Monday, October 26, 2020

TWS-312 လေကြောင်းရန်ကာကွယ်ရေး အထောက်ကူပေး လက်နက်စနစ်


TWS-312 ဆိုတာကတော့ တရုပ်နိုင်ငံထုတ် အနိမ့်ပျံ လေကြောင်းရန်ကာကွယ်ရေးသုံး တာတိုပစ် ပုခုံးထမ်းတွေကို စွမ်းဆောင်ရည် ပိုမိုမြင့်မားစေတဲ့ သတင်းအချက်လက်နဲ့ အမိန့်ပေးစနစ်ပဲဖြစ်ပါတယ်…

 

မြန်မာ့တပ်မတော်အနေနဲ့ ဘယ်အချိန်ကတည်းက စတင်အသုံးပြုသည်ဆိုတာ မသိရပေမယ့် သတင်းတွေအရ ပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်နိုင်နေပြီလို့သိရပါတယ်…

 


TWS-312 စနစ်

TWS-312 စနစ်အကြောင်းပြောဖို့ဆိုရင်တော့ ကျနော်တို့အနေနဲ့ ပုခုံးထမ်းဒုံးတွေအကြောင်း အကြမ်းဖျင်းတော့ သိထားဖို့လိုပါတယ်… ပုံခုံထမ်းဒုံးစနစ် MANPAD တွေဟာ ယနေ့ခေတ်စစ်လက်နက်စိတ်ဝင်စားသူတိုင်းအတွက် အထူးအဆန်တော့မဟုတ်တော့ပါဘူး… ဒုံးစနစ်မှာ လောင်ချာအပိုင်း ဒုံးအပိုင်းအပြင် မောင်းနှင်မယ့် ဘက်ထရီအပိုင်းတွေပါ ပါဝင်လာပါပြီ… ဒုံးကိုပစ်ခတ်ရန်စတင် အသက်သွင်းလိုက်တာနဲ့ တပြိုင်နက်တည်း ဘက်ထရီဟာ ပါဝါစတင်လိုက်တာမို့ သူဟာ အချိန်အကန့်အသတ်ရှိပါတယ်… တဖက်ရန်သူ့ပစ်မှတ်တွေကို တချိန်လုံးလိုက်ချိန်နေဖို့ ဘက်ထရီကမစွမ်းသာပါဘူး.. ဒီတော့ ကောက်ခါငြင်ခါသုံးမယ်ဆိုရင် တိကျမှုအပိုင်းမှာ စွမ်းဆောင်ရည်ကျဆင်းသွားပါမယ်.. ထိမှန်နိုင်မှုအပိုင်းမှာ ရာခိုင်နှုန်းပိုနည်းသွားနိုင်တာမို့ ဆက်တိုက်အသုံးပြုဖို့ ခက်ခဲပါတယ်…

 

ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ကောင်းမွန်တဲ့ ကြိုတင်သတင်းထောက်လှမ်းရေး ရေဒါစနစ်တွေလိုအပ်လာပါပြီ… သဘောကတော့ ကျနော်တို့အနေနဲ့ မိမိရေဒါတွေကတဆင့် ရန်သူ့လုပ်ရှားမှုကို ကြိုတင်သိရှိခဲ့မယ်ဆိုရင် ပုခုံးထမ်းဒုံးနဲ့ သတင်းချိတ်ဆက်ပြီး ပစ်မှတ်ရဲ့ အလျှင် အမြင့် စတဲ့ အကွာအဝေးတွေနဲ့အတူ ဘယ်အချိန်မှာ စတင်တိုက်ခိုက်မယ်ဆိုတာ ဆုံးဖြတ်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်…

ဒါကြောင့် ပုခုံးထမ်းဒုံး လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေအတွက် TWS-312 လို အထောက်ကူပြုစနစ်တွေက အရေးပါနေရတာဖြစ်ပါတယ်…

 

