Showing posts with label တရုပ် တပ်မတော်. Show all posts
Showing posts with label တရုပ် တပ်မတော်. Show all posts

Wednesday, July 15, 2015

၁၀၇မမ ဒုံးပစ်လောင်ချာများ




၁၀၇မမ အတွဲလိုက်ပစ် လောင်ချာများကိုတွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်မှာတရုတ်ပြည်သူ့တပ်မတော် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် မျိုးဆက် အတွဲလိုက်ပစ် ၁၀၂မမ ဒုံးကျည်စနစ်ကိုခြေလျင်တပ်များမှာတွဲဖက်ပေးနိုင်ဖို့ တီထွှင်ကြံဆခဲ့ရကနေ ၁၀၇မမ ဒုံးကျည်စနစ်အဖြစ် သီးခြားပေါ်ထွက်ခဲ့တာပါ။ တရုတ်တို့ရဲ့ လက်နက်စနစ်ကိုအမှတ်အသားပြုပုံဟာစမ်းသပ်အောင်မြင်တဲ့ ခုနှစ်ကိုလိုက်ပြီးမှတ်သားတတ်တာမို့ ပုံစံ၆၃လို့ ခေါ်ဆိုတဲ့ ၁၀၇မမ ဒုံးကျည်များဟာ ၁၉၆၃ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မှတ်တမ်းများအရကတော့ ၁၉၆၀ ဝန်းကျင်မှာထုတ်လုပ်ခဲ့ပြီးစတင် မှတ်တမ်းပြု နိုင်ခဲ့တာကတော့ ၁၉၆၇ ခုနှစ်မှာ ဖြစ်ပါတယ်။ ခြေလျင် တပ်ရင်းတစ်ရင်းမှာ ၆လက်တပ်ဆင်ပေးထားပြီး၊ လေကြောင်းချီတပ်ဖွဲ့တွေနဲ့ မြေပြင်တပ်ရင်းတွေကိုအများအပြားတပ်ဆင်ပေးခဲ့ပါတယ်။ ၁၉၈၀ပြည့်လွန်အထိ ပုံစံ၆၃ ပုံစံဟောင်းကိုတွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး ၁၉၈၀လွန်မှာတော့ ပုံစံ၈၁ အဖြစ် အဆင့်မြင့်တင်ခဲ့ပါတယ်။ 

ပြောင်း ၁၂ခုပါ ပစ်စင်ဟာယာဉ်ငယ်များတိရိစ္ဆာန်များနဲ့ လွယ်ကူစွာဆွဲယူရွှေ့ပြောင်းနိုင်သလို၊ ပစ်စင်ကိုယာဉ်အမျိုးမျိုးမှာအလွယ်တကူတပ်ဆင်နိုင်ပါတယ်။ ဒုံးပစ်စဉ် မပါရှိလျင်တောင် ဒုံးကျည်ကိုပစ်ခတ်လို့ရနိုင်ပါတယ်။ လက်လုပ်သံပြွန်တွေ၊ သံပစ်လမ်းအတိုဒါမှမဟုတ် ဒုံးကျည်သီးသန့်ကိုသံတိုင်ငယ်တစ်ခုအားပြုပြီးအလွတ်ပစ်ခတ်နိုင်တာမို့ ခေတ်မီလက်နက်တွေကိုလက်လှမ်းမမီနိုင်တဲ့ တပ်ဖွဲ့တွေ အဖို့ ကန့်သတ်ချက် အလွန်နဲတဲ့ လက်နက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ 


တရုတ်ပြည်သူ့တပ်မတော်မှာတော့ နန်ကျင်းဂစ် NJ230 ပေါ်မှာတပ်ဆင်ပြီးပစ်ခတ်မှု ထိမ်းချုပ်ရေးစနစ်အသစ်တွေနဲ့ တွဲဖက်လို့ ပုံစံ၈၁ အဖြစ် ယနေ့တိုင် အသုံးပြုနေဆဲပါ။
ဆူဒန်၊ အီဂျစ်၊ အီရန်၊ မြောက်ကိုရီးယား၊ တူရကီ၊ တောင်အာဖရိကတို့ကတရားဝင် လိုင်စင်ယူကာထုတ်လုပ်ကြပြီးကမ္ဘာ့စစ်ပွဲနေရာအများအပြားမှာအသုံးပြုသူမျိုးစုံကသုံးဆွဲကြပါတယ်။ 


၎လုံးတွဲ ၃တန်းပါ ပြောင်း၁၂ခု ပါဝင်ပြီးသေးငယ်တဲ့ ဒုံးပစ်စင်လေးတွေကို ပုံစံ၆၃ ဒုံးပစ်လောင်ချာလို့သာ ခြုံငုံခေါ်ဝေါ်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ၁၈ပြောင်းကနေ ၂၄ပြောင်းအထိ တပ်ဆင်ပါတယ်။ မူလပုံစံ၆၃ ဒုံးကျည်ဟာ ၁၈ကီလိုဂရမ်ကျော် လေးပါတယ်။ ပြည်ပတင်ပို့နဲ့ စနစ်သစ် ဒုံးကျည်တွေကတော့ ၁၆ကီလိုဂရမ်ကနေ ၁၉ကီလိုဂရမ်ကျော် အထိ အမျိုးအစားအလိုက် အလေးချိန်ရှိပြီးဒုံးကျည်သွားလမ်းကိုထိမ်းကြောင်းပေးတဲ့  စနစ်တွေ ပိုကောင်းလာပါတယ်။ 

ပုံစံ၆၃ စနစ် အချက်အလက်များ
ကာလီဗာ- ၁၀၇မမ
ကျည်အမျိုးအစား- HE, HE-I, HE-frag
အလေးချိန် (ပြောင်း ၁၂ခုပါ)- ၆၀၂ ကီလိုဂရမ်
(ပြောင်း၁ခုပါ)   - ၂၂.၅ကီလိုဂရမ်
အလျား- ၂.၉မီတာ (၉ပေခွဲ)
အမြင့်- ၀.၉၁မီတာ (၃ပေ)
ပြောင်းထွက်ရှိန်- တစ်စက္ကန့် ၃၈၅မီတာ
ပစ်ခတ်နိုင်မှု - ထောင့်နိမ့်အနုတ်၃ ဒီကရီမှ အပေါင်း၅၇ထိ
ဘေးဘယ်ညာ- ၃၂ဒီကရီ

ဒုံးကျည်ပစ်စင် မရှိတဲ့ ဒုံးကျည်တွေကိုလက်လုပ်ပစ်စင် အမျိုးမျိုးနဲ့ ပစ်ခတ်နိုင်ပေမယ့် တိတိကျကျ ပစ်ခတ်နိုင်ခြင်းမရှိတာကြောင့် ပိုမိုတိတိကျကျ ပစ်ခတ်နိုင်ပြီးသယ်ဆောင်ရလွယ်ကူစေဖို့ ပြောင်း ၁ခု သို့မဟုတ် ၂ခုပါ ပစ်စင်တွေကိုထုတ်လုပ်ခဲ့ပါတယ်။ ၃ခြောင်း သံမဏိဒေါက်ပေါ်ကနေချိန်ရွယ်ပစ်ခတ်နိုင်ပြီးအလွယ်တကူရွှေ့ပြောင်းနိုင်တာမို့ ကွန်မင်ဒိုတပ်ဖွဲ့တွေနဲ့ ပျောက်ကျားတပ်ဖွဲ့တွေကအများအပြားအသုံးပြုကြပါတယ်။ တရုတ်ကတော့ ပြောင်းတစ်ခုတည်းပါ ပစ်စင်ကို ပုံစံ၈၅ လို့ ခေါ်ဆိုပြီး ၂ပြောင်းတွဲကိုတော့ အီရန်နဲ့ အာရပ်နိုင်ငံတွေကထုတ်လုပ် အသုံးပြုပါတယ်။

