Sunday, December 1, 2019

ဘင်္ဂလားဒေ့ရှ်ရေတပ် Type-053H3 Frigate



ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ မကြာမီမှာ တရုတ်နိုင်ငံကနေဝယ်ယူထားတဲ့ Type-053H3 အတန်းအစား ဖရီးဂိတ်စစ်သင်္ဘော နှစ်စီးကို လက်ခံရရှိတော့မှာဖြစ်ပါတယ်။ တရုတ်ရေတပ်မှာ အသုံးပြုပြီးသားအဟောင်းဖြစ်ပေမယ့်လည်း သက်တမ်းအရတော့ နှစ် နှစ်ဆယ်ကျော်သာရှိသေးတာကြောင့် အတော်ကို လက်ဆက်သေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထပ်ပြီးတော့ Threat တစ်ခုအနေနဲ့ ဖြည့်တွေးရရင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှာ နဂိုက Type-053 ဖရီးဂိတ် သုံးစီးကို အသုံးပြုနေတာကြောင့် စီးရီးအလိုက်ဆင်းသက်လာတဲ့ ဒီစစ်သင်္ဘောနှစ်စီးကို အသုံးပြုဖို့ဆိုရင် အခက်အခဲ ဘာမှမရှိသလောက်ပဲဖြစ်ပါတယ်။
တပ်ဆင်ထားတဲ့ C-802 ဒုံးပျံတွေ နဲ့ HHQ7 လေကြောင်းကာကွယ်ရေးစနစ်တွေဟာလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်အနေနဲ့ ရင်းနှီးနေပြီးသားလက်နက်စနစ်တွေဖြစ်ပါတယ်။

Type-053H3 Frigate

 ဈးဘယ်လောက်ပေးရလဲလို့ မသိပေမယ့် ထိုင်းနိုင်ငံဟာ Type-053H2 စစ်ရေယာဉ်တစ်စီးကို ဘတ်ငွေ နှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၅သန်းခန့်) နဲ့ဝယ်ယူခဲ့တာကြောင့် H3 စစ်ရေယာဉ်ဟာ ဒီထက်ပိုများမယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းရပါတယ်။ ဘာပဲပြောပြော ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ သူတို့ရဲ့သက်တမ်းရင့် ဖရီးဂိတ်စစ်သင်္ဘောတွေနေရာမှာ နောက်ထပ် အသုံးပြုပြီးသား တစ်ပါတ်ရစ် ဖရီးဂိတ်တွေနဲ့ ထပ်မံအစားထိုးမယ့်လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ပဲ ရွေးချယ်လိုက်တာကိုတွေ့ရပါတယ်။
ခုလို ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ 053 စစ်ရေယာဉ်အဟောင်းတွေကိုပဲ ထပ်မံရွေးချယ်ဝယ်ယူမှုဟာ သင့်တော်ပြီးအမျှော်အမြင်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်ဖွဲ့မှာ ခုဆိုရင် တရုတ်နိုင်ငံထုတ် စစ်သင်္ဘောတွေပိုမိုများပြားလာပြီး ဖရီးဂိတ် ၅ စီး ကော်ဗတ် ၄ စီး ကင်းလှည့်ရေယာဉ် ၄ စီးအထိရှိနေပြီဖြစ်ပါတယ်။



            အဓိက ဖရီးဂိတ်စစ်သင်္ဘောအုပ်စုမှာ ဒုံးပျံတင်ဖရီးဂိတ် ၆ စီး ရှိလာတော့မှာဖြစ်ပြီး ငါးစီးဟာ 053 အမျိုးအစားတွေဖြစ်ပါတယ်။ဒီလို ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ Frigate Fleet ကိုကြည့်ရင်းနဲ့ အတွေးပေါ်မိတာကတော့ အနာဂါတ်မှာ များပြားလှတဲ့ 053 စစ်သင်္ဘောတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာပဲဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပိုင်းလောက်က Type-053H1 ဖရီးဂိတ် နှစ်စီးသာပိုင်ဆိုင်ထားတဲ့ မြန်မာရေတပ်အပေါ်မှာ ဒီလိုသုံးသပ်ချက်မျိုးရှိခဲ့ဖူးပါတယ်။ H1 တွေဟာ တရုတ်နိုင်ငံထုတ်စစ်သင်္ဘောတွေဖြစ်တဲ့အပြင် သက်တမ်းဟာလည်း နှစ်သုံးဆယ်ကျော်ခဲ့ပြီမို့ ကြာရှည်အသုံးပြုဖို့ စဉ်းစားရမယ့်အပိုင်းတွေရှိလာတယ်လို့ သုံးသပ်ကြပါတယ်။

