Tuesday, November 11, 2014

မြန်မာ့တပ်မတော်၏ တိုးတက်ပြောင်းလဲမှုများနှင့် 2014 - မျှော်လင့်ချက်များနှင့် 2015

၂၀၁၄ ခုနှစ်အတွင်း မြန်မာ့တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးအတွက် ပြင်ဆင်လေ့ကျင့်မှု၊ အင်အားဖြည့်ဆည်းမှု ခြေလှမ်းများသည် မြန်မာ့တပ်မတော်ကို စိတ်ပါဝင်စားစွာလေ့လာစောင့်ကြည့်နေကြသူများအဖို့
အရေးပါသော တိုးတက်မှုခြေလှမ်းသစ်များကို အများအပြား မြင်ရသော နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။

ယခုနှစ်အတွင်း တရားဝင်ထုတ်ပြန်သော စစ်ရေးလေ့ကျင့်မှုများအဖြစ် မိတ္တီလာ၊ မုန်တိုင်ဒေသတွင် လေ့ကျင့်ခဲ့သော အောင်ဇေယျ ခြေလျင်၊ တင့်၊ အမြောက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း၊
မြန်မြာ့ပင်လယ်ပြင်တွင် ပြုလုပ်လေ့ကျင့်ခဲ့သော Sea Shield 2014 ရေပြင်တိုက်စစ် လေ့ကျင့်ခန်းတို့သည် ကြီးမားသလောက် လေ့လာသူတို့ အံ့အားသင့်ဖွယ် အသွင်သဏ္ဍာန်တို့ဖြင့် ပြည်သူများ၏ရှေ့မှောက်သို့
တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စစ်ရေးလေ့ကျင့်နေမှုများအဖြစ် ပေါ်ထွက်ခဲ့ကြပါသည်။

ပူးပေါင်းစစ်ဆင်ရေးဝင် ခြေလျင်တပ်အင်အား
နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းထွက်မည့် တပ်ရင်းတစ်ရင်း စစ်ထွက်တန်းစီနေစဉ်  

ကြီးမားစနစ်ကျသော တပ်မအဆင့်ခြေလျင်တပ်များနှင့် တင့်-သံချပ်ကာတပ်များ၊ လေတပ်စခန်းဌာနချုပ် (၆)ခု၊
တပ်ရင်းအဆင့် အမြောက်၊ လေကာ၊ လက်ရုံးတပ်များ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများပြုလုပ်နိုင်ပုံ၊
စွမ်းရည်ထက်မြက်မြင့်မားသော မိမိနိုင်ငံထုတ် စစ်ဝတ်ပစ္စည်း လက်နက်ကိရိယာများ သုံးစွဲ၍ ကမ္ဘာ့အဆင့်မီ လေ့ကျင့်နိုင်မှုများသည် . . . လေ့လာသူများမျှော်လင့်ထားသည်ထက် ကြီးမားကျယ်ပြန့်သည့်အပြင်
လေ့ကျင့်ခန်းကြီးတစ်ရပ်လုံး၏ စည်းစနစ်ကျနမှု-ထိရောက်မှုတို့ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပါသည်။

နည်းပညာသုံး တိုက်ပွဲပစ်ကူပေးမှုများအား တွေ့ရစဉ်


(၇၂) နာရီတည်းဟူသော အချိန်ကာလအတွင်း ပြည်ပကျူးကျော်သူ ရန်သူစခန်းဌာနချုပ်(၄)ခုကို အပြီးတိုင်ခြေမှုန်းသိမ်းပိုက်နိုင်ရန်
ရည်ရွယ်လေ့ကျင့်သော လေ့ကျင့်မှုများသည် မြန်မာနိုင်ငံအတွက် အမျိုးမျိုးသော အကြောင်းတရားတို့မှသည် ဦးတည်ရန်သူအဖြစ် ပေါ်ထွက်လာနိုင်သော ပတ်ဝန်းကျင်နိုင်ငံများအတွက် တပ်လှန့်သတိပေးသံကဲ့သို့ ဖြစ်မည်မှာ
မငြင်းနိုင်လောက်အောင် သေချာသော အချက်ဖြစ်ပါသည်။
တပ်မအဆင့် (တစ်ဖက်တပ်ပါ) တိုက်စစ်လေ့ကျင့်ခန်း ပြုလုပ်နေစဉ်