၁၀၇မမ ဒုံးကျည်တွေနဲ့ ပစ်စင် အမျိုးမျိုးကိုဆူဒန်က Taka၊ အီရန်က Faja-1၊ အီဂျစ်က RL812၊ တူရကီက T-107၊ တောင်အာဖရိကက RO107၊ မြောက်ကိုရီးယားက ပုံစံ၇၅ အဖြစ် ထုတ်လုပ်ကြပါတယ်။ စစ်သုံးယာဉ်တွေ၊ အပေါ့စားသံချပ်ကာတွေ၊ ထရပ်ကားအမျိုးမျိုးအပေါ်မှာတပ်ဆင်ထားတဲ့ ၁၀၇မမ ဒုံးပစ်စင်တွေကိုကမ္ဘာအနှံ့မှာတွေ့မြင်နိုင်သလို၊ ချိတ်ဆွဲသယ်ဆောင် ပစ်ခတ်နိုင်တဲ့ ပစ်စင် အမျိုးမျိုး၊ လက်လုပ်ပစ်စင် အမျိုးမျိုးအပြင် အလွတ်ပစ်ခတ်မှုတွေကိုပါ ပုံစံအမျိုးမျိုးနေရာအမျိုးမျိုးကနေပစ်ခတ်ကြတာ မြင်တွေ့နိုင်ပါတယ်။ 


HE ကျည် အမျိုးအစားများသာပစ်ခတ်နိုင်တာ ဖြစ်ပေမယ့် သေးငယ်ပြီးကန့်သတ်ချက် နဲပါးကာ ၅မိုင် အကွာအဝေးခန့်အထိပစ်ခတ်နိုင်တာမို့ နိုင်ငံတကာစစ်ဖက် အဖွဲ့တွေကအကြိုက်တွေ့နေဆဲလက်နှက်တစ်ခုအဖြစ် အသုံးတော် ခံလျက် ရှိပါတယ်။ ကျန်းမာချမ်းသာကြပါစေ။
UWSA သုံး ၁၀၇မမ ဒုံးပစ်လောင်ချာ

Wednesday, June 25, 2014

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်


KS-1 လက်နက်စနစ်သည် ရာသီမရွေးအသုံးပြုနိုင်သော Medium Range လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်ဖြစ်ပါသည်။ KS-1 မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ် (Surface-to-Air Missile Weapon System - SAMWS) သည် အဓိကအားဖြင့် စစ်မြေပြင်(သို့) အရေးကြီးနေရာများအတွက် ဘက်စုံသုံးတိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ကင်းထောက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊
 ဝေဟင်မှမြေပြင်ပစ် ဒုံးများ၊ ခရုစ်ဒုံးပျံများအခြား တိကျထိရောက်သော လက်နက်များကဲ့သို့သော စွမ်းဆောင်ရည်မြှင့်လက်နက်များ၏ရန်မှ ကာကွယ်ရန်ဖြစ်သည်။ ၎င်းစနစ်သည်
 လေကြောင်းရန်ကာကွယ်ရေး ရည်မှန်းချက် နေရာများအား လွတ်လပ်စွာကာကွယ်နိုင်ရုံမက အခြားသော လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်လည်း စစ်ဆင်ရေးပူးပေါင်းဆောင်ရွှက်နိုင်ပါသည်။

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်

KS-1 မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်တွင် ဒုံးထိန်းကျောင်းမှုယာဉ် (ရေဒါယာဉ်၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုယာဉ်) ၊ ဒုံးပစ်ယာဉ်၊ ဓါတ်အားပေးစက်ယာဉ်နှင့် လှိုင်းနှုန်းပြောင်းလဲပေးသောယာဉ်များ ပါဝင်သည်။

KS-1 ဒုံးပျံ


KS-1 ဒုံးအား ရိုးရှင်းသော သီးသန့်ပုံစံ၊ စွမ်းအားမြှင့် အစိုင်အခဲသုံး ပေါက်ကွဲမှုတစ်ခုတည်းပါဝင်သော တွန်းအားပေးအပိုင်း၊ တည်ငြိမ်စွာ တိုင်းတာထိန်းချုပ်နိုင်သော စနစ်နှင့် ကွန်ပျူတာထိန်းချုပ်မှု ကိရိယာများ တပ်ဆင်ထားပါသည်။ ဒုံးပျံသန်းခြင်းနှင့် ပစ်မှတ်အားကြားဖြတ်တိုက်ခိုက်ခြင်းနှစ်ခုစလုံးကိုလည်း အမိန့်ပေးထိန်းချုပ်နိုင်ပါသည်။ 
 
KS-1 ဒုံးပစ်ခတ်ရေးယာဉ်


ဒုံးပစ်ခတ်ရေးယာဉ်သည် လုပ်ငန်းအရည်အသွေး စစ်ဆေးခြင်း၊ စက်စတင်လည်ပတ်ခြင်း၊ ဒုံးအား အန္တာရယ်ကင်းစွာ ပစ်ခတ်နိုင်ခြင်း၊ ကောင်းမွန်စွာ လမ်းညွန်ထိန်းကျောင်းပေးနိုင်ခြင်းတို့ကို အပြည့်အဝလုပ်ဆောင်ပေးပါသည်။ ဒုံးပစ်ခတ်မှုတွင် စနစ်၎မျိုးပါဝင်ပြီး ထိန်းချပ်ရေးဌါနနှင့် အပြန်အလှန် အချက်လက်ပေးပို့ရာတွင် ဝါယာအသုံးပြုကာ ဆက်သွယ်နိုင်ပါသည်။

H-200 ရေဒါစနစ်


H-200 Phased Array အင်တင်နာသည် ရေဒါယာဉ်၏ ထိပ်ဘက်ပိုင်းတွင် တပ်ဆင်ထားပါသည်။ ရေဒါယာဉ်အား နေရာရွှေ့ပြောင်းသယ်ယူချိန်တွင် ၎င်း၏ အင်တာနာကို ယာဉ်၏ အမိုးအောက်ဖက်တွင် ထားရှိပြီး စစ်မြေပြင်တွင် စစ်ဆင်ရေး ပြုလုပ်နေချိန်တွင်မှု အင်တင်နာအား ပြန်လည်ထောင်မတ်ထားပါသည်။ လမ်းညွန်းထိန်းချုပ်မှုယာဉ်၏ ထိန်းချုပ်မှုအောက်တွင် ပစ်မှတ်များနဲ့ ဒုံးပျံများအား တိကျစွာ ရှာဖွေပြီး လမ်းညွန်ပေးနိုင်သည့် ရေဒါယာဉ်ပါရှိပါသည်။ ပစ်မှတ်များနဲ့ ဒုံးပျံများ၏ ရွှေ့လျားမှုပုံစံကွဲပြားမှုအပေါ်မူတည်၍ ရေဒါယာဉ်သည် တိုင်းတာတွက်ချက်မှု ပေးနိုင်ပါသည်။
 