Type-053H3 Frigate

             အနာဂါတ်မှာ မဟာဗန္ဓုလ နဲ့ မဟာသီဟသူရ စစ်သင်္ဘောနှစ်စီးသာ အနားယူသွားပါက ထိခိုက်လာနိုင်ချေရှိတဲ့ အနာဂါတ် ဖရီးဂိတ်ဆိုဒ် ကို စိတ်ဝင်စားသူတွေ တွက်ဆခဲ့ဖူးသလို ခုဆိုရင်လဲ ဘင်္ဂလားဒေ့ရှ်ရေတပ်၏ အနာဂါတ် ဖရီးဂိတ်တပ်ဖွဲ့ အရွယ်အစားအား တွက်ဆကြည့်လို့ရပြီဖြစ်သည်။အကြောင်းကတော့ ရှေ့က သင်္ဘောသုံးစီးဟာလည်း မြန်မာရေတပ်က သင်္ဘောတွေလိုပဲ နှစ် ၃၀ တန်း တွေ ဖြစ်နေတာကြောင့်ပါပဲ။

ဆရာထက်အောင်ထံမှ ကူးယူဖော်ပြသည်။

တိုက်လေယာဉ်ရွေးချယ်ဝယ်ယူခြင်းအတွက်ယေဘူယျလေ့လာစမ်းစစ်သင့်သည်များ


မကြာသေးမီက ယူကရိန်းအခြေစိုက် Defence Blog မှ တင်ပြခဲ့တဲ့ ဘီလာရုစ်လေတပ်အတွက် ရုရှားနိုင်ငံထုတ် Su-30SM တိုက်လေယာဉ်များ ဝယ်ယူခဲ့ခြင်းအပေါ် ဘီလာရုစ် defence blogger များအဖွဲ့ခေါင်းဆောင်က ဝေဖန်ခဲ့တဲ့ကိစ္စကို သတိပြုမိလိုက်ကြပါလိမ့်မယ်..
ဘီလာရုစ်လေတပ် SU-30 SM 
၎င်းတို့အဖွဲ့ဟာ ကုန်ကျစားရိတ်များပြားလွန်းတဲ့ ရုရှားထုတ် Su-30SM များအစား စားရိတ်သက်သာတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များကို ဝယ်ယူသင့်တယ်လို့ ဝေဖန်ရေးသားခဲ့တာဖြစ်ပြီး Su-30SM တိုက်လေယာဉ်တစ်စီးရဲ့ ၃၅ နှစ်တာ သက်တမ်းတစ်ခုအတွင်း အဆိုပါလေယာဉ်ရဲ့ မူလ တစ်စီးချင်းဈေးနှုန်းရဲ့ နှစ်ဆမှ နှစ်ဆခွဲခန့်ကုန်ကျနိုင်တယ်လို့ ဇောင်းပေးရေးသားထားကြတာကိုတွေ့ရပါတယ်။
ဆောင်းပါးအရ Su-30SM တိုက်လေယာဉ်များဟာ တစ်စီးချင်းဈေးနှုန်း ဒေါ်လာ သန်း ၅၀ ခန့်ရှိနိုင်ပြီး သက်တမ်း (၃၅)နှစ်အတွင်း ၎င်းလေယာဉ်တစ်စီးရဲ့ ကုန်ကျစားရိတ်ဟာ ဒေါ်လာ (၁၈၅)သိန်းကနေ သန်း (၂၁၀)ကြားရှိနိုင်တယ်လို့ဆိုပါတယ်. ဒါ့ကြောင့် Su-30SM (၁၂)စီးတစ်အုပ်ရဲ့ (၃၅)နှစ်တာကုန်ကျစားရိတ်ဟာ ဒေါ်လာ (၂.၂၂)ဘီလျံကနေ (၂.၅၂)ဘီလျံကုန်ကျမှာဖြစ်တယ်လို့ဆိုပါတယ်. အင်ဂျင်ဟာလည်း Su-30SM များဟာ သက်တမ်းအတွင်း (၃)စုံလဲလှယ်ရမှာဖြစ်ပြီး F-16 ကတော့တစ်လုံးတည်းကိုသာ ဆက်တိုက်သုံးနိုင်တယ်လို့ဆိုပါတယ်. (အဲဒီအချက်ဟာ အလုံးစုံမမှန်ကန်ပဲ ပုံမှန်အားဖြင့် လေယာဉ်အုပ်အလိုက် အချိုးကျ အရံအင်ဂျင်များ ဆောင်ထားရပါတယ်) ဆီစားသက်သာတာကတော့ မပါမဖြစ်ပေါ့လေ. သူတို့ရဲ့ ဥပမာပေးမှုမှာ ဒေသတွင်း ပိုလန်နိုင်ငံရဲ့ ရုရှားထုတ် တိုက်လေယာဉ်များအစား အမေရိကန်ထုတ် F-16 Block 52+ များကို အစားထိုးသုံးစွဲနေမှုကို စံပြုထားတာလည်းတွေ့ရပါတယ်။