အဆိုပါ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများအပြင် တပ်မအလိုက် ချီစစ်၊ တိုက်စစ်စွမ်းရည်များကို စနစ်တကျ ထက်မြက်မြင့်မားစေရန်လည်း တပ်မအဆင့် (တစ်ဖက်တပ်ပါ) တိုက်စစ်လေ့ကျင့်ခန်း ပြုလုပ်လေ့ကျင့်နေမှုများကို
မြ၀တီ မီဒီယာများမှ ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်သော ပုံများအရ လေ့ကျင့်နေသော တပ်မမှာ ပြန်လည်စုဖွဲ့လေ့ကျင့်လျှက်ရှိသော တပ်မြန်တပ်မ(၃၃)ဖြစ်ပြီး အခြားတပ်မများသည်လည်း
တပ်မအလိုက်လေ့ကျင့်မှုများကို အခါအားလျော်စွာ လေ့ကျင့်လျှက် ရှိမည်ဟု ယုံကြည်ရသည်။ အဆိုပါလေ့ကျင့်နေမှုပုံရိပ်များသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အမှန်တစ်ကယ် ကြိုးစားလေ့ကျင့်နေကြသော
မြန်မာ့တပ်မတော်၏ - - -တိုက်ပွဲဝင် အမြဲအဆင်သင့် - - - ဆိုသည့် စကားရပ်ကို ပိုမိုလေးနက်စေလျှက် ရှိသည်သာမက . . .
ယခုနှစ်များမှ စတင်၍ ဒေသတွင်းနိုင်ငံများ၏ လေးစားခန့်ညားမှုကို ခံယူနိုင်ရန် လုံလောက်ခိုင်မာသော အချက်များအဖြစ် ရှုမြင်နိုင်ပါသည်။

ပူးပေါင်းစစ်ဆင်ရေးအပြီး Sea Shield 2014 ပင်လယ်ပြင်လေ့ကျင့်မှုကို ထပ်မံလေ့ကျင့်မှုသည် ဒေသတွင်း နိုင်ငံတစ်ခု၏ မြန်မာ့ရေပိုင်နက်အနီး စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်သော Sea Defense & Power Building Activity တစ်ခုအဖြစ် မရှေးမနှောင်းပင်
ပေါ်ထွက်ခဲ့ပါသည်။

Sea Shield 2014  
၎င်းလေ့ကျင့်မှုကို လေ့လာကြည့်လျှင် မြန်မာ့တပ်မတော်ရေ သမိုင်းတစ်လျှောက် အဆင့်အမြင့်ဆုံး နည်းပညာများသုံးစွဲလေ့ကျင့်ခဲ့မှုတစ်ခုအဖြစ် သိရှိရမည်ဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် ကမ်းခြေခံစစ်မှသည်
ပင်လယ်ပြင်တိုက်စစ်သို့ ဦးတည်ဖွင့်လှစ်နိုင်သော စွမ်းရည်တစ်ရပ်၏ လိုက်ကာအဖွင့် အဖြစ်ယူဆနိုင်ဖွယ်ရာ အများအပြားကို ၎င်းလေ့ကျင့်မှုတွင် မြင်တွေ့ခဲ့ရသည်။ သင်္ဘောပစ်ဒုံးပျံများဖြင့် ရေပြင်ပစ်မှတ်သင်္ဘောတစ်စီးအား
အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်မှု၊ လေကြောင်း ကင်းထောက် ပျံသန်းမှုများ ပါဝင်နိုင်ဖွယ်ရှိမှု၊ ရေငုတ်သင်္ဘောစစ်ဆင်ရေးများ ပါဝင်မှု၊ လေကာဒုံးများ ပစ်ခတ်လေ့ကျင့်မှုစသည်ဖြင့် ယခင်က မတွေ့မြင်ခဲ့ရသော
စွမ်းရည်မြင့်ရေတပ်တစ်ခုသို့ ဦးတည်နေမှုများကို တွေ့မြင်ခဲ့ကြရပါသည်။
မိုးကုတ်စက်ဝိုင်းလွန် ပစ်မှတ်ဆီသို့ ရေယာဉ်ပစ်ဒုံးပျံ ပစ်ခတ်နေစဉ်