TWS-312 စနစ်တစ်ခုလုံးလည်ပတ်ဖို့အချိန်အားဖြင့် ၁၀မိနစ်အောက်သာ လိုအပ်သလို သတင်းအချက်လက်ဖြန့်ဝေဖို့ ၅မိနစ်အောက်သာလိုအပ်ပါတယ်… TWS-312 စနစ်ဟာ ပစ်မှတ် ၂၂ ခုအထိ ထောက်လှမ်းနိုင်ပြီး ပခုံးထမ်းဒုံး ၁၂ လက်ကို တပြိုင်နက်တည်း ပစ်မိန့်ပေးနိုင်ပါတယ်… ထောက်လှမ်းနိုင်တဲ့အကွာအဝေးအနေနဲ့ RCS (ရေဒါဖြတ်ပိုင်း) အစားစားကို ၃၅ ကီလိုမီတာကနေ ၂၀ ကီလိုမီတာအတွင်း ရှာဖွေထောက်လှမ်းနိုင်ပါတယ်…

လေယာဉ်ပစ်အမြောက်

ပခုံးထမ်းဒုံး


TWS-312 စနစ်တစ်ခုအနေနဲ့ MANPAD ၁၂လက် လေယာဉ်ပစ်အမြောက် ၁၂ လက်ကို အုပ်ချုပ်ကွပ်ကဲနိုင်စွမ်းရှိပါတယ်… ရေဒါယာဉ်တစ်စီး ဒုံး ၁၂ လက် လေယာဉ်ပစ်အမြောက် ၁၂လက်ဆိုတာ အားကောင်းတဲ့ စနစ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်…


Smart COM

ဒီ TWS-312စနစ်တွေကို ထပ်ဆင့်ထိန်းချုပ်ဖို့ကိုတော့ Smart COM ဆိုတဲ့စနစ်ကြီးက တာဝန်ယူထားပါတယ်… Smart COM စနစ်ကြီးမှာတော့ TWS-312 ရေဒါယာဉ် ၄ စီးအထိကွပ်ကဲတာဝန်ယူတာမို့ အကြမ်းဖျင်းတွက်ကြည့်မယ်ဆိုရင် ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေးဒုံး ၄၈ လက် နဲ့အတူ လေယာဉ်ပစ်အမြောက် ၄၈ လက်ကို တပြိုင်နက်တည်း ပစ်မိန့်ပေးနိုင်ပါတယ်….

 

မိမိတို့ တပ်မတော်လို တည်ဆောက်ဆဲ တပ်မတော်တွေအတွက် နဲနဲ နဲ့ကျဲကျဲ တပ်ဖြန့်ချထားပြီး ရန်သူ့ မြန်နှုန်းနည်းပြီး အနိမ့်ပျံလာတဲ့ မောင်းသူမဲ့လေယာဉ်များ ရဟတ်ယာဉ်များ ပစ်ကူပေးအနိမ့်ဆင်းဗုံးကြဲလေယာဉ်များကို တိုက်ခိုက်ချေမှုန်းနိုင်စွမ်း တိုးတက်စေမှာလည်း ဖြစ်ပါတယ်…  လက်ရှိမြန်မာ့တပ်မတော်အနေနဲ့ တာတို တာလတ် တာဝေး စသည့် အလွှာလိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်ကြီးတွေကို တပ်ဖြန့်ထားနိုင်ပြီဆိုတာ ကျင်းပခဲ့သော တပ်မတော်နေ့အခမ်းနားများပါ မြင်တွေ့ရသည့် လေကြောင်းရန်ကာကွယ်ရေးဒုံးများ အမြောက်များကို ကြည့်ခြင်းအားဖြင့် တွေ့ရပါတယ်…

 