KS-1 စီးရီး လေကာဒုံးစနစ်တစ်ခု၏ တိုက်ပွဲဝင်ပုံစံ ဖွဲ့စည်းပုံမှာ-
 ၁. လေယာဉ်ပစ်ဒုံး ၂၄စင်း
၂.Phased Array ရေဒါယာဉ်
၃. ဒုံးပစ်စင် ၂ခုပါသည် ဒုံးပစ်ခတ်ယာဉ် ၆ စီး
၎.ဒုံးဖြည့်တင်းရေးယာဉ် ၆ စီး
၅.ဓါတ်အားပေးယာဉ် ၂ စီး
၆.လှိုင်းနှုန်းပြောင်းလဲရေး၊ဖြန့်ဝေပေးယာဉ် ၁ စီး စသည်ဖြင့် ဖွဲ့စည်းထားပါသည်။ 

ဒုံးဖြည့်တင်းရေးယာဉ် တစ်စီးအား တွေ့ရစဉ်


မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ KS-1A/B ဒုံးစနစ်နှင့် ပတ်သက်၍ ၂၀၀၉ခုနှစ်တွင် ပထမအကြိမ် နိုင်ငံတကာသတင်းများတွင် ဖော်ပြခြင်းခံရပြီး အဆိုပါသတင်းများအရ ပါကစ္စတန်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့မှ ဝယ်ယူခဲ့ကြောင်း သိရပါသည်။ (သို့သော် နောက်ပိုင်းတွင် ပါကစ္စတန်အနေဖြင့် ပိုမိုအဆင့်မြှင့်သည့် HQ-9 တာဝေးပစ် လေကာစနစ်အား ဝယ်ယူခဲ့သည်ဟု သိရပါသည်)။ KS-1A ဒုံးစနစ်သည် အနောက်နိုင်ငံမှ နည်းပညာအချို့(ရေဒါစနစ်ပိုင်းတွင်)၊ ရုရှားနည်းပညာ နှင့် တရုပ်၏ နည်းပညာများ ပေါင်းစပ်ထားခြင်းဖြစ်ရာ အားထားရသည့် စွမ်းရည်မြှင့် လေကာဒုံးစနစ်တစ်မျိုးဖြစ်ပါသည်။

ပထမအကြိမ် ဝယ်ယူမှုတွင် ယူနစ်မည်မျှ ဝယ်ယူသည်ကို မသိရစေကာမှု ဒုတိယအကြိမ်ဝယ်ယူသည့် ၂၀၁၃ခုနှစ်အတွင်းတွင်မှု ယူနစ် ၄ခုစာမျှ ဝယ်ယူထားသည်ဟု သိရသည်။ ဒုံးပစ်ခတ်ရေးယာဉ် ၂၄စီး ( အကွာအဝေး ကီလိုမီတာ ၅၀ အထိ ပစ်ခတ်နိုင်သည့် ဒုံး ၄၈စင်း) ပါဝင်မည်ဖြစ်ပါသည်။ KS-1 လေကာစနစ်သည် တာဝေးထောက်လှမ်းနိုင်သည့် ဗျုဟာမြောက် စောင့်ကြည့်ရေးရေဒါကြီးများဖြင့်လည်း ချိတ်ဆက်ထားနိုင်ပါသည်။ H-200 ရေဒါစနစ်အနေဖြင့် ဒုံးပျံ ၆ စင်းအား တပြိုင်နက် ထိန်းချုပ်ပစ်ခတ်ကာ ပစ်မှတ် ၃ခုအား ရှာဖွေခြေမှုန်းပေးနိုင်စွမ်းရှိပါသည်။ အမေရိကန်၏ F-16/18 တိုက်လေယာဉ်များကိုပင် ရှာဖွေပေးနိုင်စွမ်းရှိသည့် အဆိုပါရေဒါစနစ်များအနေဖြင့် ကီလိုမီတာ ၁၂၀+ အထိ ထောက်လှမ်းနိုင်စွမ်းရှိပါသည်။

တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များတွင် အကြမ်းဖျင်းအားဖြင့်-
တာဝေးပစ် လေကာစနစ်တွင်- SA-5 Gammo စနစ် နှင့် V-75 (SA-2) စနစ်များ
တာလတ်ပစ် လေကာစနစ်တွင် BUK M1 စနစ်၊ KS-1B စနစ် နှင့် Pechora 2M စနစ်များ
တာတိုပစ် လေကာစနစ်တွင် TOR M1 စနစ်၊ Tunguska M1 စနစ်၊ ကပစထုတ် Igla-S စနစ်များ နှင့် လေယာဉ်ပစ်အမြောက်များ စသည်ဖြင့် ဖွဲ့စည်းထားပြီး အတည်ပြုချက်မရသည့် သတင်းများအရ ရုရှား၏ S-300PMU2 တာဝေးပစ် လေကာစနစ် (သို့) တရုပ်တပ်မတော်၏ HQ-9 စနစ်တစ်မျိုးအား ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု သိရကာ အဆိုပါသတင်းသည် အမှန်ဟု ယူဆပါက တပ်မတော်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ဒေသတွင်းနိုင်ငံများအကြားတွင် အကောင်းဆုံးနဲ့ အတောင့်တင်းဆုံးသော လေကာတပ်ဖွဲ့ကြီးဟု သတ်မှတ်နိုင်ပါသည်။

မြန်မာ့တပ်မတော်သည် ကြည်း၊ရေ၊လေအား ဘက်စုံဖွံဖြိုးရေးဆောင်ရွှက်လျက်ရှိပြီး မကြာမှီတွင် လေတပ်နှင့် ရေတပ်၏ သတင်းကောင်းများလည်း ကြားရတော့မည်ဖြစ်ပါသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း ယခင်ကာလများကထက်စာလျှင် မြန်မာပြည်၏ ကာကွယ်ရေးစနစ်အား အတိုင်းအတာတစ်ခုထိ လေ့လာခွင့်ရကြပြီဖြစ်ပြီး တပ်မတော်၏
လုပ်ဆောင်ချက်များအား လေ့လာသိရှိနိုင်ပြီဖြစ်ပါသည်။ မိမိတို့ ညီ၊အစ်ကိုများအနေဖြင့်လည်း တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်လက်များမှလွှဲ၍ သိခွင့်ရှိသည့်အပိုင်းများအား တတ်နိုင်သလောက် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပြီး တပ်မတော်နှင့်ပြည်သူများအကြား ယခုထက်ပို၍ နားလည်မှုရစေကာ တပ်မတော်အား စိတ်ဝင်စားသည့် ညီ၊နောင်များအတွက် အမြဲကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးချင်ပါတယ်ခင်ဗျာ...။ :)

တရုပ်တပ်မတော်၏ KS-1 လေကာဒုံးများ တပ်ဖြန့်ထားပုံနှင့် လေ့ကျင့်မှုပုံရိပ်များ



Friday, November 1, 2013

မြန်မာ့တပ်မတော်အတွက် ပင်မတိုက်ပွဲဝင်တင့်များ ဖြည့်တင်းတော့မည်လော...