F-16


တိုက်လေယာဉ်တစ်စီးဝယ်ယူရာမှာ အခြေခံအားဖြင့်
☑️ မိမိနိုင်ငံ၏လေပိုင်နက်အကျယ်အဝန်း
☑️ လေယာဉ်ကွင်းများနှင့်အခြေခံအဆောက်အဦအခြေအနေ
☑️ ဘဏ္ဍာရေးအခြေအနေ
☑️ မဟာဗျူဟာနှင့်လေကြောင်းကာကွယ်ရေးကျောရိုး
☑️ ပြည်ပနိုင်ငံများမှ လေကြောင်းဆိုင်ရာအန္တရာယ်
☑️ ပြည်တွင်းရန်စွယ်အခြေအနေ
စသည့်အချက်အလက်များအပြင်
 ပြည်ပဆက်ဆံရေးအခြေအနေ
 အိမ်နီးချင်းနယ်စပ်ဒေသအခြေအနေ
စသဖြင့် အချက်အလက်များစွာကို ထောက်ချင့်တွက်ချက်ကာ ဝယ်ယူရမှာဖြစ်တယ်...
🔰 ပထမဆုံးအနေနဲ့ ဘီလာရုစ်ဘလော့ဂါတို့ ဇောင်းပေးဝေဖန်ခဲ့တဲ့ကုန်ကျစားရိတ်ကို ဝေဖန်ပြရမည်ဆိုလျှင် အဆိုပါတိုက်လေယာဉ်နှစ်စီးရဲ့ မတူညီတဲ့ စွမ်းဆောင်မှုကဏ္ဍကို မီးမောင်းထိုးပြရမှာဖြစ်ပါတယ်..
F-16 တိုက်လေယာဉ်များဟာ အင်ဂျင်တစ်လုံးတပ် Light Multi Role Combat Aircraft - LMRCA အပေါ့စားဘက်စုံသုံးတိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး F-15C Air Superiority Fighter နှင့် F-15E Strike Fighterများကို နောက်ခံကျောရိုးပြုကာ လှုပ်ရှားရသည့်အမျိုးအစားဖြစ်ကာ လေပိုင်နက်ကျဉ်းမြောင်းသော နိုင်ငံငယ်များတွင်မူ စားရိတ်သက်သက်သာသာနဲ့ ဘက်စုံအသုံးချနိုင်အောင်ကျောရိုးပြုသုံးနေကြတာကို တွေ့ရပါတယ်.
Su-30 တိုက်လေယာဉ်များဟာဆိုရင်တော့ အင်ဂျင်နှစ်လုံးတပ် Heavy Multi Role Combat Aircraft အမျိုးအစားဖြစ်ပြီး အနောက်နိုင်ငံလုပ်ထဲကဆိုရင်တော့ F-15E တိုက်လေယာဉ်နဲ့ အမျိုးတူတယ်လို့ နှိုင်းယှဉ်နိုင်ပါတယ်.
သဘောသဘာဝအရ Su-30 ဟာ ခရီးရှည်ထိုးဖောက်ချီတက်ဖို့နဲ့ လေထဲမှာကြာကြာနေပြီး လေကြောင်းစိုးမိုးရေးလုပ်ဆောင်ရန်ဖြစ်တာကြောင့် သယ်ဆောင်ဖို့ လေယာဉ်အရွယ်အစားကြီးမားပြီး အင်ဂျင်ကလည်း နှစ်လုံးတပ်ဆင်ထားရပါတယ်.