ပုံများအား မြ၀တီရုပ်သံမှ ကူးယူဖော်ပြပါသည်။

KoMM

Sunday, December 1, 2019

ဘင်္ဂလားဒေ့ရှ်ရေတပ် Type-053H3 Frigate



ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ မကြာမီမှာ တရုတ်နိုင်ငံကနေဝယ်ယူထားတဲ့ Type-053H3 အတန်းအစား ဖရီးဂိတ်စစ်သင်္ဘော နှစ်စီးကို လက်ခံရရှိတော့မှာဖြစ်ပါတယ်။ တရုတ်ရေတပ်မှာ အသုံးပြုပြီးသားအဟောင်းဖြစ်ပေမယ့်လည်း သက်တမ်းအရတော့ နှစ် နှစ်ဆယ်ကျော်သာရှိသေးတာကြောင့် အတော်ကို လက်ဆက်သေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထပ်ပြီးတော့ Threat တစ်ခုအနေနဲ့ ဖြည့်တွေးရရင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှာ နဂိုက Type-053 ဖရီးဂိတ် သုံးစီးကို အသုံးပြုနေတာကြောင့် စီးရီးအလိုက်ဆင်းသက်လာတဲ့ ဒီစစ်သင်္ဘောနှစ်စီးကို အသုံးပြုဖို့ဆိုရင် အခက်အခဲ ဘာမှမရှိသလောက်ပဲဖြစ်ပါတယ်။
တပ်ဆင်ထားတဲ့ C-802 ဒုံးပျံတွေ နဲ့ HHQ7 လေကြောင်းကာကွယ်ရေးစနစ်တွေဟာလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်အနေနဲ့ ရင်းနှီးနေပြီးသားလက်နက်စနစ်တွေဖြစ်ပါတယ်။

Type-053H3 Frigate

 ဈးဘယ်လောက်ပေးရလဲလို့ မသိပေမယ့် ထိုင်းနိုင်ငံဟာ Type-053H2 စစ်ရေယာဉ်တစ်စီးကို ဘတ်ငွေ နှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၅သန်းခန့်) နဲ့ဝယ်ယူခဲ့တာကြောင့် H3 စစ်ရေယာဉ်ဟာ ဒီထက်ပိုများမယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းရပါတယ်။ ဘာပဲပြောပြော ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ သူတို့ရဲ့သက်တမ်းရင့် ဖရီးဂိတ်စစ်သင်္ဘောတွေနေရာမှာ နောက်ထပ် အသုံးပြုပြီးသား တစ်ပါတ်ရစ် ဖရီးဂိတ်တွေနဲ့ ထပ်မံအစားထိုးမယ့်လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ပဲ ရွေးချယ်လိုက်တာကိုတွေ့ရပါတယ်။
ခုလို ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ 053 စစ်ရေယာဉ်အဟောင်းတွေကိုပဲ ထပ်မံရွေးချယ်ဝယ်ယူမှုဟာ သင့်တော်ပြီးအမျှော်အမြင်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်ဖွဲ့မှာ ခုဆိုရင် တရုတ်နိုင်ငံထုတ် စစ်သင်္ဘောတွေပိုမိုများပြားလာပြီး ဖရီးဂိတ် ၅ စီး ကော်ဗတ် ၄ စီး ကင်းလှည့်ရေယာဉ် ၄ စီးအထိရှိနေပြီဖြစ်ပါတယ်။



