတယ်...။ ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင် လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို
သွားရောက် သင်ကြားရပြီး နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ်။ ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ့  အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ..။ နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို့ မှာလဲ ဒီအစီအစဉ်အတိုင်း လေသူရဲ့ ဗိုလ်လောင်း အတော်များများကို သီးသန့် ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း တပ်မတော်လေ ရဲ့  ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ
အစားထိုးဖို့ စတင်ရောက်ရှိလာတာကတော့ SAC Y8D အမျိုးအစား သယ်ယူပို့ ဆောင်ရေး
 လေယာဉ်တွေ ဖြစ်ပါတယ်..။ ပိုလန်နိုင်ငံက ၀ယ်ယူလိုက်တဲ့  PZL W3 Sokol အမျိုးအစား ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ့  Mi 2 ရဟတ်ယာဉ် အစီး ၂၀ ကို လက်ခံရရှိပြီးတဲ့ နောက် ရုရှားနိုင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ်..။ 
 Mi-2 အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်
Mi-17 အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ့ နောက် အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့  
ခေတ်မီ MiG 29 B ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး ၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ခရီးစဉ်အပြီးမှာ MiG 29 ဂျက်လေယာဉ် အမြောက်အများ ထပ်မံရောက်ရှိလာခဲ့တယ်လို့ လဲ သိရပါတယ်..။
ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ့  မော်လမြိုင်မှာရှိတဲ့  လေယာဉ်ကွင်းတွေကို အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်မှု များ 
 တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ့ ရပြီး လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ စတင် ဖွံဖြိုးလာတာကို တွေ့ ရှိရပါတယ်..။ ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ့ အဆိုအရ
၂၀၀၂ ခုနှစ် နဲ့  ၂၀၀၅ ခုနှစ်တွေမှာ တပ်မတော် လေ ဟာ အပေါ့စားလေယာဉ် တစ်စီးစီကို
အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား
အပေါ့စားလေယာဉ် တစ်စီးကို အောင်မြင်စွာ တပ်ဆင် ပျံသန်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ်...။

အခု ကျွန်တော် တင်ပြခဲ့တာတွေဟာ တပ်မတော်ကို လက်နက်တပ်ဆင် အဆင့်မြှင့်တင်မှု    
ပြုလုပ်ခဲ့တာတွေကို အကြမ်းဖျင်း ဖော်ပြထားတာ ဖြစ်ပါတယ် မဟာဗျူဟာ တပ်နေရာချထားမှု အစီအစဉ်တွေကို မဖော်ပြတော့ပေမယ့်  ၁၉၉၀ ခုနှစ်က ၂၀၀၀ ခုနှစ် အတွင်း မှာပဲ တစ်နိုင်ငံလုံးမှာ
တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက် အသစ် တိုးချဲ့ ဖွင့်လှစ်ခဲ့ တာကို ထောက်ရင်
တပ်ဖွဲ့ များ နေရာချထားမှု အစီအစဉ်ဟာ အတော်ကို ကြီးမားကျယ်ပြန့် တယ်လို့  ခန့် မှန်း သုံးသပ်နိုင်မှာ ဖြစ်ပါတယ်..။ ၁၉၈၈ ခုနှစ် မတိုင်ခင်က တပ်မတော် ရဲ့  အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ ၂၀၀၀ ပြည့်နှစ် အရောက်မှာ သူ့ ထက် အစွန်အဖျားကျတဲ့  တပ်ရင်းပေါင်း ၅၀၀ လောက်
အသစ် တည်ဆောက်ထားတဲ့  အောက်မှာ ပျောက်ကွယ်လို့ နေ နေ ပါတယ်..။ပြောရရင်တော့
ဘယ် အစိုးရ အဆက်ဆက်ကမှ ခြေမချနိုင်ခဲ့တဲ့  နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ
တပ်မတော် ရဲ့  အခိုင်အမာ တပ်ရင်းတွေ ရာနဲ့ ချီပြီး တည်ဆောက် တပ်စွဲ နေရာယူနှင့်ပြီး ဖြစ်နေပါပြီ...
၂၀၀၀ ပြည့်နှစ် ၀န်းကျင်က စခဲ့တဲ့ ဒီတပ်ရင်းတွေဟာ ၂၀၁၄ ခုနှစ်  ၁၄ နှစ်ကြာပြီးချိန်မှာ
အဲဒီဒေသတွေမှာ အသားကျနေတဲ့  တပ်ရင်းအဟောင်းတွေ ဖြစ်နေပြီလဲ ဖြစ်ပါတယ်...။ 

