Hwasong
6 ဒုံးပျံများသည် မြောက်ကိုရီးယားနိုင်ငံ၏ အမြောက်အများပိုင်ဆိုင်ထားသော တာတိုပစ် မြေပြင်မှမြေပြင်
ဒုံးပျံများဖြစ်ပြီး ဆိုဗီယက်ခေတ် R17 ဒုံးပျံများနဲ့ တန်းတူညီမျှ ရှိပါတယ်။ SCUD ဒုံးပျံ
အမျိုးအစားများဖြစ်ပြီး Hwasong5 (SCUD-B) အမျိုးအစားများကို အဆင့်မြင့်တင်ထားတဲ့
SCUD-C အမျိုးအစားများဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်မှ
စတင်ပြီး မြောက်ကိုရီးယားနိုင်ငံမှာတင် ထုတ်လုပ်ခဲ့ပါတယ်။ မူလ Hwasong5 ဒုံးပျံများကို
အဆင့်မြင့်တာအပါအဝင် အသစ်ထုတ်လုပ်မှုများကိုပါ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ
ထုတ်လုပ်လိုက်တဲ့ Rodong-1 ဒုံးပျံကို ရရှိပိုင်ဆိုင် အပြီးမှာတော့ Hwasong 6 ဒုံးပျံများကို
အများအပြား ထုတ်လုပ်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ နူကလိယျ သို့မဟုတ်အခြားဖျက်အားပြင်း လက်နှက်သယ်ဆောင်မယ့်
Rodong-1 ဒုံးပျံများနဲ့ တွဲဖက်ကာ ယောင်ပြ လွှတ်တင် တိုက်ခိုက်နိုင်ဖို့ ဖြစ်ပါတယ်။
![]() |
| Rodong-1 |
Hwasong-6
ဒုံးပျံများဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ခန့်အထိ ပစ်ခတ်နိုင်ပြီး တစ်တန်နီးပါး ထိပ်ဖူးကို
သယ်ဆောင်နိုင်တဲ့ အရည်လောင်စာ စွမ်းအင်သုံး ဒုံးပျံများဖြစ်ပါတယ်။ ရေဒီယိုလမ်းညွှန်စနစ်နဲ့
ပျံသန်းနိုင်ပြီး ပစ်မှတ်ကို ရောက်ဖို့ ၁၀မိနစ်ကနေ ၁၅မိနစ်ထိ ကြာမြင့်ပါတယ်။ တိကျမှု
မီတာ ၁၀၀၀ ဝန်းကျင်သာရှိပါတယ်။ မူလ SCUD-B အမျိုးအစားများဟာ ကီလိုမီတာ ၃၀၀ခန့်အထိသာ
ရောက်ရှိပေမယ့် တိကျမှုက မီတာ ၄၅၀ထိ ရှိပါတယ်။ သို့သော်လည်း HE, Submunitions သာမက ဓါတုလက်နှက်များကိုပါ ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။
ဒါ့ကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ ဟွာဆောင်၆ ဒုံးပျံများကို အမြောက်အများ ထုတ်လုပ်ခဲ့ပြီး
ရွေ့လျားပစ်စင်များသာမက ပစ်စင် အသေများဖြင့်ပါ ပစ်ခတ်နိုင်ဖို့ စီစဉ်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့
ဒုံးပျံနည်းပညာဖွင့်ဖြိုးရေးကို အားတက်သရော ကူညီခဲ့တဲ့ ဆိုဗီယက်နဲ့ တရုတ်တို့ဟာ
Rodong ကို ထုတ်လုပ်ခဲ့အပြီးမှာတော့ ဆိုဗီယက်တို့က ဒုံးကျည်နည်းပညာ အကူအညီကို ရပ်ဆိုင်းခဲ့ပါတယ်။
တရုတ်တို့က ဆက်လက်ကူညီခဲ့သော်လည်း ၁၉၉၅ခုနှစ်မှာတော့ ရွေ့လျားဒုံးပျံပစ်စင်များ အဖြစ်ထုတ်လုပ်နိုင်တဲ့
MAZ-7310 အကြီးစားသယ်ပို့ယာဉ်များ ရောင်းချမှုကို ကန့်သတ်ခဲ့ပါတယ်။တစ်နှစ်မှာ ၁၀စင်းမျှသာ
ရောင်းချပေးမယ့် ကန့်သတ်မှုကြောင့် တစ်နှစ်ကို ရာနဲ့ချီ ထုတ်လုပ်ထားတဲ့ ၅နှစ်စာ ဟွာဆောင်၆