            အဓိက ဖရီးဂိတ်စစ်သင်္ဘောအုပ်စုမှာ ဒုံးပျံတင်ဖရီးဂိတ် ၆ စီး ရှိလာတော့မှာဖြစ်ပြီး ငါးစီးဟာ 053 အမျိုးအစားတွေဖြစ်ပါတယ်။ဒီလို ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ Frigate Fleet ကိုကြည့်ရင်းနဲ့ အတွေးပေါ်မိတာကတော့ အနာဂါတ်မှာ များပြားလှတဲ့ 053 စစ်သင်္ဘောတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာပဲဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပိုင်းလောက်က Type-053H1 ဖရီးဂိတ် နှစ်စီးသာပိုင်ဆိုင်ထားတဲ့ မြန်မာရေတပ်အပေါ်မှာ ဒီလိုသုံးသပ်ချက်မျိုးရှိခဲ့ဖူးပါတယ်။ H1 တွေဟာ တရုတ်နိုင်ငံထုတ်စစ်သင်္ဘောတွေဖြစ်တဲ့အပြင် သက်တမ်းဟာလည်း နှစ်သုံးဆယ်ကျော်ခဲ့ပြီမို့ ကြာရှည်အသုံးပြုဖို့ စဉ်းစားရမယ့်အပိုင်းတွေရှိလာတယ်လို့ သုံးသပ်ကြပါတယ်။

Type-053H3 Frigate

             အနာဂါတ်မှာ မဟာဗန္ဓုလ နဲ့ မဟာသီဟသူရ စစ်သင်္ဘောနှစ်စီးသာ အနားယူသွားပါက ထိခိုက်လာနိုင်ချေရှိတဲ့ အနာဂါတ် ဖရီးဂိတ်ဆိုဒ် ကို စိတ်ဝင်စားသူတွေ တွက်ဆခဲ့ဖူးသလို ခုဆိုရင်လဲ ဘင်္ဂလားဒေ့ရှ်ရေတပ်၏ အနာဂါတ် ဖရီးဂိတ်တပ်ဖွဲ့ အရွယ်အစားအား တွက်ဆကြည့်လို့ရပြီဖြစ်သည်။အကြောင်းကတော့ ရှေ့က သင်္ဘောသုံးစီးဟာလည်း မြန်မာရေတပ်က သင်္ဘောတွေလိုပဲ နှစ် ၃၀ တန်း တွေ ဖြစ်နေတာကြောင့်ပါပဲ။