MiG-29 တိုက်လေယာဉ်များ
ဒီလောက်ဆိုရင်တော့ ၁၉၈၈ ခုနှစ်က တပ်မတော် နဲ့  ၂၀၁၀ ခုနှစ် နောက်ပိုင်း တပ်မတော်ကို
နိုင်းယှဉ်လို့ ရနိုင်ပြီ ဖြစ်ပြီး ၂၂ နှစ်တာ ကာလ အတွင်း တပ်မတော် ကို တကယ် တည်ဆောက်ခဲ့သလားဆိုတဲ့  အဖြေကို ကျွန်တော် ဖြေပြီး ဖြစ်မယ်လို့ ထင်ပါတယ်...။

ဒီနေရာမှာ တစ်ခု မေးစရာရှိတာက ဒါဆိုရင် တပ်မတော် က စစ်သည်တွေ ရဲ့ ချပ်ဝတ်တန်ဆာ ရိက္ခာ
စစ်အသုံးအဆောင်တွေရဲ့ အရည်အသွေးကို ဘာလို့ မမြှင့်တင်ရသလဲဆိုတဲ့ မေးခွန်းတစ်ခုပေါ်လာပါတယ်။
ဒီနေရာမှာ ရှင်းပြစရာ အချက် ၂ ခု ရှိပါတယ် ပထမ တစ်ခုက ဘယ်အရာကို အရင် ဦးစားပေးလုပ်မလဲ ဆိုတာပါ..။ ကျွန်တော် အပေါ်မှာ တင်ပြခဲ့တဲ့  စစ်လက်နက် ပစ္စည်း ၀ယ်ယူဖြည့်တင်း မှုတွေ
စစ်အင်အားတိုးချဲ့ မှုတွေဟာ အရပ်သား အစိုးရ တစ်ခုရဲ့ လက်ထက်မှာ လုံးဝ ခွင့်ပြုနိုင်ဖွယ် မရှိပါဘူး။ ရတဲ့ အချိန်လေး အတွင်း အမြန်ဆုံးဦးစားပေး အကောင်အထည်ဖော် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်..။ တပ် အသစ်တွေ တည်တာလဲ ထိုနည်း လည်းကောင်းပါပဲ ဒီိနေရာမှာ တပ်တည်ထား လူ ၂၀၀ လောက် ပို့ ထား
နောက် ၁၀ နှစ် ဆို အခြေကျသွားလိမ့်မယ် လိုတဲ့  လူအင်အား စစ်ဝတ်တန်ဆာ ရိက္ခာ နောက်ပိုင်း ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်လို့ ရတယ်။ အရပ်သား အစိုးရ လက်ထက်
ဒါတွေ လုပ်လို့ မရနိုင်တော့ဘူး အရေးကြီးတာ အရင်လုပ် ဒီ သဘော ဖြစ်ပါတယ်..။ 
 တပ်မတော်ထုတ် စစ်အသုံးအဆောင်များ
နာက်တစ်ချက် ကတော့  လက်ရှိ တပ်မတော် မှာ စစ်သည် ငါးသိန်း ဆိုပါစို့  ရိက္ခာ တစ်ယူနစ်  (ရဲဘော်တစ်ယောက် တစ်ရက်စာ ) ဟာ ငွေ ၅၀၀ ကျတယ် ဆိုပါစို့  တပ်မတော် ရဲ့ တစ်ရက် ကုန်ကျစားရိတ်ဟာ ၅၀၀,၀၀၀ ယူနစ် × ၅၀၀ ကျပ် = ၂၅၀,၀၀၀,၀၀၀ ကျပ် ( သိန်း ၂၅၀၀ ကျပ် )
 ဖြစ်ပါတယ်…။ ရိက္ခာ အရည်အသွေးကို တစ်ရက်ကို ၁၀၀၀ ကျပ် အထိ အဆင့်မြှင့်တင် ပေးရင်
တစ်ရက်ကို သိန်း ၅၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်..။ စစ်ဝတ်တွေလဲ ထိုနည်းလည်းကောင်းပါပဲ
တောစီး စစ်ဖိနပ် တစ်ရံ ရဲ့ သက်တမ်းဟာ ၁၂ လ သတ်မှတ်ထားပါတယ် ၁၂ လပြည့်တိုင်း အသစ် ထပ်မံထုတ်ယူဖို့  လုပ်ရပါတယ်။ တောစီးဖိနပ်တစ်ရံ ရဲ့ တန်ဖိုးဟာ ၃၀၀၀ ကျပ်ရှိတယ် ဆိုကြပါစို့ .။
ဒီဖိနပ်ကို အဆင့်မြှင့်တင်လိုက်လို့  ၅၀၀၀ ကျပ် ကျသင့်လျှင် အင်အား ၅၀၀၀၀၀ × ၅၀၀၀ 
ကျပ် = ၂,၅၀၀,၀၀၀,၀၀၀ကျပ် ( သိန်း ၂၅၀၀၀ ကျပ် ) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်နှစ်ပြည့်တိုင်း
တပ်မတော် တစ်ခုလုံးအတွက် တောစီး ဖိနပ် ဖိုး သိန်း၂၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်..။ ကျန်တဲ့  စစ်ဝတ် ပစ္စည်း ၂၂ မျိုးလုံးလဲ သူ့ သက်တမ်း အတိုင်း လဲလှယ်ကုန်ကျသွားမှာ ဖြစ်ပါတယ်။ အဆင့်မြှင့်ပေးပြီးမှတော့ ပြန်လျော့လို့ မရပါဘူး.. တပ်မတော်ကြီး တည်ရှိ နေသရွေ့  တောက်လျှောက် ကုန်ကျနေမှာ ဖြစ်ပါတယ်...။