ဒုံးပျံများဟာ သယ်ဆောင်ပစ်ခတ်စရာ ရွေ့လျားပစ်စင် ၅၀ခန့်နဲ့ အလုပ်မဖြစ် ဖြစ်ခဲ့ရပါတယ်။
![]() |
| MAZ-7310 |
သိုလှောင်သိမ်းဆည်းထားရင် အနှစ်၂၀ကျော် သက်တမ်းရှိပြီး စစ်ဆင်ရေးအသင့်ပြင်ဆင်ထားရင်တော့
၆လသာ သက်တမ်းရှိတာမို့ ၁၉၉၅ခုနှစ် နောက်ပိုင်းကစလို့ ဟွာဆောင်၆များကို ရောင်းချဖို့
စီစဉ်ခဲ့ကြပါတယ်။ ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ ဗီယက်နမ်အပါအဝင် ဟွာဆောင်၆ ဒုံးပျံပေါင်း
၆၀၀နီးပါး ရောင်းချခဲ့တယ် ဆိုပါတယ်။ ၁၉၉၉ခုနှစ် ဝန်းကျင်လောက်မှာတော့ အီရန်နိုင်ငံနဲ့
ချိတ်ဆက်မိပြီး အီရန်နိုင်ငံ အကြီးစား စက်မှုလုပ်ငန်းကနေ MAZ ယာဉ်များ ထုတ်လုပ်ပေးမည့်
စက်ရုံနဲ့ မြောက်ကိုရီးယားနိုင်ငံက ဟွာဆောင်၆ စက်ရုံတို့ နည်းပညာချင်း ဖလှယ်ခဲ့ကြပါတယ်။
ဒါ့ကြောင့်
၂၀၀၀ပြည့်အလွန် မြောက်ကိုရီးယားနိုင်ငံဟာ MAZ-7310 လို အကြီးစား ယာဉ်တွေ တည်ဆောက်လာနိုင်ခဲ့ပါတယ်။
သို့သော်လည်း အီရန်ဆီက ရတဲ့နည်းပညာဟာ ဆိုဗီယက်ခေတ် စကဒ့်တင် ယာဉ်များအဆင့်သာ ရှိတာမို့
လွင်ပြင်နဲ့ ကန္တရသုံးဖြစ်ပြီး လမ်းကြမ်းနဲ့ ရွံညွံလိုဒေသတွေအတွက် ကန့်သတ်ချက် များစွာရှိတဲ့
ယာဉ်တွေကိုသာ ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ သို့သော်လည်း ဟွာဆောင်၆ အပါအဝင် မြောက်များလှစွာသော
မြောက်ကိုရီးယား ဒုံးပျံများ အတွက်ကတော့ အသက်ဆက်စရာ အခြေအနေတစ်ခုဖြစ်လာခဲ့ပြီး ယာဉ်တင်ပစ်ခတ်နိုင်တဲ့
ပြီးပြည့်စုံတဲ့ ဟွာဆောင်၆ ဒုံးပျံစနစ်များကို တစ်နှစ်လျင် အစုံ၅၀ခန့် ထုတ်လုပ်နိုင်ခဲ့ပါတော့တယ်။
ဒါ့အပြင်
အီရန်ဆီကနေ SCUD-ER ဒုံးကျည်စနစ်ကိုပါ ရရှိခဲ့တာကြောင့် ဟွာဆောင်၆ ဒုံးပျံများဟာ ကီလိုမီတာ
၇၀၀-၈၀၀ ခန့်ထိ ပစ်ခတ်လာနိုင်ပြီး တိကျမှု မီတာ၄၀၀ ခန့်ထိ ရှိလာခဲ့ပါတယ်။ သို့သော်လည်း
သယ်ဆောင်နိုင်တဲ့ ထိပ်ဖူးအရွယ်အစား သေးငယ်သွားခဲ့ပါတယ်။ နည်းပညာသစ် လမ်းညွှန်စနစ်များနဲ့အတူ
သိပ်သည်းကျစ်လစ်တဲ့ ဒုံးပျံ အမျိုးအစား အသစ်တစ်မျိုးပုံစံလဲ ရရှိခဲ့တာမို့ ဟွာဆောင်၇
အနေနဲ့ ဆက်လုပ် ထုတ်လုပ်ခဲ့ပါတယ်။
ယခုအခါမှာတော့ မြောက်ကိုရီးယားနိုင်ငံဟာ ပြည်တွင်းဖြစ်
ရွေ့လျားပစ်စင်၊ ပြည်တွင်းဖြစ် ဒုံးကျည်ကို တင်ဆောင်ထားပြီး ပြည်တွင်းဖြစ် လမ်းညွှန်စနစ်ပါ
ထိပ်ဖူးအမျိုးမျိုးကို တပ်ဆင်ထားပြီး ကီလိုမီတာ ၈၀၀အထိ ပစ်ခတ်နိုင်တဲ့ ဟွာဆောင် အမျိုးစား(၅/၆/၇)
ဒုံးစနစ်များကို ၆၀၀ခန့် ပိုင်ဆိုင်ထားတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာများက ဆိုကြပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ။






