ဆရာထက်အောင်ထံမှ ကူးယူဖော်ပြသည်။

တိုက်လေယာဉ်ရွေးချယ်ဝယ်ယူခြင်းအတွက်ယေဘူယျလေ့လာစမ်းစစ်သင့်သည်များ


မကြာသေးမီက ယူကရိန်းအခြေစိုက် Defence Blog မှ တင်ပြခဲ့တဲ့ ဘီလာရုစ်လေတပ်အတွက် ရုရှားနိုင်ငံထုတ် Su-30SM တိုက်လေယာဉ်များ ဝယ်ယူခဲ့ခြင်းအပေါ် ဘီလာရုစ် defence blogger များအဖွဲ့ခေါင်းဆောင်က ဝေဖန်ခဲ့တဲ့ကိစ္စကို သတိပြုမိလိုက်ကြပါလိမ့်မယ်..
ဘီလာရုစ်လေတပ် SU-30 SM 
၎င်းတို့အဖွဲ့ဟာ ကုန်ကျစားရိတ်များပြားလွန်းတဲ့ ရုရှားထုတ် Su-30SM များအစား စားရိတ်သက်သာတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များကို ဝယ်ယူသင့်တယ်လို့ ဝေဖန်ရေးသားခဲ့တာဖြစ်ပြီး Su-30SM တိုက်လေယာဉ်တစ်စီးရဲ့ ၃၅ နှစ်တာ သက်တမ်းတစ်ခုအတွင်း အဆိုပါလေယာဉ်ရဲ့ မူလ တစ်စီးချင်းဈေးနှုန်းရဲ့ နှစ်ဆမှ နှစ်ဆခွဲခန့်ကုန်ကျနိုင်တယ်လို့ ဇောင်းပေးရေးသားထားကြတာကိုတွေ့ရပါတယ်။
ဆောင်းပါးအရ Su-30SM တိုက်လေယာဉ်များဟာ တစ်စီးချင်းဈေးနှုန်း ဒေါ်လာ သန်း ၅၀ ခန့်ရှိနိုင်ပြီး သက်တမ်း (၃၅)နှစ်အတွင်း ၎င်းလေယာဉ်တစ်စီးရဲ့ ကုန်ကျစားရိတ်ဟာ ဒေါ်လာ (၁၈၅)သိန်းကနေ သန်း (၂၁၀)ကြားရှိနိုင်တယ်လို့ဆိုပါတယ်. ဒါ့ကြောင့် Su-30SM (၁၂)စီးတစ်အုပ်ရဲ့ (၃၅)နှစ်တာကုန်ကျစားရိတ်ဟာ ဒေါ်လာ (၂.၂၂)ဘီလျံကနေ (၂.၅၂)ဘီလျံကုန်ကျမှာဖြစ်တယ်လို့ဆိုပါတယ်. အင်ဂျင်ဟာလည်း Su-30SM များဟာ သက်တမ်းအတွင်း (၃)စုံလဲလှယ်ရမှာဖြစ်ပြီး F-16 ကတော့တစ်လုံးတည်းကိုသာ ဆက်တိုက်သုံးနိုင်တယ်လို့ဆိုပါတယ်. (အဲဒီအချက်ဟာ အလုံးစုံမမှန်ကန်ပဲ ပုံမှန်အားဖြင့် လေယာဉ်အုပ်အလိုက် အချိုးကျ အရံအင်ဂျင်များ ဆောင်ထားရပါတယ်) ဆီစားသက်သာတာကတော့ မပါမဖြစ်ပေါ့လေ. သူတို့ရဲ့ ဥပမာပေးမှုမှာ ဒေသတွင်း ပိုလန်နိုင်ငံရဲ့ ရုရှားထုတ် တိုက်လေယာဉ်များအစား အမေရိကန်ထုတ် F-16 Block 52+ များကို အစားထိုးသုံးစွဲနေမှုကို စံပြုထားတာလည်းတွေ့ရပါတယ်။