ဒီပစ္စည်းတွေဟာ နိုင်ငံခြား နည်းပညာ မလို ပြည်ပ ပိတ်ဆို့ မှု ဂရုစိုက်စရာ မလို ဘတ်ဂျက် အင်အားတောင့်တာ နဲ့  ချက်ချင်းထုတ်ပေးလို့ ရတဲ့  ပစ္စည်းတွေ ဖြစ်ပါတယ်..။ ဒါကြောင့် အရင် စစ်အစိုးရ လက်ထက်မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုတွေနဲ့  စစ်အင်အား တိုးချဲ့ ခြင်းကို ဖိဖိစီးစီး ဦးစားပေးလုပ်ခဲ့ပြီး
စစ်သည်တွေ ရဲ့ ချပ်ဝတ် တန်ဆာပလာ ရိက္ခာတွေကို ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို့ 
ယူဆရကြောင်းပါ ခင်ဗျား …။  

နောက်ဆက်တွဲ ။ ။ ၂၀၁၂ ခုနှစ်မှာ တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး အအေးပိုင်းဒေသ တပ်များအတွက် အရည်အသွေးမြင့် စစ်ဂျာကင်တွေ
စတင် ပြောင်းလဲ ထုတ်ပေးခဲ့ပါတယ်..။ ရိက္ခာယူနစ် မှာလဲ တီးမစ်များ ၊ ဘီယာဘူးများ အာမီရမ် ပုံစံသစ်များ စတင် ပါရှိလာခဲ့ပါတယ်..။ ၂၀၁၅ မတိုင်မီ တပ်မတော် တစ်ခုလုံး ကျည်ကာ နဲ့  ဟဲလမက်များ
လူစေ့ တပ်ဆင်သွားမည်ဟု သိရကာ လက်ရှိ ထုတ်ပေးထားသော ကျည်ကာအင်္ကျီတစ်ထည်၏ တန်ဖိုးမှာ
၂ သိန်းကျပ် တိတိ ဖြစ်ကြောင်း သိရှိရပါတယ်....။ သတင်းကောင်း တစ်ခုကတော့ ပုံစံသစ် Equiment များ
မကြာခင် စတင်ထုတ်လုပ် လဲလှယ် တပ်ဆင်တော့မည်ဟု သိရှိရကြောင်းပါ ခင်ဗျား ..... ။