F-15E 

F-16 ကတော့ ပေါ့ပါးစွာလှုပ်ရှားစစ်ကစားဖို့နဲ့ သတ်မှတ်စစ်ဆင်ရေးတစ်ခုအတွက် ခရီးတိုချီတက်စစ်ဆင်ရန်ဖြစ်တာကြောင့် အင်ဂျင်တစ်လုံးသာပါပြီး လက်နက်ပမာဏလည်း အနည်းငယ်သာသယ်ဆောင်နိုင်ပါတယ်.
F-16 နဲ့ Su-30 တို့ဟာ မျိုးမတူတာနဲ့အမျှ ရေဒါတပ်ဆင်မှု စွမ်းအင်သုံးစွဲမှုကလည်းကွာခြားပါတယ်. အရွယ်အစားချင်းလည်းကွာခြားသလို အင်ဂျင်တွန်းကန်အားလည်းကွာခြားတာကြောင့် ဆီစားနှူန်းလည်းကွာခြားပါတယ်. ဒါဟာ သာမန်အကြမ်းတွေးကြည့်ရင်တောင် သိနိုင်တဲ့အရာတွေပါ.
ပြန်ရတဲ့ capacity ချင်းကြည့်ရင်လည်း ဝေဟင်ဆီဖြည့်မှုအထောက်အပံ့သာမပါခဲ့ရင် F-16 တိုက်လေယာဉ် အနည်းဆုံး နှစ်သုတ်တက်မှ ကာကွယ်နိုင်တဲ့အချိန်နဲ့ အကွာအဝေးအတိုင်းအတာကို Su-30 က တစ်ကြိမ်ပျံတက်ရုံမျှနဲ့ ထိန်းထားနိုင်ပါတယ်. ရေဒါထောက်ထားနိုင်တဲ့အကွာအဝေးကလည်း တစ်ဆကျော်လောက်ကွာတဲ့အတွက် ကာကွယ်နိုင်မှု အဝန်းအဝိုင်းလည်း ကျယ်ပြန့်ပါတယ်.
🔰 သို့သော်....
မိမိနိုင်ငံရဲ့အကျယ်အဝန်းအနေအထား ပတ်ဝန်းကျင်အန္တရာယ်များအရ ခရီးဝေးစစ်ဆင်ဖို့လိုနေလား မလိုလားဆိုတာပေါ်မူတည်ပြီး Su-30 လား. F-16 လားဆိုတာကိုရွေးချယ်ရမှာဖြစ်ပြီး ကိုယ့်လေတပ်က ဒီကုန်ကျစားရိတ်ကို ရေရှည်ခံနိုင်ရည်ရှိရဲ့လား. ကိုယ့်လေယာဉ်တွေ 99% availability ဖြစ်နေအောင် ထောက်ပံ့မှုလုပ်နိုင်လားဆိုတာလည်း ထည့်တွက်ရမယ်.
🔰 ပြီးတော့ နိုင်ငံတကာဆက်ဆံရေး.
ပိုလန်ဟာ စစ်အေးခေတ်မှာ အရှေ့အုပ်စုရဲ့အဖွဲ့ဝင်ကြီးဖြစ်ပေမယ့် စစ်ပြီးခေတ်မှာ EU ရော NATO ထဲရော ခြေစုံပစ်ဝင်ခွင့်ရသွားတဲ့နိုင်ငံ. ရုရှားနဲ့အနီးစပ်ဆုံးဒေသက မဟာဗျူဟာမြောက်အိမ်နီးချင်းတစ်နိုင်ငံကို NATO တပ်တွေ တပ်ဖြန့်ဖို့အထိ သိမ်းသွင်းထားတာမို့ ရုရှားထုတ် MiG-29 တွေနဲ့ကျောရိုးယူထားတဲ့လေတပ်ကို western ပုံစံပြောင်းနိုင်ဖို့ F-16 ရဲ့အဆင့်မြင့်မျိုးဆက်တစ်ခုကို အစားထိုးပေးဖို့ အမေရိကန်က စိတ်လိုလက်ရကိုလုပ်ဆောင်ပေးခဲ့တာပေါ့.. ပိုလန်အနောက်ယိမ်းသွားချိန်ဟာလည်း ဝါဆောအုပ်စုပြိုကွဲပြီး ဆိုဗီယက်ပျက်သုန်းတပ်ပျက်ချိန်မို့ နိုင်ငံရေးဖိအားကလည်း သိပ်မရှိခဲ့ဘူး...
ဘီလာရုစ်ကြတော့ ရုရှားနဲ့နှစ်ပြည့်တစ်ပြည်လို့တောင် ပြောလို့ရတဲ့နိုင်ငံ. ရုရှားထုတ်လေယာဉ်တွေကို Overhaul လုပ်တာကစပြီး ထပ်ဆောင်းအဆင့်မြှင့်တာ လက်နက်တပ်ဆင်တာကအစ လုပ်ပေးနေတဲ့နိုင်ငံ. ရုရှားအတွက်သူ့ရဲ့ခွဲထွက်နိုင်ငံတွေထဲမှာ အရေးအပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တာမို့ သူ့အတွက် F-16 ကို အမေရိကန်ကရောင်းပေးရင်တောင် ဝယ်လို့မရဘူး. ရုရှားထုတ်အစား အမေရိကန်ထုတ်ကိုသာ ရွေးချယ်မိရင် ဖြစ်လာမယ့်နိုင်ငံရေးဖိအားက သေးလိမ့်မှာမဟုတ်ဘူးဆိုတာ သိသာပါတယ်..