F-16


တိုက်လေယာဉ်တစ်စီးဝယ်ယူရာမှာ အခြေခံအားဖြင့်
☑️ မိမိနိုင်ငံ၏လေပိုင်နက်အကျယ်အဝန်း
☑️ လေယာဉ်ကွင်းများနှင့်အခြေခံအဆောက်အဦအခြေအနေ
☑️ ဘဏ္ဍာရေးအခြေအနေ
☑️ မဟာဗျူဟာနှင့်လေကြောင်းကာကွယ်ရေးကျောရိုး
☑️ ပြည်ပနိုင်ငံများမှ လေကြောင်းဆိုင်ရာအန္တရာယ်
☑️ ပြည်တွင်းရန်စွယ်အခြေအနေ
စသည့်အချက်အလက်များအပြင်
 ပြည်ပဆက်ဆံရေးအခြေအနေ
 အိမ်နီးချင်းနယ်စပ်ဒေသအခြေအနေ
စသဖြင့် အချက်အလက်များစွာကို ထောက်ချင့်တွက်ချက်ကာ ဝယ်ယူရမှာဖြစ်တယ်...
🔰 ပထမဆုံးအနေနဲ့ ဘီလာရုစ်ဘလော့ဂါတို့ ဇောင်းပေးဝေဖန်ခဲ့တဲ့ကုန်ကျစားရိတ်ကို ဝေဖန်ပြရမည်ဆိုလျှင် အဆိုပါတိုက်လေယာဉ်နှစ်စီးရဲ့ မတူညီတဲ့ စွမ်းဆောင်မှုကဏ္ဍကို မီးမောင်းထိုးပြရမှာဖြစ်ပါတယ်..
F-16 တိုက်လေယာဉ်များဟာ အင်ဂျင်တစ်လုံးတပ် Light Multi Role Combat Aircraft - LMRCA အပေါ့စားဘက်စုံသုံးတိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး F-15C Air Superiority Fighter နှင့် F-15E Strike Fighterများကို နောက်ခံကျောရိုးပြုကာ လှုပ်ရှားရသည့်အမျိုးအစားဖြစ်ကာ လေပိုင်နက်ကျဉ်းမြောင်းသော နိုင်ငံငယ်များတွင်မူ စားရိတ်သက်သက်သာသာနဲ့ ဘက်စုံအသုံးချနိုင်အောင်ကျောရိုးပြုသုံးနေကြတာကို တွေ့ရပါတယ်.
Su-30 တိုက်လေယာဉ်များဟာဆိုရင်တော့ အင်ဂျင်နှစ်လုံးတပ် Heavy Multi Role Combat Aircraft အမျိုးအစားဖြစ်ပြီး အနောက်နိုင်ငံလုပ်ထဲကဆိုရင်တော့ F-15E တိုက်လေယာဉ်နဲ့ အမျိုးတူတယ်လို့ နှိုင်းယှဉ်နိုင်ပါတယ်.
သဘောသဘာဝအရ Su-30 ဟာ ခရီးရှည်ထိုးဖောက်ချီတက်ဖို့နဲ့ လေထဲမှာကြာကြာနေပြီး လေကြောင်းစိုးမိုးရေးလုပ်ဆောင်ရန်ဖြစ်တာကြောင့် သယ်ဆောင်ဖို့ လေယာဉ်အရွယ်အစားကြီးမားပြီး အင်ဂျင်ကလည်း နှစ်လုံးတပ်ဆင်ထားရပါတယ်.