( သတင်း အချက်အလက်များအား စင်ကာင်္ပူ နိုင်ငံ INSTITUTE OF SOUTHEAST ASIAN STUDIES မှ
ပုံနှိပ်ထုတ်ဝေသည့် Building the Tatmadaw Myanmar Armed forces Since 1948 By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့် ပြည်ပ ကာကွယ်ရေး websites များမှ ရယူပါသည် ....)

Thursday, June 12, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၁

(ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။) 

၂၂ နှစ်တာ ကာလအတွင်း တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…


 ဒီမေးခွန်းမှာ ပထမဆုံးစပြီးရှင်းပြရမယ့် အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော်ရဲ့ အခြေအနေနဲ့ 
၂၀၁၀ နောက်ပိုင်း တပ်မတော်ရဲ့ အခြေအနေပဲ ဖြစ်ပါတယ်…

၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော် ရဲ့ အင်အားဟာ တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့  တပ်ဖွဲ့ ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက်၊
ရတပ်မှာ ၈,၀၆၅ ယောက် နဲ့  လေတပ်မှာ ၆, ၅၈၇ ယောက် တို့ ဖြစ်ပါတယ်..။တပ်ဆင်ထားတဲ့ လက်နက်၊ စစ်ယာဉ်တွေဟာလဲ ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့  လက်နက်အမျိုးအစား အများစု နဲ့  ၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ လက်နက်အမျိုးအစား တစ်ချို့ သာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး စနစ် နဲ့ ထောက်ပံ့ ပို့ ဆောင်မှု စနစ်တွေဟာ အရွယ်အစားသေးငယ်တဲ့  စစ်ဆင်ရေး မျိုးတွေကိုသာ

 ထောက်ပံ့ နိုင်စွမ်းရှိပြီး ရေတပ်ဟာ မြစ်တွင်း နဲ့ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ်...။ လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့ များကို သာ အထောက်အပံ့ ပေးနိုင်စွမ်းရှိပြီး အင်အားနည်းပါးလွန်းလှပါတယ်...။

ဒါပေမယ့် ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့ ခေတ်သစ် တပ်မတော် တစ်ခုရဲ့  အနာဂတ်ဟာ စတင် ပုံလောင်း သွန်းဆစ်လို့  ခံရပြီ ဖြစ်ပါတယ်..။ တပ်မတော် အနေနဲ့  ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကတော့ ကာကွယ်ရေး သိပံ္ပ နဲ့  နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ်..။


တပ်မတော်ထုတ် လက်နက်ငယ်များ
၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့ က တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ တပ်မတော်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိုင်ဖို့ အတွက် ၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့ ခြေလျှင်တပ်သုံး လက်နက်မျိုးစုံတို့ ကို အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ်..။
လက်နက်ပုံစံ အသစ်တွေဟာ ၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာတော့ တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို စတင် လှဲလှယ်တပ်ဆင် ပါတော့တယ်..။ အဲဒီ လက်နက်တွေကတော့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ 
MA series မောင်းပြန်ရိုင်ဖယ်များ၊ စက်သေနတ်များ ၊ မော်တာများ ၊လောင်ချာများ ၊ မိုင်းများ အစရှိတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်...။


တပ်မတော်ထုတ် ပုခုံးထမ်းလောင်ချာ
 
တင့်နှင့် သံချပ်ကာတပ်ဆိုင်ရာ
အလားတူ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တပ်မတော် ရဲ့  သံချပ်ကာတပ်ဖွဲ့ တွေဟာ ခေတ်မီတိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ်။ ပြည်ပ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ့ အဆိုအရ ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ မြန်မာ့တပ်မတော် ဟာ-

T-72S ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး …. ( ယူကရိန်း ၊ ရုရှား )
Type-59D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး + …. ( တရုတ် )
Type-69 II ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး + … ( တရုတ် )
Type-80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
Type-85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
T-55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ )
Type-63 အပေါ့စား တင့် ၁၅၀ စီး + ….. ( တရုတ် )
BTR-3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး + ….
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် )