ဒုံးပျံတင် ကိုယ်ပျောက်နည်းပညာသုံး အမြန်တိုက်ရေယာဉ် 491ဒုံးပျံတင် ကိုယ်ပျောက်နည်းပညာသုံး အမြန်တိုက်ရေယာဉ် 491

စစ်ရေယာဉ်မျိုးစုံ အစီးနှစ်ဆယ် ပါဝင်လေ့ကျင့်ခဲ့သော အဆိုပါလေ့ကျင့်ခန်းသည် အဖိုးမဖြတ်နိုင်သော ရလာဒ်များကို ပေးစွမ်းနိုင်မည်သာ ဖြစ်ပြီး
ဒေသတွင်းနိုင်ငံများအား စစ်ရေးအရှိန်အ၀ါ သက်ရောက်မှု အတိုင်းအတာတစ်ခုအထိ သက်ရောက်စေမည်မှာ သေချာလျှက်ရှိပါသည်။

ရှိရင်းစွဲ စစ်ရေယာဉ်များအပြင် အားသစ်များဖြစ်သော 108 မီတာ( ပေ ၃၅၀ ကျော်) Stealth Frigate များဖြစ်ကြသည့်
F-12 (ကျန်စစ်သား)၊ F-14(ဆင်ဖြူရှင်) တို့ကို ယခုလများအတွင်း အစဉ်လိုက် တွေ့မြင်ခဲ့ကြရသည်လည်း တပ်မတော်ရေ၏ တိုးတက်မှု အရှိန်အဟုန်ကို ကောင်းစွာထင်ဟပ်စေလျှက်ရှိသည်ဟု ဆိုချင်ပါသည်။
အဆိုပါစစ်ရေယာဉ်များအနက် ၂၀၁၂ ခုနှစ် စက်တင်ဘာလကတည်းက ရေချထားပြီးဖြစ်သော F-12 (ကျန်စစ်သား) လက်နက်စနစ်များတပ်ဆင်စမ်းသပ်မှုများ အပြီးသပ်၍ ယခုနှစ် ဒီဇင်ဘာလအတွင်းကျရောက်သော
တပ်မတော်(ရေ) နှစ်ပါတ်လည်နေ့တွင် တပ်တော်ဝင်နိုင်ရန် နီးစပ်လျှက်ရှိသည်ဟုလည်း ကြားသိနေရပါသည်။ ၎င်းစစ်ရေယာဉ်သည် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အထောက်အကူပြု ရဟတ်ယာဉ်
တင်ဆောင်နိုင်မည့် အနေအထားဖြစ်ရာ မြန်မာ့တပ်မတော်(ရေ)၏ Naval Aviation အတွက် အဖိုးတန်သော ရှေ့ထွက်ခြေလှမ်းဦးဖြစ်သလို  3D အနက်မှ Above Surface စွမ်းရည်အတွက်လည်း အခွင့်အရေးကောင်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။
Stealth Frigate F-12 (ကျန်စစ်သား)

ရေယာဉ်တည်ဆောက်ခြင်းအတွေ့အကြုံများ ရင့်သန်လာခြင်းများနှင့် တိုးတက်ပြောင်းလဲလာသော နည်းပညာများကြောင့် ပြည်တွင်းထုတ်စစ်ရေယာဉ်များသည် တစ်စီးမှတစ်စီးသို့ ဒီဇိုင်းပုံစံ /လက်နက်စနစ်များ/ အာရုံခံစနစ်များ/
စက်ပိုင်းဆိုင်ရာစနစ်များ/ ရေယာဉ်ဆိုင်ရာစနစ်များ သိသိသာသာ တိုးတက်အဆင့်မြင့်လာကြောင်းကို (မြန်မာ့တပ်မတော်(ရေ) မြတ်နိုးသူများ တည်ထောင်ထားသည့် Myanmar Navy ပေ့ခ်ျမှ ၀ါရင့်လေ့လာသူများက သုံးသပ်ကြပါသည်။
အဆိုပါ ဖော်ပြသုံးသပ်ချက်များသည် မြန်မာ့တပ်မတော်အကြောင်းကို စိတ်ဝင်စားစွာ စောင့်မျှော်နေကြသူများအဖို့ ၀မ်းမြောက်ဖွယ်ရာ အပျော်များကို ဆောင်ကျဉ်းပေးခဲ့နိုင်သည်ဟု ဆိုရပါမည်။