မြန်မာ့တပ်မတော်၏ သံချပ်ကာနှင့်ယန္တာရားတပ်ဖွဲ့များအကြောင်းကို ဟိုဟိုဒီဒီ လေ့လာရင်း စိတ်ဝင်စားဖွယ်ရာ အချက်သွားတွေ့မိပါတယ်...။ အဲ့ဒါကတော့ တပ်မတော်ခေါင်းဆောင်များရဲ့ တရုပ်ပြည်ခရီးစဉ်အတွင်းက သံချပ်ကာသင်တန်းကျောင်းတစ်ခုကို သွားရောက်လေ့လာတဲ့ ခရီးစဉ်က အစပြုလို့ ယခုအတွေးလေး ဖြစ်လာမိတာပါ...။

ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကားများ
 မြန်မာ့တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ MBT-2000,T-72S ကဲ့သို့ ပင်မတိုက်ပွဲဝင်တင့်တစ်မျိုး လိုအပ်နိုင်တဲ့ အခြေနေတစ်ခုလို ယူဆမိနေတဲ့ အချိန်မှာ တရုပ်ရဲ့ ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ရဲ့ လေ့ကျင့်မောင်းနှင်ပြသမှုကို ကြည်ရူခဲ့ရာကစပြီး ပုံစံ-၉၆ တင့်ကို အထူးလေ့လာမိပါတယ်...။တရုပ်တပ်မတော်ရဲ့ ပုံစံ-၈၈ တင့်ကို အစားထိုးမယ့် မျိုးဆက်သစ်တင့်တစ်စီး စတင်အကောင်အထည်ဖော်ရာကနေ ဖြစ်ပါလာခဲ့တဲ့ ပုံစံ-၉၆ တင့်ကို အထွေထွေ စမ်းသပ်မှုများအပြီးမှာတော့ တရုပ်တပ်မတော်ကို ၁၉၉၇ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်...။ လက်ရှိအချိန်ထိကတော့ ဆူဒန်နိုင်ငံတစ်ခုတည်းကိုသာ ရောင်းချမှုပြုထားပြီး ယခုအချိန်ထိ အစီးရေ ၂၀၀၀-၂၅၀၀ အထိသာထုတ်လုပ်ထားတယ်လို့ သိရပါတယ်...။

ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကားရဲ့ ပင်မလက်နက်စနစ်ကို တရုပ်နှင့် ရုရှားရဲ့ ထုံးစံအတိုင်း ၁၂၅မမ တင့်အမြောက်တပ်ဆင်ထားပြီးတော့ ရုရှားရဲ့ တီ-၇၂ တင့်များရဲ့ (ပုံတူကူးယူးထားသော) အလိုလျောက်ကျည်ဖြည့်စနစ်တပ်ဆင် ထားပါတယ်...။ တင့်အမြောက်အနေဖြင့်လည်း ရုရှားရဲ့ နာမည်ကျော် အေတီ-၁၁ တင့်ဖျက် ပဲ့ထိန်းဒုံးများကို တပ်ဆင်ပေးထားပြီး တမိနစ်ကို တင့်အမြောက်ကျည် ၆-၈ လုံးအထိပစ်ခတ်နိုင်ပါတယ်...။ တင့်ဖျက်ဒုံး(ကျည်တောင့်) ၄၂တောင့် သယ်ဆောင်ထားနိုင်ပါတယ်....။


ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကို ကွန်ပျုတာသုံး ထိန်းချုပ်ရေးစနစ်များ၊ လေဆာစနစ်သုံး ရှာဖွေရေးနည်းပညာများကို တပ်ဆင်ပေးထားသည့်အပြင် ညတိုက်ပွဲများအတွက်လည်း အထူးတီထွင်ထားခြင်းဖြစ်ရာ အနောက်နိုင်ငံမှ တင့်များကိုပင် အန္တာရယ်ကောင်းကောင်း ပေးနိုင်တဲ့တင့် တစ်စီးဖြစ်ပါတယ်...။ တင့်အနေဖြင့် ရွှေးလျားပစ်မှတ်များကိုပင် တင့်အားမောင်းနှင်နေစဉ်အတော်တွင်း တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိပါတယ်...။ တင့်ရဲ့ အကြိမ်ကြိမ်စမ်းသပ်မှုများအရလည်း အထူးကောင်းမွန်တဲ့ စနစ်ဖြစ်တယ်လို့ ကောက်ချက်ချထားကြပါတယ်...။ 

ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကားများထုတ်လုပ်နေမှု


 ဒုတိယ လက်နက်စနစ်ကတော့ ရုရှားနှင့်တရုပ်ရဲ့ မူရင်းပုံစံဖြစ်ကြတဲ့ ၇.၆၂မမ စက်သေနတ်နှင့် ၁၂.၇မမ စက်ကြီးတို့ဖြစ်ပါတယ်...။အချို့အချက်လက်တွေကို ခဏဖယ်ရင်း ဆက်ပြီးလေ့လာသင့်တာကတော့ အင်ဂျင်ပါဝါဘဲဖြစ်ပါတယ်...။ တင့်တစ်စင်းရဲ့ လှုပ်ရှားစစ်ကစားနိုင်မှုကို အထူးတာဝန်ယူထားရတဲ့ တင့်အင်ဂျင်အနေနှင့် မြင်းကောင်ရေ ၁၀၀၀အားရှိတဲ့ အင်ဂျင်ကို အသုံးပြုထားပြီးတော့ ပြည်ပကို တင်ပို့ရောင်းချတဲ့ ပုံစံတူ ပုံစံ-၉၆တင့်တွေကိုတော့ အင်ဂျင်ပါဝါပိုနိမ့်ထားတဲ့ ပုံစံ-၈၅တင့်ရဲ့ မြင်းကောင်ရေအား ၇၃၀ပါဝါကို တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်....။ စစ်ဆင်နိုင်မှုအကျယ်အဝန်းကိုတော့ ကီလိုမီတာအားဖြင့် ၄၀၀လို့ သတ်မှတ်ထားပြီး အပိုဆီတိုင်ဂီပါတပ်ဆင်ထားပါက ကီလိုမီတာ ၆၀၀အထိ စစ်ဆင်ရေးဆောင်ရွှက်နိုင်ပါတယ်...။
MBT-3000 ပင်မတိုက်ပွဲဝင်တင့်ကားအသစ်
 အဲ့ဒီနေရာမှာ စိတ်ဝင်စားဖွယ်ရာ အချက်လာပါပြီခင်ဗျာ...။ အဲ့ဒါကတော့ ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တ့င်ကားကို ပုံစံ-၉၆ဂျီ (Type-96G) အဖြစ် အဆင့်မြှင့်တင်ထားပြီး ပြည်ပကိုလည်း ဗီတီ-၂ (VT-2) အမည်ဖြင့် ရောင်းချသွားဖို့ လုပ်ဆောင်နေမှုဖြစ်ပါတယ်....။
Type-96G ပင်မတိုက်ပွဲဝင်တင့်ကားများ
  VT-2 ပင်မတိုက်ပွဲဝင်တင့်ကို ၂၀၁၂ခုနှစ် လက်နက်ပြပွဲတစ်ခုအတွင်းမှာ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီးတော့ အင်ဂျင်ပါဝါကို မြင်းကောင်ရေအား ၈၀၀အထိတိုးပေးထားပြီး လက်နက်ထိန်းချုပ်ရေးစနစ်များအပြင် ရန်သူ့တည်နေရာကို အလိုလျောက်ရှာဖွေပေးနိုင်သည့် စနစ်သစ်များလည်း ပါဝင်လာပါတယ်...။အထူးသတိထားရမယ့်အချက်ကတော့ VT-2 တင့်ကို ပေါ့ပါးတဲ့တင့်ဖြစ်မယ်လို့ သတ်မှတ်ထားကြတာပါ...။ ဒါပင်မယ့်လို့ ဘယ်လိုပဲအဆင့်မြှင့်တင်ထား ပါစေ... တရုပ်တပ်မတော်သုံး ပုံစံ-၉၆ဂျီရဲ့ မူလမူရင်းကို မမှီနိုင်ဘူးလို့လည်း သံချပ်ကာနှင့်တင့်အကြောင်း လေ့လာသူများက မှတ်ချက်ပြုထားပါတယ်....။ 
အဆင့်မြှင့်တင်မှု ပြုလုပ်ထားသည့် VT-2 ပင်မတိုက်ပွဲဝင်တင့်ကား နမူနာပြသထားစဉ်
မြန်မာ့တပ်မတော်ရဲ့ လက်ရှိအသုံးပြုနေတဲ့ MBT-2000 ပင်မတိုက်ပွဲဝင်တင့်ဟာ ဆိုရင်လည်း ပုံစံ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကို အခြေခံကာ အဆင့်မြှင့်တင်မှုပြုလုပ်ပြီး ရရှိလာတဲ့ မျိုးဆက်သစ်တင့်တစ်မျိုးဖြစ်ပါတယ်...။ အထက်ပါအချက်လက်များကို လေ့လာကြည့်မယ်ဆိုရင်တော့ တပ်မတော်အနေနှင့် လက်ရှိအသုံးပြုနေတဲ့ အင်ဂျင်ပါဝါ ၁၂၀၀ရှိတဲ့ အမ်ဘီတီ-၂၀၀၀ ထက်ပင် စွမ်းဆောင်ရည်နည်းတဲ့ တင့်တစ်စီးကို ဝယ်ယူဖို့ဆိုတာ ဘယ်လိုမှဖြစ်လာစရာ မရှိပါဘူး...။ အဲ့တော့ ဘယ်တင့်အမျိုးစား ဖြစ်နိုင်ပါဦးမလည်း... ကျွှန်တော်ဆက်လက်လေ့လာမိသလောက်ကနေ တွေ့ရှိထားတာကတော့ MBT-3000 လို့သတ်မှတ်ထားတဲ့ တင့်တစ်စီးဘဲဖြစ်ပါတယ်....။ MBT-3000 တင့်အနေဖြင့် တည်ဆောက်ဆဲကာလဖြစ်ကာ ၂၀၁၄ခုနှစ်တွင်မှ တရုပ်တပ်မတော်အနေဖြင့် စတင်လက်ခံရရှိမယ့် တင့်ဖြစ်ပါတယ်...။ တရုပ်တပ်မတော်အနေနှင့် ၂၀၁၄မှ ရမယ့် တင့်ကို တပ်မတော်ကို ရောင်းပါ့မလားလို့ စဉ်းစားစရာရှိပါတယ်...။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်အနေဖြင့် ဝယ်ယူမယ်ဆိုပါက သေချာပေါက်ရောင်းချပေးနိုင်တဲ့ အခြေအနေရှိပါတယ်...။ အရင်ကလည်း ပုံစံ-၉၀နှင့်၉၂ သံချပ်ကာယာဉ်တွေကို တရုပ်တပ်နှင့်အတူ အသုံးပြုတဲ့ခုနှစ်အတူ မြန်မာ့တပ်မတော်မှာလည်း အသုံးပြုနိုင်ခဲ့ပါတယ်...။ MBT-2000 ပင်မတိုက်ပွဲဝင်တင့်များကိုလည်း နိုင်ငံတကာမှ ပထမဆုံးအသုံးပြုတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်...။ ဒါကြောင့် MBT-3000 ကိုလည်း တပ်မတော်အနေဖြင့် လိုအပ်လာပါက နော်ရင်ကိုအနေဖြင့် ရောင်းချပေးသွားမယ်ဆိုတာ ယုံမှားစရာမရှိပါဘူး....။

အထက်ပါနှိုင်းယှဉ်မှုများအပြီးမှာတော့ သတင်းထဲမှာဖော်ပြထားချက်များအရ Norinco Company ကို သွားရောက်ခဲ့တာတွေကို ဆက်စပ်တွေးကြည့်မယ်ဆိုရင်တော့ တပ်မတော်ရဲ့ မျိုးဆက်သစ် တင့်အကြောင်းကို ကြိုတင်ရင်ခုန်လို့ ရနေပြီလို့ ဆိုနိုင်ပါတယ်....။ အထက်ပါဖော်ပြထားတဲ့ တင့်များဟာဆိုရင် ကမ္ဘာ့အဆင်မှီ ပင်မတိုက်ပွဲဝင်တင့်များဖြစ်ပြီးတော့ ကာလတန်ဖိုးနှင့်လည်း တွက်ခြေကိုက်တဲ့ အတွက် တပ်မတော်အနေဖြင့် တင့်ကားများ ထပ်မံဖြည့်တင်းမယ်ဆိုပါက ဝယ်ယူသင့်တဲ့ တင့်အမျိုးအစားတွေပါ...။
Type-96 ပင်မတိုက်ပွဲဝင်တင့်ကားများ စစ်ရေးလေ့ကျင့်မှု

 ကျွှန်တော်တစ်ဦးတည်းရဲ့ အမြင်ပြောရမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်အနေဖြင့် တင့်မျိုးဆက်တစ်ခုတက်လှမ်းဖို့ ကြိုးစားလာမယ်ဆိုရင်တော့ တရုပ်တပ်မတော်ထုတ် MBT-2000 တင့်များကို ကျွှမ်းကျွှမ်းကျင်ကျင် ကိုင်တွယ်နိုင်စွမ်းရရှိထားပြီးဖြစ်ပြီ အားနည်းချက်၊အားသားချက်များကို သိရှိထားပြီးဖြစ်ရာ တရုပ်တပ်မတော်၏ MBT-3000 တင့်သာလျင တပ်မတော်တင့်ကားတပ်ဖွဲ့များရဲ့  ဖြစ်လာနိုင်ဖွယ်ရှိ့သည့်တင့်အဖြစ် သုံးသပ်မိပါတော့တယ်ခင်ဗျာ...။
 (ကျွှန်တော်ရဲ့ အားနည်းချက်များကြောင့် အချက်လက်များ မှားယွင်းစွာဖော်ပြခဲ့မှုရှိပါက 
ဝင်ရောက် ထောက်ပြပေးသွားကြပါခင်ဗျာ...။ အားလုံးကို လေးစားလျှက် ကိုmm)

Thursday, October 17, 2013

Rainbow မောင်းသူမဲ့လေယာဉ်ပျံများ

(အခုတလော မောင်းသူမဲ့လေယာဉ်ပျံများအကြောင်း စိတ်ဝင်စားတဲ့ ညီ၊အစ်ကိုတွေများလာတာနှင့် အညီ မကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ တရုပ်နိုင်ငံလေကြောင်းပြပွဲမှာ စိတ်ဝင်စားမှုအခံရဆုံးသော CH အမျိုးစား မောင်းသူမဲ့လေယာဉ်ပျံများအကြောင်း ကျွှန်တော်တို့ရဲ့ အစ်ကိုတစ်ယောက်ရေးထားတာတွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ...။)