T-72S ပင်မတိုက်ပွဲဝင်တင့်ကား

 Type-63 အပေါ့စားတင့်ကား


Type-85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅၀ စီး …. ( တရုတ် )
Type-90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး …. ( တရုတ် )
EE-9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး … ( ဘရာဇီး )
AML-90 Armoured Cars ( ×× ) စီး … ( တောင်အာဖရိက )
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) ...
တို့ ကို လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ်...။


အမြောက်နှင့် ဒုံးတပ်ဖွဲ့ဆိုင်ရာ
ဒါပေမယ့် အကြီးမားဆုံး ပြောင်းလဲသွားတာကတော့ အမြောက်တပ်ဖွဲ့  ပဲဖြစ်ပါတယ်။ အမြောက်တပ်ဖွဲ့ ဟာ
၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး ၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င် MLRS အတွဲလိုက် ဒုံးပစ် စနစ်များ၊ ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ်..။ အဲဒီထဲမှာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့  မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ်...။


၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီး
 
၁၂၂မမ အတွဲလိုက် ဒုံးပစ်ယာဉ်

အမြောက်တပ်ဖွဲ့  ရဲ့ အောက်မှာ ဒုံးတပ်ရင်းများ စတင်ဖွဲ့ စည်းလာပြီး ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ ရဲ့ အဆိုအရ ယိုးဒယား-မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး ၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သတင်းဌာန ရဲ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ 
တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန် ဒုံးပျံ နည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ်..။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့  တာတိုပစ် ဒုံးပျံ
M11 ( DF 11 A ) နဲ့  M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ့ ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိုင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်..။ ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး လွယ်ကူစွာ ရွှေ့ ပြောင်း သယ်ယူနိုင်တာမို့  အချိန်တို အတွင်း တစ်နိုင်ငံလုံးမှာ
တပ်ဖြန့်  နေရာချထားနိုင်တယ်လို့  ဆိုပါတယ်...။



လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ
၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ဆိုလို့  မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ်။ ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်၊ ၃.၇ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ ၂၀ မမ M 38 လေယာဉ်ပစ်အမြောက်
အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်..။
လက်ရှိအချိန်မှာ ပြန်ပြောရင်တော့ မြန်မာ့ တပ်မတော်ရဲ့ ၁၉၈၈ ခုနှစ်က လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေးဟာ စစ်သမိုင်း ပြတိုက်ကို ရောက်ရှိနေခဲ့ပါပြီ..။


တပ်မတော်ထုတ် ပုခုံးထမ်း ဒုံးပစ်လောင်ချာများ
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့ ဖွဲ့ စည်းထားပြီး ဖြစ်နေပါပြီ..။ တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လက်နက်ဟာ စကာင်္ပူနိုင်ငံမှ တစ်ဆင့်  ၀ယ်ယူခဲ့တဲ့  ယူကေ နိုင်ငံထုတ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ်။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့ တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ်..။ ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ်..။


Tunguska SPAAG (Self-Propelled Anit-Aircraft Gun)
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ အများအပြား ၀ယ်ယူခဲ့ပါတယ်..။ 

ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့  အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့ ရုရှား နဲ့  အရှေ့ ဥရောပ နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ်..။ ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့  Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့  လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ်...။
တစ်ခါ ၂၀၀၀ ခုနှစ်အတွင်းမှာပဲ ယူကရိန်း နိုင်ငံက 36D6 လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး တစ်ချို့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မြန်မာနိုင်ငံမှာ ရုရှားလုပ် P37 နဲ့ 
1L – 117 ရေဒါ အမျိုးအစားတွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်..။



Pechora 2M တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးဒုံးတင်ယာဉ်

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာတော့ တပ်မတော် ဟာ
ရုရှား ရဲ့ လက်ရှိ အသုံးပြုနေတဲ့  SA – 15 ( Tor M1 ) နဲ့ SA – 17 ( BUK M1 – 2 ) လို လက်နက်မျိုးတွေ စတင်ရရှိလာပါတယ်...။ ဒီလက်နက်တွေဟာ ခေတ်မီတာဝေးပစ် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို
၄၅ ကီလိုမီတာ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 
SA 2 ,SA-5,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 နှင့် Pechora 2M လို လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ်..။ ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့  ၁.၁၀.၁၉၆၆ ကနေ 