မြန်မာ့  SU-30SM

🔰ပြီးတော့ အမေရိကန်ရဲ့ စစ်လက်နက်ဈေးနှုန်း......
အခြေခံနှိုင်းယှဉ်ကြည့်ရင်တောင် ရုရှားထုတ် Su-30SM လို Striker Fighter က သန်း(၅၀)ဝန်းကျင်နဲ့ရနေချိန်မှာ အမေရိကန်ထုတ် F-16 Block 52 လို Light Fighter တစ်စီးဟာ ဒေါ်လာ (၆၅)သန်းကနေ သန်း(၇၀)ကြား ဈေးရှိတယ်. အပိုပစ္စည်းဈေးကလည်း ခေါင်ခိုက်ပြီး လေယာဉ်တစ်စီးကို အပို (၁၀)သန်းလောက်ထပ်ဆောင်းပေးရတယ်...
🔰နောက်တစ်ချက် အမေရိကန်ရဲ့စစ်လက်နက်ရေးရာမူဝါဒ ....
သူ့ရဲ့လက်နက်ရောင်းချတဲ့မူဝါဒက စီးပွားရေး၊ နိုင်ငံရေးနဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး သူမလိုရင် မလိုသလို အတိုးအလျော့လုပ်တတ်တာက ဝယ်သူအတွက်စိတ်မအေးဖြစ်ရတဲ့အချက်တစ်ခုဖြစ်စေတယ်...
လတ်တလော ဖြစ်ရပ်တွေကိုကြည့်ရင် ပါကစ္စတန်ကို F-16 အပိုပစ္စည်းတွေ ရောင်းမပေးလို့ ဒုက္ခပင်လယ်ဝေခဲ့ရတာတွေ... ငွေလုံးငွေရင်းစိုက်ထုတ်ထားတဲ့ တူရကီကို F-35 မပေးတော့တဲ့ကိစ္စ.. အစ္စရေးလို အရမ်းရင်းတဲ့နိုင်ငံက သူ့နိုင်ငံသုံးပြီးသား F-16 အဟောင်းတွေကို ခရိုအေးရှားကိုရောင်းမယ့်ဟာတောင် သူမရောင်းရမှာစိုးလို့ မဟားတရားတွေလိုက်တားတာတွေက သက်သေပဲ... နောက်ပိုင်း ယိုးဒယားက အရှေ့ဘက်ခြမ်းနိုင်ငံတွေရဲ့လက်နက်ကို ပြောင်းဝယ်လာတာတွေက အဲဒီမူဝါဒတွေကို မခံနိုင်လို့ရွေ့လာတာလို့ယူဆလို့ရပါတယ်...
အဆိုပါအချက်အလက်များကို ထောက်ချင့်ခြင်းအားဖြင့် ဘီလာရုစ်ဟာ Su-30SM နဲ့ F-16 ကြား မည်ကဲ့သို့မျှ ရွေးချယ်ခွင့်ရှိနိုင်မှာမဟုတ်တာကြောင့် ဘီလာရုစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်းက မည်ကဲ့သို့မျှအကြောင်းညီညွတ်မှုမရှိကြောင်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်...
ကျွန်ုပ်၏ လေတပ်အတွက်တိုက်လေယာဉ်ရွေးချယ်မှုနှင့် မဟာဗျူဟာအပေါ်သက်ရောက်မှုစာတမ်းမှကောက်နှုတ်ချက်အချို့နှင့်တွဲဖက်ဖော်ပြလိုက်သည်...