Rainbow မောင်းသူမဲ့လေယာဉ်ပျံများကို အမေရိကန်လေတပ်၏ သရုပ်ခွဲစဉ်အရ 

ပထမအမျိုးအစား အသေးစားမောင်းသူမဲ့လေယာဉ်များ (ခြေလျင်အထူးတပ်ဖွဲ့သုံး၊ အရပ်ဘက်သုံး)
ဒုတိယအမျိုးအစား အလတ်စားထောက်လှမ်းရေး အမျိုးအစား (အမြင့်ပေ ၅၀၀၀အောက်၊ အရပ်ဘက်သုံး)
တတိယအမျိုးအစား အလတ်စား တိုက်ခိုက်ရေးအမျိုးအစား ( ဘက်စုံသုံး အမြင့်ပေ ၂သောင်းအောက် ၊ ထောက်လှမ်းရေးသုံး)
စတုထ္ထအမျိုးအစား အကြီးစား တာဝေးထောက်လှမ်းရေးသုံး အမျိုးအစား (အမြင့်ပေ ၇သောင်းအောက်)
ပဥွမအမျိုးအစား တာဝေးထောက်လှမ်းရေး သုံးရယ်လို့ အမျိုးအစားခွဲခြား သတ်မှတ်ထားပါတယ်...။

၂၀၁၂ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Zhuhai Air Show မှာတော့ China Academy of Aerospace Aerodynamics CAAA ဟာ သူတို့ထုတ်လုပ်ထားတဲ့ Rainbow စီးရီး မောင်းသူမဲ့ လေယာဉ်တွေကို ပြသခဲ့ပါတယ်။ ဒုတိယအမျိုးအစား အလတ်စား ထောက်လှမ်းရေးသုံး အမျိုးအစားတွေ ဖြစ်တဲ့ CH 1,2,3 အပြင် တတိယအမျိုးအစား တိုက်ခိုက်ရေးသုံး CH4 ကိုပါပြသခဲ့ပါတယ်။

CH4  Rainbow-4 အမျိုးစား မောင်းသူမဲ့လေယာဉ်

CH4 အမျိုးအစား တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်ဟာ အဲဒီပွဲမှာ လူစိတ်ဝင်စားမှု အများဆုံးရှိခဲ့တဲ့ အမျိုးအစားဖြစ်ပြီး သူနဲ့ အတန်းအစားတူ WJ-600n နဲ့ Wing Loong I တို့လဲ ပါဝင်ပြသခဲ့ပါတယ်။

 Wing Loong I အမျိုးစား မောင်းသူမဲ့လေယာဉ်
အမေရိကန်တို့ရဲ့ Predator အမျိုးအစား တိုက်ခိုက်ရေးမောင်းသူမဲ့များလို အသုံးဝင်ပြီး Predator A အမျိုးအစားနဲ့ တန်းတူ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။ တောင်ပံအောက် ၄နေရာမှာ လက်နှက်သယ်ဆောင် စောင့်ကြည့်တိုက်ခိုက်နိုင်ပြီး ရေဒီယိုနဲ့ရော ဂျိုလ်တုစနစ်နဲ့ပါ ထိမ်းချုပ်ပြီး တာဝေးတာဝန် ထမ်းဆောင်နိုင်ပါတယ်။ တစ်နာရီကို ကီလိုမီတာ ၃၀၀ရာနှုန်းနဲ့ အမြင့်ဆုံးပေ၂သောင်းကျော်ထိတက်နိုင်ပြီး ၂ရက်နဲ့ ၂ညတိတိ မနားတမ်းပျံသန်းနိုင်ပါတယ်။ AR-1 အမျိုးအစား တာတိုပစ် ဝေဟင်-မြေပြင်ပစ် ဒုံးကျည် ဒါမှမဟုတ် FT-5 လေဆာလမ်းညွန် ဗုံးတွေသယ်ဆောင် တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ တိုက်ပွဲဝင်နိုင်တဲ့ နယ်ဝန်းဟာ ရေဒီထိမ်းချုပ်မှုသာမက ဂျိုလ်တုစနစ်ပါ ပါဝင်တဲ့အတွက် ခန့်မှန်းရခက်ပါတယ်။ ပြပွဲပြီးပြီးချင်းမှာပဲ တူရကီနဲ့ ပါကစ္စတန်နိုင်ငံတွေက အထူးစိတ်ဝင်စားခဲ့ပြီး ၂၀၁၃ဘေဂျင်းပြပွဲမှာတော့ အခြား CH အမျိုးအစား အချို့နဲ့အတူ စနစ်လိုက် ဝယ်ယူခဲ့ပါတယ်။ အခြား စိတ်ဝင်စားကြတဲ့ နိုင်ငံအချို့ရှိပေမယ့် တူရကီတစ်ခုတည်းကသာ တရားဝင်ဝယ်ယူမှုကို အတည်ပြုနိုင်တာဖြစ်ပါတယ်။


 ပြပွဲမှာ CH4 နဲ့ အတန်းစားတူများဖြစ်တဲ့ WJ-600n နဲ့ Wing Loong I တို့ဟာ နာမည်ကျော်ခဲ့ပြီး၊ နာမည်မကြီးပဲ ရောင်းထွက်သွားတာကတော့ CH-3 အမျိုးအစား အလတ်စား ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်တွေ ဖြစ်ပါတယ်။ ဒီအမျိုးအစားတွေလို ၂၀၀၈ခုနှစ် အလားတူ ပြပွဲမှာ ပြသခဲ့တာဖြစ်ပြီးတူရကီ၊ ပါကစ္စတန်နဲ့
 အာဖရိက နိုင်ငံအချို့က ဝယ်ယူခဲ့ပါတယ်။ ထိမ်းချုပ်ရေးယာဉ်တစ်စင်းကနေ ရေဒီယိုစနစ်နဲ့ ထိမ်းချုပ်ပြီး ပြေးလမ်းကနေသော်လည်းကောင်း ပစ်စဉ်ကနေ ဒုံးပျံစနစ်နဲ့သော်လည်းကောင်း ပစ်လွှတ်ပျံသန်းနိုင်ပါတယ်။ ထိမ်းချုပ်ရေးယာဉ်ကနေ ကီလိုမီတာ ၂၂၀အထိ ထိမ်းချုပ်မောင်းနှင်နိုင်ပြီး ကြားခံထိမ်းချုပ်ရေးစနစ် ဒါမှမဟုတ် ဂျိုလ်တုစနစ်ရှိရင်တော့ ကီလိုမီတာ ၂ထောင် ဝန်းကျင်အကျယ်အဝန်းအထိ ထိမ်းချုပ်မောင်းနှင်နိုင်ပါတယ်။ တစ်နာရီကီလိုမီတာ ၄၀၀လောက် ပျံသန်းနိုင်ပြီး အမြင့်ပေ ၁သောင်းခွဲအောက်သာ ပျံသန်းနိုင်ပါတယ်။ ၁၈နာရီကနေ နာရီ၂၀ထိ တောက်လျောက်မောင်းနှင်ပျံသန်း စောင့်ကြည့်နိုင်ပါတယ်။ ပင်လယ်ပြင်စောင့်ကြည့်ရေးနဲ့ နယ်စပ်စောင့်ကြည့်ရေးတွေမှာ အများဆုံးအသုံးပြုဖို့လို့ ရည်ရွယ်ထုတ်လုပ်ပါတယ်။ အနီအောက်ရောင်ခြည်သုံးကင်မရာ၊ ကောင်းကင်ဓါတ်ပုံရိုက်ကူးရေး ကင်မရာသာမက၊ ရေဒါစနစ်ကိုပါ တပ်ဆင်အသုံးပြုထားပါတယ်။ ထိမ်းချုပ်ရေးယာဉ်+ ပစ်လွှတ်စဉ်ယာဉ်၊ ဒါမှမဟုတ် ပြေးလမ်းကနေတက်မယ်ဆိုရင် ထိမ်းချုပ်ရေးယာဉ် တစ်စင်းထဲကနေ မောင်းနှင်နိုင်ပါတယ်။