၃၁ ၃.၁၉၆၉ အတွင်း မြန်မာ့ လေပိုင်နက်ထဲကို အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  သမိုင်းကို ပြည်ဖုံးကား ချလိုက်တာလဲ ဖြစ်ပါတယ်...။


ရေတပ်ဆိုင်ရာ

 ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင်တဲ့ 
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ..။ ၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့ ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်တဲ့  PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ် ( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ်...။

ဒုတိယထပ် ရောက်လာတာကတော့ ၅၉ မီတာအရှည် Hainan အမျိုးအစား Type 037

 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ပါ။ ၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး ( UMS 441 – UMS 450 ) တို့ ကိုလက်ခံ ရရှိခဲ့ပါတယ်....။ ၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ 
၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး ( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့  တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး တပ်မတော်ရေ ရဲ့ ပထမဆုံး YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့  စစ်သင်္ဘောတွေ ဖြစ်လာပါတယ်...။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်

ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်
 ၁၉၉၅ ခုနှစ်မှာတော့ တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ
တရုတ် နည်းပညာ အထောက်အပံ့ တွေကို အမြောက်အများ ရရှိလို့ နေခဲ့ပါပြီ...။ အဲဒီ ၁၉၉၀ ကနေ
၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့ တပ်မတော်ရေတပ် သင်္ဘောကျင်းဟာ ၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး ( UMS 551 – UMS 556 ) ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၂၇ ပေ အရှည်ရှိတဲ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး ( ငမန်း ၁ - ငမန်း ၁၄ ) နဲ့  အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်...။


တပ်မတော်ထုတ် ၅စီးရီး ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်

 ရေတပ်သင်္ဘောကျင်း ရဲ့  အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ ၂၀၀၀ ပြည့်နှစ်မှာ
အင်ပြည့်အားပြည့် စတင်ပါတယ်...။ ၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ် ( UMS 771 – UMS 772 ) နှစ်စီးကို တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ်..။


 ကော်ဗတ်အဆင့်မှ အပေါ့စား ဖရီဂိတ်သို့ အဆင့်မြှင့်တင်ထားသည့် စစ်ရေယာဉ်
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ကမ်းတက်ရေယာဉ်များ
မိုင်းရှင်း ရေယာဉ်များနဲ့  သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့  ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်...။

အေပိုင်း-၂ ဆက်ရန်

Friday, June 6, 2014

ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (ဒုံးစနစ်)

မြန်မာနိုင်ငံဟာ ကျယ်ပြောလှတဲ့ ကမ်းရိုးတန်းအားပိုင်ဆိုင်ထားပြီး မကြာခဏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ ခိုးဝင်မှုများလည်း ကြုံတွေ့နေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ်းရိုးတန်းလုံခြုံရေးအတွက် ဦးစားပေးလုပ်ကိုင်နေကြပြီဖြစ်ပြီး ကမ်းနီးရေတိမ်ပိုင်းအတွက် ရေတပ်မှ ရေယာဉ်ငယ်များနှင့် ကမ်းလွန်လုပ်ကွက်များအတွက် စွမ်းရည်မြှင့် ရေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွှက်နေကြပြီဖြစ်ပါတယ်။ သို့သော် စစ်ရေယာဉ်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွှက်ဖို့ ရေယာဉ်များအနေဖြင့် မိခင်ရေတပ်စခန်းများသို့ ပြန်ကာ ထိုမှတဆင့် လွန်းတင်ခြင်း၊ ရိက္ခာဖြည့်ရခြင်းစသည်ဖြင့် ဆောက်ရွှက်ကြရပါတယ်...။
ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့များကို ၁၄ရာစုအစောပိုင်းကာလမှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပြီး ပထမဆုံးဖွဲ့စည်းခဲ့တာကတော့ တရုပ်နိုင်ငံမှာပဲဖြစ်ပါတယ်။ နိုင်ငံတကာနည်းတူ ဒေသတွင်းနိုင်ငံအချို့မှာတော့ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းထားကြပြီး ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (အမြောက် နှင့် ဒုံး)များ တည်ဆောက်ထားကြပါတယ်။ မြန်မာပြည်ရဲ့ ကမ်းရိုးတန်းဒေသအချိ့မှာလည်း အမြောက်နဲ့ဒုံးလက်နက်တပ်ဆင်ထားသည့် တပ်ဖွဲ့များ ၂၀၀၀ခုနှစ်မတိုင်မှီများကတည်းက ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျွှန်တော်လေ့လာမိတဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ကမ်ရိုးတန်းလုံခြုံရေး ဒုံးလက်နက်များအဖြစ် 4K51 Rubezh, 4K44B REDUT-M နှင့် K-300P Bastion-P စသည် သဘောင်္ဖျက်ဒုံးများကို အသုံးပြုပါတယ်။ အဆိုပါဒုံးလက်နက်စနစ်များအားလုံးကို ရုရှားနိုင်ငံမှ ဝယ်ယူထားတာဖြစ်ပြီး ဗျုဟာမြောက် ခရုစ်မစ်ဆိုင်းကြီးတွေပဲဖြစ်ပါတယ်။