အဆိုပါ သတင်းကောင်းများအပြင် နိုဝင်ဘာလ(၈)ရက်နေ့တွင် အောင်မြင်စွာရေချနိုင်ခဲ့သော 77မီတာ Stealth Light Frigate 771 (တစ်ပင်ရွှေထီး) ကို မြန်မာပြည်သူများသို့ တပ်မတော်မှ ပွင့်လင်းမြင်သာမှုရှိစွာ ထပ်မံထုတ်ဖော်ပြသခဲ့ပြန်ရာ
ယခုအခါ တပ်မတော်(ရေ)တွင် ပြည်တွင်းထုတ် Frigate / Light Frigate စစ်ရေယာဉ်(၆)စီးအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါသည်။


ယခုစစ်ရေယာဉ်-773 အပါအဝင် တည်ဆောက်၊ တပ်ဆင်၊ စမ်းသပ်ဆဲ Frigate / Light Frigate (၃)စီး ရှိကာ
မကြာသောအချိန်ကာလများတွင် တပ်တော်ဝင်လာနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာ့ပင်လယ်ပြင် နှင့် ဒေသအဝန်းအဝိုင်းနေရာအနှံ့အပြားတွင် မြန်မာနိုင်ငံတော်အလံ နှင့် တပ်မတော်(ရေ)အလံ လွှင့်ထူထားသော မြန်မာတို့ကိုယ်တိုင်တည်ဆောက်သည့်
မြန်မာ့ Frigate စစ်ရေယာဉ်များကို ယခုထက်ပိုမို တွေ့မြင်ရနိုင်ကြောင်းကို သုံးသပ်ဖေါ်ပြကြသည်ကို လေ့လာရပါသည်။

77မီတာ Stealth Light Frigate 773(တစ်ပင်ရွှေထီး)

တည်ဆောက်ပုံ နည်းပညာ မြင့်မားလာသော စစ်ရေယာဉ် 773
ရေချအပြီး တွေ့ရစဉ်             

လက်ရှိကာလတွင် တပ်မတော်သည် နိုင်ငံတကာ တပ်မတော်များနှင့်တန်းတူ တပ်မတော်၏ မူရင်းတာဝန်ဖြစ်သော နိုင်ငံတော် အချုပ်အခြာတည်မြဲရေးနှင့် နိုင်ငံ၏ မြေထု၊ ရေထု၊ လေထု တို့ကို ကာကွယ်နိုင်ရေးအတွက် ခေါင်းဆောင်ပိုင်းမှသည် အောက်ခြေစစ်သည်တိုင်းအထိ
ရှေးရှု ဖွဲ့စည်းလေ့ကျင့်လျှက် ရှိခြင်းကို ယနေ့ ( နိုဝင်ဘာ ၁၀ ရက်နေ့) တွင် ထပ်မံပြုလုပ်သော တပ်မတော် ဗဟိုအဆင့် စစ်ရေးစွမ်းရည် အထောက်အကူပြု ပြိုင်ပွဲတွင် Professional Skill များ တိုးတက်လာစေရေးအတွက် . . .
ခြေလျင်ခြေမြန် တပ်ရင်းများအတွက် ပြိုင်ပွဲအမျိုးအစား (၂၄)မျိုး၊ ခြေမြန်တပ်မအဆင့် ပြိုင်ပွဲ အမျိုးအစား(၄)မျိုး၊ လက်ရုံးတပ်ဖွဲ့များ အတွက် ပြိုင်ပွဲအမျိုးအစား(၆)မျိုးတို့ကို
ဆန်းစစ် ယှဉ်ပြိုင်စေခဲ့သည်ကလည်း တပ်မတော်တစ်ရပ်လုံးအတွက် မရှိမဖြစ်သည့် ပြိုင်ပွဲစဉ်တစ်ရပ်ကို အသက်သွင်း စတင်ခြင်းဟု ယူဆပါသည်။  ၎င်းပြိုင်ပွဲတွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့၏ စစ်မြေပြင် တံတားထိုးစွမ်းရည်များ၊
မြို့တွင်း အထူးမိုင်းရှင်းလင်းရေးအဖွဲ့ ဖွဲ့စည်းလေ့ကျင့်မှုများ၊ ဆက်သွယ်ရေးတပ်ဖွဲ့၏ Mobile Communication ယာဉ်များ၊ ခြေမြန်တပ်မအဆင့် စိန်ပြောင်းကြီးနှင့် အမြောက်စွမ်းရည်ပြသခြင်းများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ စစ်မြေပြင် စွမ်းရည်ပြသခြင်းများ နှင့်
အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့များနှင့် ယခင်က ထုတ်ပြန်ဖော်ပြဖူးခြင်း မရှိခဲ့သည့် လက်ဖြောင့်စစ်သည်များ၏ တိုက်ပွဲဝင်ပုံစသည်ဖြင့် ထောင့်စုံစွာ လေ့ကျင့်စွမ်းရည်ပြကြသည်ကို ၀မ်းမြောက်ဖွယ် တွေ့မြင်ရပြန်ပါသည်။
(အဆိုပါ လေ့ကျင့်ခန်းမှ မှတ်တမ်းပုံများကို သီးသန့် တင်ပေးပါမည်)