CH 3 အမျိုးစား မောင်းသူမဲ့လေယာဉ်
 ၂၀၁၂ပြပွဲမှာတော့ CH3A အမျိုးအစားကို ပြသခဲ့ပြီး တောင်ပံအောက် ၂နေရာကနေ လက်နှက်သယ်ဆောင် တိုက်ပွဲဝင်နိုင်ပါတယ်။ ရေဒါတပ်ဆင်ထားနိုင်မှုကြောင့် ခုလိုအဆင့်မြင့်တင်ခဲ့တာ ဖြစ်ပြီး AR1 တာတိုမြေပြင်ပစ်ဒုံး ဒါမှမဟုတ် FT-5 အမျိုးအစား ဗုံးတွေ သယ်ဆောင် တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။ လက်နှက်သယ်ဆောင် တိုက်ပွဲဝင်ချိန်မှာတော့ ပျံသန်းချိန် ၆နာရီကနေ ၁၀နာရီအတွင်းသာ ပျံသန်းနိုင်မှာပါ။ S-brand ရေဒီယိုစနစ်နဲ့ ထိမ်းချုပ်ထားမယ့် မူလ ထိမ်းချုပ်ရေးယာဉ်ကနေ အကွာအဝေး ၂၀၀ကီလိုမီတာအထိ ထိမ်းချုပ်တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။ AR-1 ဒုံးကျည်နဲ့ အမြင့်ပေမီတာ ၅၀၀ကနေ ၅၀၀၀၊ အကွာကအဝေး ၂-၈ကီလိုမီတာအကွာကနေ ပစ်မှတ်(ရွေ့လျား တည်ငြိမ်) ကို ၁၅မီတာအတွင်းထိအောင် ပစ်ခတ်နိုင်မှာဖြစ်ပြီး၊
FT-5 ဗုံးနဲ့ဆိုရင်တော့ အမြင့်ပေ ၅ထောင်ကျော်ကနေ အကွာအဝေး ၂-၅ကီလိုမီတာအကွာက ပစ်မှတ်ကို ၁၅မီတာအတွင်းထိအောင် ပစ်ခတ်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

AR1 တာတိုမြေပြင်ပစ်ဒုံး
FT-5 အမျိုးအစား ဗုံး
 ဒါပေမယ့် တူရကီကတော့ CH3A တွေအစား CH4 တွေကိုသာ ဝယ်ယူခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကတော့ CH3A အမျိုးအစားတွေကို ဝယ်ယူခဲ့ပါတယ်။ ၂၀၁၃ ဘေဂျင်းပြပွဲမှာတော့ CH3A အမျိုးအစားတွေကို အခြားနိုင်ငံတော်တော်များများကပါ စိတ်ဝင်တစားရှိခဲ့ပြီး ဝယ်ယူမှု အသေးစိတ်ကိုတော့ မသိရပါဘူး။ ပါကစ္စတန်နိုင်ငံကတော့ CH3A အမျိုးအစားတွေကို လိုင်စင်နဲ့စက်ရုံလိုက် ဝယ်ယူပြီး ပြည်တွင်းမှာ Shahpar ဆိုတဲ့နာမည်နဲ့ တပ်ဆင်ထုတ်လုပ်နေပါပြီ။ ၂၀၁၃မှာတော့ CH3A တွေကို ရေဒါနဲ့ လမ်းညွန်စနစ်တွေမှာ အဆင့်မြင့်တင်ပေးခဲ့တာကြောင့် AR-1 ဒုံးကျည်ကို ၈-၁၀ ကီလိုမီတာအကွာကနေ ပစ်ခတ်နိုင်လာပါတယ်။ ကြားခံ ထိမ်းချုပ်ယာဉ် ၄ဆင့်ထိ ထိမ်းချုပ်လာနိုင်တာကြောင့် စစ်ဆင်နိုင်မှု နယ်ဝန်း ပိုမိုကျယ်ပျံ့လာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ CH3A တွေကို စက်ရုံလိုက်ဝယ်ယူခဲ့ပေမယ့် AR1 ဒုံးကျည်တွေကိုတော့ ဝယ်ယူတာ မတွေ့ရဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။ အခြားနိုင်ငံများက ၂၀၁၃ခုနှစ်မှာ CH4 တွေနဲ့ AR1 တွေ ဝယ်ယူခဲ့ကြပါတယ်။ နိုင်ငံတစ်ခုကလဲ CH3A စနစ် ၁၀ခုထက်မနည်းနဲ့ AR1 ဒုံးကျည်တွေ ဝယ်ယူခဲ့တယ်လို့ သိရပြီး ၂၀၁၂ပြပွဲတုန်းကတည်းက CH3 အမျိုးအစား အနည်းငယ်ကို ဝယ်ယူခဲ့တဲ့နိုင်ငံလို့ ဆိုပါတယ်။ CH3 ဟာ နိုင်ငံငယ်အချို့က မျက်စိကျတဲ့ တိုက်ခိုက်ရေး တာလတ်သုံး မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး စမ်းသပ်ဝယ်ယူမှုတွေ ရှိပေမယ့် စက်ရုံလိုက်ဝယ်ယူထားမှုကတော့ ယခုအချိန်အထိ ပါကစ္စတန်တစ်နိုင်ငံတည်းလို့သာ တရားဝင်သိရှိရပါတယ်။
 CH 2 အမျိုးစား မောင်းသူမဲ့လေယာဉ်

CH2 နဲ့ CH1 အမျိုးအစားတွေဟာ ပစ်စင်နဲ့ပစ်တင်ရတဲ့ ယန္တရားတပ်သုံး ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်တွေဖြစ်ပြီး CH2 အမျိုးအစာတွေကို ပါကစ္စတန်ကပဲ ဝယ်ယူခဲ့ပါတယ် ၂၀၁၂ ပြပွဲမှာတော့ CH800 နဲ့ CH900 လို အသေးစား တွေသာ ပါဝင်ခဲ့ပြီး CH1နဲ့ CH2 တွေကို ပါဝင်ပြသခဲ့ခြင်းမရှိတော့ပါဘူး။ တရုတ်ပြည်သူ့တပ်မတော်မှာတော့ ယခုထက်ထိသုံးစွဲနေဆဲဖြစ်ပါတယ်။ CH1 မောင်းသူမဲ့လေယာဉ်ဟာ အမြင့်ပေ ၁သောင်းအောက် တစ်နာရီကီလိုမီတာ ၁၅၀နှုန်းနဲ့ ပျံသန်းနိုင်ပြီး ထိမ်းချုပ်ယာဉ်နဲ့ ကီလိုမီတာ၁၀၀ထိ ထိမ်းချုပ်မောင်းနှင်နိုင်ပါတယ်။ ၆နာရီဆက်တိုက် မောင်းနှင်နိုင်ပြီး ထောက်လှမ်းရေးသုံး အနီအောက်ရောင်ခြည် ကင်မရာနဲ့ GPS စနစ်တွေ တပ်ဆင်ထားပါတယ်။ ပစ်လွှတ်စင်နဲ့ ပစ်တင်ရပြီး လေထီးဖွင့်ကာ ဖြုတ်ချရတဲ့ အမျိုးအစားဖြစ်ပါတယ်။