ဗီယက်နမ်တပ်ဖွဲ့သုံး ဒုံးစနစ်အချို့
4k44B Redut-M

P-35 ဒုံးလက်နက်တပ်ဆင်ထားတဲ့ 4k44B Redut-M ကမ်းရိုးတန်းကာကွယ်ရေးဒုံးစနစ်ဟာ ရွှေ့ပြောင်းနိုင်တဲ့ယာဉ်တင်စနစ်ဖြစ်ပြီး ဒုံးရဲ့ထိရောက်မှုအကွာအဝေးကတော့ ကီလိုမီတာ၃၀၀အထိရှိပါတယ်။ အဆိုပါစနစ်ဖြင့် ပစ်မှတ်၎ခုကို ရှာဖွေပစ်ခတ်နိုင်ပြီး ကောင်းမွန်တဲ့ ဒုံးစနစ်တစ်ခုဖြစ်ပါတယ်...။

 4K51 Rubezh
4K51 Rubezh စနစ်ကတော့ ဆိုဗီယက်ခေတ်မှာ ကျော်ကြားခဲ့တဲ့ P-15 သင်္ဘောဖျက်ဒုံးဖြစ်ပြီး တရုပ်အပါအဝင် နိုင်ငံအချို့မှာ ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်။ အီရန်တပ်မတော်ကလည်း အခုထိအသုံးပြုတုန်းပါ။ 


K-300P Bastion-P ဒုံးစနစ်ဟာ ဗီယက်နမ်တပ်ဖွဲ့ရဲ့ ခေတ်အမှီဆုံး ကမ်းရိုးတန်းလုံခြုံရေးဒုံးစနစ်လို့ ဆိုရမှာပါ အသံထက် ၂.၅ဆ မြန်တဲ့ အလျှင်နဲ့ပစ်ခတ်လိုက်တဲ့ ဒုံးဟာ မည်သည့်ပစ်မှတ်ကိုမဆို ပစ်ခတ်ချေမှုန်းနိုင်တယ်လို့ ဆိုကြပါတယ်။ လက်ရှိမှာတော့ ရုရှား၊ဆီးရီးယားနှင့် ဗီယက်နမ်တပ်မတော်တို့သာ ပိုင်ဆိုင်ထားကြပါသေးတယ်။
ဆီရီးယားပိုင် ဒုံးစနစ်