ယခုပွဲတွင် မိန့်ကြားခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမှာစကားများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် သင့်တင့်သော အချိန်ကာလတစ်ခုအတွင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်တော့မှာ ဖြစ်သည့်အတွက် . . .
တပ်မတော်အနေဖြင့် နိုင်ငံတကာအဆင့်မီ တပ်မတော်များကဲ့သို့ သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်စွမ်းရှိအောင် ကြိုတင်ပြင်ဆင် လေ့ကျင့်လျှက်ရှိကြောင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များ၊
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစသည့် ထောင့်ပေါင်းစုံအတွက် ဘက်စုံ ကြိုတင်ပြင်ဆင်မှုများ စတင်နေပြီဟု ယုံကြည်ရပါသည်။

အဆိုပါ ပြိုင်ပွဲနှင့် လေ့ကျင့်ခန်းများမှသည် တပ်မတော်တစ်ရပ်အတွက် အမာခ-ံအားသာချက်များဖြစ်သော စစ်စည်းကမ်း၊ တိုက်စွမ်းရည်၊ နည်းပညာဖွံ့ ဖြိုးမှုနှင့် နိုင်ငံသားတို့၏ ယုံကြည်လေးစားမှုတို့ ဖြစ်တည်လာနိုင်သည် ဖြစ်ရာ. . .
ယခုကဲ့သို့ လေ့ကျင့်ခန်းများ ပြိုင်ပွဲအခြေပြု တပ်တည်ဆောက်မှုများကိုစဉ်ဆက်မပြတ် လုပ်ဆောင် နေလိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။
လာမည့် ၂၀၁၅ နှစ်ဦးပိုင်းတွင်လည်း တပ်မတော်အနေဖြင့်  နိုင်ငံသားပြည်သူအပေါင်း၏ ယုံကြည်ကိုးစားဖွယ်ရာ . . . ဒေသတွင်း ပါတ်ဝန်းကျင်နှင့် နယ်နိမိတ်ထိစပ်နေသော နိုင်ငံများ၏ လေးစားခံ့ညားလောက်စရာ တပ်မတော်တစ်ရပ်ဖြစ်တည်ရေးအတွက်
ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်လေ့ကျင့်နိုင်လိမ့်မည်ဟု မျှော်လင့် ယုံကြည်မိပါသည်။

လေးစားစွာဖြင့်
( Admin )
Myanmar Defence Weapons

ကိုးကား -
- Myanmar Navy ပေ့ခ်ျမှ စစ်ရေးလေ့လာသူ မောင်ဝါဆို၏ ဆောင်းပါများ၊
- မြ၀တီ သတင်းဌာနမှ သတင်းထုတ်ပြန်ချက်များ
- အခြားသော Online Media များ
- မူရင်း ဓါတ်ပုံရှင်များအားလုံး