F-15E 

F-16 ကတော့ ပေါ့ပါးစွာလှုပ်ရှားစစ်ကစားဖို့နဲ့ သတ်မှတ်စစ်ဆင်ရေးတစ်ခုအတွက် ခရီးတိုချီတက်စစ်ဆင်ရန်ဖြစ်တာကြောင့် အင်ဂျင်တစ်လုံးသာပါပြီး လက်နက်ပမာဏလည်း အနည်းငယ်သာသယ်ဆောင်နိုင်ပါတယ်.
F-16 နဲ့ Su-30 တို့ဟာ မျိုးမတူတာနဲ့အမျှ ရေဒါတပ်ဆင်မှု စွမ်းအင်သုံးစွဲမှုကလည်းကွာခြားပါတယ်. အရွယ်အစားချင်းလည်းကွာခြားသလို အင်ဂျင်တွန်းကန်အားလည်းကွာခြားတာကြောင့် ဆီစားနှူန်းလည်းကွာခြားပါတယ်. ဒါဟာ သာမန်အကြမ်းတွေးကြည့်ရင်တောင် သိနိုင်တဲ့အရာတွေပါ.
ပြန်ရတဲ့ capacity ချင်းကြည့်ရင်လည်း ဝေဟင်ဆီဖြည့်မှုအထောက်အပံ့သာမပါခဲ့ရင် F-16 တိုက်လေယာဉ် အနည်းဆုံး နှစ်သုတ်တက်မှ ကာကွယ်နိုင်တဲ့အချိန်နဲ့ အကွာအဝေးအတိုင်းအတာကို Su-30 က တစ်ကြိမ်ပျံတက်ရုံမျှနဲ့ ထိန်းထားနိုင်ပါတယ်. ရေဒါထောက်ထားနိုင်တဲ့အကွာအဝေးကလည်း တစ်ဆကျော်လောက်ကွာတဲ့အတွက် ကာကွယ်နိုင်မှု အဝန်းအဝိုင်းလည်း ကျယ်ပြန့်ပါတယ်.
🔰 သို့သော်....
မိမိနိုင်ငံရဲ့အကျယ်အဝန်းအနေအထား ပတ်ဝန်းကျင်အန္တရာယ်များအရ ခရီးဝေးစစ်ဆင်ဖို့လိုနေလား မလိုလားဆိုတာပေါ်မူတည်ပြီး Su-30 လား. F-16 လားဆိုတာကိုရွေးချယ်ရမှာဖြစ်ပြီး ကိုယ့်လေတပ်က ဒီကုန်ကျစားရိတ်ကို ရေရှည်ခံနိုင်ရည်ရှိရဲ့လား. ကိုယ့်လေယာဉ်တွေ 99% availability ဖြစ်နေအောင် ထောက်ပံ့မှုလုပ်နိုင်လားဆိုတာလည်း ထည့်တွက်ရမယ်.
🔰 ပြီးတော့ နိုင်ငံတကာဆက်ဆံရေး.
ပိုလန်ဟာ စစ်အေးခေတ်မှာ အရှေ့အုပ်စုရဲ့အဖွဲ့ဝင်ကြီးဖြစ်ပေမယ့် စစ်ပြီးခေတ်မှာ EU ရော NATO ထဲရော ခြေစုံပစ်ဝင်ခွင့်ရသွားတဲ့နိုင်ငံ. ရုရှားနဲ့အနီးစပ်ဆုံးဒေသက မဟာဗျူဟာမြောက်အိမ်နီးချင်းတစ်နိုင်ငံကို NATO တပ်တွေ တပ်ဖြန့်ဖို့အထိ သိမ်းသွင်းထားတာမို့ ရုရှားထုတ် MiG-29 တွေနဲ့ကျောရိုးယူထားတဲ့လေတပ်ကို western ပုံစံပြောင်းနိုင်ဖို့ F-16 ရဲ့အဆင့်မြင့်မျိုးဆက်တစ်ခုကို အစားထိုးပေးဖို့ အမေရိကန်က စိတ်လိုလက်ရကိုလုပ်ဆောင်ပေးခဲ့တာပေါ့.. ပိုလန်အနောက်ယိမ်းသွားချိန်ဟာလည်း ဝါဆောအုပ်စုပြိုကွဲပြီး ဆိုဗီယက်ပျက်သုန်းတပ်ပျက်ချိန်မို့ နိုင်ငံရေးဖိအားကလည်း သိပ်မရှိခဲ့ဘူး...
ဘီလာရုစ်ကြတော့ ရုရှားနဲ့နှစ်ပြည့်တစ်ပြည်လို့တောင် ပြောလို့ရတဲ့နိုင်ငံ. ရုရှားထုတ်လေယာဉ်တွေကို Overhaul လုပ်တာကစပြီး ထပ်ဆောင်းအဆင့်မြှင့်တာ လက်နက်တပ်ဆင်တာကအစ လုပ်ပေးနေတဲ့နိုင်ငံ. ရုရှားအတွက်သူ့ရဲ့ခွဲထွက်နိုင်ငံတွေထဲမှာ အရေးအပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တာမို့ သူ့အတွက် F-16 ကို အမေရိကန်ကရောင်းပေးရင်တောင် ဝယ်လို့မရဘူး. ရုရှားထုတ်အစား အမေရိကန်ထုတ်ကိုသာ ရွေးချယ်မိရင် ဖြစ်လာမယ့်နိုင်ငံရေးဖိအားက သေးလိမ့်မှာမဟုတ်ဘူးဆိုတာ သိသာပါတယ်..