CH-2 ကတော့ ပစ်လွှတ်တာနဲ့ ဆင်းသက်တာမှာ CH1 နဲ့ ဆင်တူဖြစ်ပြီး လမ်းညွှန်စနစ်နဲ့ ကင်မရာစနစ်တွေ အဆင့်မြင့်တင်ထားပါတယ်။ ထိမ်းချုပ်ယာဉ်နဲ့ ကီလိုမီတာ ၂၀၀ အကွာထိ ထိမ်းချုပ်မောင်းနှင်နိုင်ပြီး ဆက်တိုက် ၁၀နာရီပျံသန်းနိုင်ပါတယ်။ တစ်နာရီ ကီလိုမီတာ ၁၈၀ထိမောင်းနှင်နိုင်ပြီး အမြင့်ပေ ၁သောင်းအောက်သာ ပျံသန်းနိုင်ပါတယ်။

အဆိုပါ ၂၀၁၂ လက်နှက်ပြပွဲမှာ အခြားသော စိတ်ဝင်စားဖွယ်လက်နှက်မျိုးစုံသာမက ပင်လယ်ပြင်ကာကွယ်ရေး စနစ်သစ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်ငယ်များနဲ့ တိကျပစ် ဒုံးကျည်များ၊ တရုတ်နိုင်ငံရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်သစ်များကိုလဲ ပြသခဲ့ပါတယ်။ အပေါ့စား သယ်ယူပို့ဆောင်ရေးနဲ့ ကင်းထောက်လေယာဉ် အမျိုးအစား Y12 များနဲ့ ပင်လယ်ပြင်ကာကွယ်ရေး ရေဒါစနစ်များ၊ C602 ကမ်းခြေစောင့်နဲ့ သင်္ဘောတင် ဒုံးပျံများ၊ လေဆာလမ်းညွှန်စနစ်များ၊ လေကြောင်းရေဒါစနစ်များကိုလဲ ပြသခဲ့တာဖြစ်ပါတယ်။ မှိုလိုပေါက်အောင် ထုတ်လုပ်တဲ့ မောင်းသူမဲ့ အမျိုးအစားတွေထဲမှာ Rainbow စီးရီး CH အမျိုးအစား မောင်းသူမဲ့လေယာဉ်များကတော့ ၂၀၀၈၊၂၀၁၂၊၂၀၁၃ ပြပွဲတိုင်းမှာ နာမည်ကျော်သလောက် ရောင်းကောင်းခဲ့တဲ့ အမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါရစေ။ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ...။

Y12F အပေါ့စား သယ်ယူပို့ဆောင်ရေးနဲ့ ကင်းထောက်လေယာဉ်
  
 C-602 တာလတ်ပစ် သင်္ဘောဖျက်ဒုံး
C-802A တာလတ်ပစ် သင်္ဘောဖျက်ဒုံး
 
CM-802AKG တာလတ်ပစ် ဝေဟင်မှမြေပြင်ပစ်ဒုံး
ပင်လယ်ပြင် ကာကွယ်ရေးဆိုင်ရာ တပ်ဖြန့်ထားနိုင်မှုပြ
 

Thursday, March 15, 2012

ဝ တပ်ဖွဲ့ပိုင် စစ်လက်နက်တချို့

မြန်မာ့နိုင်ငံတွင် တပ်မတော်ပြီးနောက် ဒုတိယ အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဝ တပ်ဖွဲ့များ၏ စစ်လက်နက်များ အားဖော်ပြပေးလိုက်ရပါသည်။ ပြည်တွင်းအင်အားစုရဲ့ လက်နက်အင်အားထက် သူတို့နောက်ကွယ်မှာရှိတဲ့ တရုပ်ရဲ့ အကြံအစည်ကို သတိထားမိစေလိုသော ဆန္ဒကြောင့် တင်ရခြင်း ဖြစ်ပါတယ်...။

တရုပ်နိုင်ငံမှ ဝယ်ယူထားသော ZFB 05 သံချပ်ကာယာဉ်အား ဝ တပ်ဖွဲ့စစ်ရေးပြပွဲတစ်ခုအတွင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။ပုံတွင် တွေ့ရသောအချက်များအရ အစီးရေ ၃စီး တွေ့ရပြီး နောက်ထပ်မည့်မျှထိ ရှိဦးမည်ကို မသိရပါ...။

NSV တွေရဲ့ စနစ်ကို ပုံတူယူထားတဲ့ စက်သေနတ်လို့ ထင်ပါတယ် (အမျိုးအစား မသိပါ)


၁၂.၇မမ Dshk စက်သေနတ်ကြီးကို တပ်ဆင်ထားသည့် သံချပ်ကာယာဉ်


ဒီသံချပ်ကာယာဉ်မှာကတော့ ဘာစနစ်လည်း ဆိုတာမသိရပါဘူး..


ဝ တပ်ဖွဲ့၏ ဘမ်မာ စစ်သုံးယာဉ်


အမေရိကန် ကြည်းတပ်သုံး ဟမ်ဗီး စစ်သုံးယာဉ်ဒီဇိုင်းကို ယူထားတဲ့ ဟမ်မာ စစ်သုံးယာဉ်အသွင်ပြောင်းထားတဲ့ ဝ တပ်ဖွဲ့တွေရဲ့ ကားဖြစ်ပါတယ် အနားက စစ်သုံးယာဉ်ကတော့ တပ်မတော် (ကြည်း)က ဖြစ်ပါလိမ့်မယ်...။

တရုပ်ဆီမှ ရရှိထားသည့် Dong Feng စစ်သုံးယာဉ်များ

ဒီစစ်ကားတွေကတော့ တပ်မတော်မှာလည်း အသုံးပြုပါတယ်...။

မူရင်းက ရုရှားထုတ်ပါ နာမည်ကြီးပါဘဲ Dshk ၁၂.၇မမ စက်သေနတ်ကြီး ဖြစ်ပါတယ်....။



ပြည်တွင်း စစ်ရေးအခြေအနေကို ဖော်ပြလိုခြင်းမဟုတ်ပါ တချိန်မှာ မြန်မာနိုင်ငံအတွက် အဓိကရန်သူဖြစ်လာနိုင်တဲ့ တရုပ်ရဲ့ အစီစဉ်တစ်ချက်လို့ ယူဆမိလို့ အားလုံးသိအောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်....။ ပြည်တွင်းကစည်းလုံးနေရင် ဘယ်ရန်သူကိုမှ ကြောက်နေစရာမလိုပါဘူးခင်ဗျာ....။ (ပို့ပေးထားကြတဲ့ ပုံတွေနှင့် သူငယ်ချင်းတွေဆီက ပုံတွေ ထပ်ဖြည့်ပြီး တင်ထားပါတယ်....။)
ပုံတွေပြန်တင်ပြီး...။