မြန်မာနိုင်ငံလိုပဲ ကမ်းရိုးတန်းရှည်လျားတဲ့နိုင်ငံတွေရဲ့ ကာကွယ်ရေးစနစ်ကိုကြည့်ရင် Coastal Defense ပိုင်းကို သိသိသာသာမြှင့်တင်ထားတာ တွေ့ရမှာဖြစ်ပြီးတော့ အလျှင်မြန်ရွှေ့ပြောင်းနိုင်တဲ့စနစ်အပါအဝင် မြောက်ကိုရီးယားကဲ့သို့ ဂူဖေါက်ပြီး အမြောက်ထည့်သွင်း တည်ဆောက်ထားတဲ့ တပ်ဖွဲ့တွေကို ဖွဲ့စည်းထားကြပါတယ်။ မြောက်ကိုးရီးယားရဲ့ ကမ်းရိုးတန်းလုံခြုံရေးတပ်မှာဆိုရင် အမြောက်လက်နက်များအပါဝင် ၁၀၇မမအတွဲလိုက်ပစ်ဒုံး၊ ၁၂၂မမအတွဲလိုက်ပစ်ဒုံးစသည်ဖြင့် ဖွဲ့စည်းထားပါတယ်။

C-602 တာဝေးပစ် သင်္ဘောဖျက်ဒုံး

မြန်မာ့ကမ်းရိုးတန်းလုံခြုံရေးအတွက်ကိုတော့ ယခင်က C-801 သင်္ဘောဖျက်ဒုံးများ တပ်ဖြန့်ချထားခဲ့ပြီး အမြောက်လက်နက်များအပါအဝင် ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများပါတပ်ဆင်ထားပါတယ်။ ယခုနောက်ပိုင်းကာလများမှတော့ ပိုမိုခေတ်မီတဲ့ တာဝေးပစ် သင်္ဘောဖျက်ဒုံးလက်နက်ကြီးတွေ တပ်ဆင်ထားပြီဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ နိုင်ငံတကာ ကာကွယ်ရေးသတင်းဌါနများမှာတော့ တရုပ်ရဲ့ ဗျုဟာမြောက် C-602 ဒုံးလက်နက်များ တပ်မတော်မှပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ကြဘူးပါတယ်..။ ဟုတ်မဟုတ်ဆိုတာတော့ အတိကျပြောလို့မရသေးပါဘူး။ အမှန်တကယ်ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင်လည်း ဒါဟာဝမ်းသာစရာသတင်းလို့ ဆိုရနိုင်ပါတယ်။ C-602 တာဝေးပစ် သင်္ဘောဖျက်ဒုံးစနစ်ဟာ တန်ချိန် ၁.၂၄တန်ရှိပြီး ၃၀၀ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဒုံးထိပ်ဖူးကို သယ်ဆောင်နိုင်ပါတယ်။ ထိရောက်မှုအကွာအဝေးကို ၄၀၀ကီလိုမီတာလို့ ဖော်ပြထားပင်မယ့် ပြည်ပတင်ပို့တဲ့စနစ်တွေကိုတော့ ၂၈၀ကီလိုမီတာအထိ လျှော့ချထားတာတွေ့ရပါတယ်...။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံကဲ့သို့ ကမ်းရိုးတန်းရှည်းလျားလှတဲ့နိုင်ငံတစ်နိုင်ငံအဖို့ ပင်လယ်ပြင်ထွက်ပေါက်တစ်ခုတည်းသာရှိတဲ့ အိမ်နီးချင်းမပီသတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ကပ်လျှက်ရှိနေရခြင်းဟာလည်း ရေတပ်သာမက ကမ်းရိုးတန်းလုံခြုံရေးကို အထူးအလေးထား စေခဲ့တာဖြစ်ပါတယ်။ မိမိတို့ရေတပ်အားနည်းချိန်က ၎င်းတို့ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ရေတပ်ကို အသုံးပြုပြီး မိမိရေပိုင်နက်ကို ကျုးကျော်ရန်စခဲ့ခြင်း၊ မကြာခန ခိုးဝင်သူများ အများအပြားရှိခြင်းစတဲ့ အဆိုပါနိုင်ငံငယ် အပါအဝင် မည်သို့သော ကျူးကျော်ရန်စမှုမျိုးကို မဆိုရင်ဆိုင်ရန် အမြဲအသင့်ရှိနေရမှာ ဖြစ်ပြီး လေ့ကျင့်သားပြည့်ဝတဲ့ တပ်မတော်ကြီးတစ်ရပ်တည်ဆောက်ထားရမှပဲ ဖြစ်ပါတယ်...။
အားလုံးကို လေးစားလျှက်-
ကိုMM