မြန်မာ့  SU-30SM

🔰ပြီးတော့ အမေရိကန်ရဲ့ စစ်လက်နက်ဈေးနှုန်း......
အခြေခံနှိုင်းယှဉ်ကြည့်ရင်တောင် ရုရှားထုတ် Su-30SM လို Striker Fighter က သန်း(၅၀)ဝန်းကျင်နဲ့ရနေချိန်မှာ အမေရိကန်ထုတ် F-16 Block 52 လို Light Fighter တစ်စီးဟာ ဒေါ်လာ (၆၅)သန်းကနေ သန်း(၇၀)ကြား ဈေးရှိတယ်. အပိုပစ္စည်းဈေးကလည်း ခေါင်ခိုက်ပြီး လေယာဉ်တစ်စီးကို အပို (၁၀)သန်းလောက်ထပ်ဆောင်းပေးရတယ်...
🔰နောက်တစ်ချက် အမေရိကန်ရဲ့စစ်လက်နက်ရေးရာမူဝါဒ ....
သူ့ရဲ့လက်နက်ရောင်းချတဲ့မူဝါဒက စီးပွားရေး၊ နိုင်ငံရေးနဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး သူမလိုရင် မလိုသလို အတိုးအလျော့လုပ်တတ်တာက ဝယ်သူအတွက်စိတ်မအေးဖြစ်ရတဲ့အချက်တစ်ခုဖြစ်စေတယ်...
လတ်တလော ဖြစ်ရပ်တွေကိုကြည့်ရင် ပါကစ္စတန်ကို F-16 အပိုပစ္စည်းတွေ ရောင်းမပေးလို့ ဒုက္ခပင်လယ်ဝေခဲ့ရတာတွေ... ငွေလုံးငွေရင်းစိုက်ထုတ်ထားတဲ့ တူရကီကို F-35 မပေးတော့တဲ့ကိစ္စ.. အစ္စရေးလို အရမ်းရင်းတဲ့နိုင်ငံက သူ့နိုင်ငံသုံးပြီးသား F-16 အဟောင်းတွေကို ခရိုအေးရှားကိုရောင်းမယ့်ဟာတောင် သူမရောင်းရမှာစိုးလို့ မဟားတရားတွေလိုက်တားတာတွေက သက်သေပဲ... နောက်ပိုင်း ယိုးဒယားက အရှေ့ဘက်ခြမ်းနိုင်ငံတွေရဲ့လက်နက်ကို ပြောင်းဝယ်လာတာတွေက အဲဒီမူဝါဒတွေကို မခံနိုင်လို့ရွေ့လာတာလို့ယူဆလို့ရပါတယ်...
အဆိုပါအချက်အလက်များကို ထောက်ချင့်ခြင်းအားဖြင့် ဘီလာရုစ်ဟာ Su-30SM နဲ့ F-16 ကြား မည်ကဲ့သို့မျှ ရွေးချယ်ခွင့်ရှိနိုင်မှာမဟုတ်တာကြောင့် ဘီလာရုစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်းက မည်ကဲ့သို့မျှအကြောင်းညီညွတ်မှုမရှိကြောင်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်...
ကျွန်ုပ်၏ လေတပ်အတွက်တိုက်လေယာဉ်ရွေးချယ်မှုနှင့် မဟာဗျူဟာအပေါ်သက်ရောက်မှုစာတမ်းမှကောက်နှုတ်ချက်အချို့နှင့်တွဲဖက်ဖော်ပြလိုက်သည်...

Monday, July 8, 2019

BTR-3U သံချပ်ကာလူသယ်တိုက်ခိုက်ရေးယာဉ်

(၂၀၁၄ ခုနှစ်အတွင်း Facebook တွင် ဖော်ပြခဲ့ပြီးသော မိမိတို့ပိုစ့်အား ပြန်လှည်ဖော်ပြပေးခြင်း ဖြစ်ပါသည်)
          ယူကရိန်းနိုင်ငံမှထုတ်လုပ်တဲ့BTRမိသားစုဝင်တစ်မျိုးဖြစ်ပြီးသူ့ ရှေ့ ကBTRမျိုးဆက်တွေထက်ပိုမိုတဲ့ခေတ်မီစနစ်တွေအများကြီးတပ်ဆင်ထားတဲ့ တိုက်ယာဉ်တစ်မျိုးပဲဖြစ်ပါတယ်။ တစ်ခုသိထားရမှာက ဒီအမျိုးအစားဟာရုရှား BTR80တွေကိုအဆင့်မြှင့်တင်ထာတဲ့မျိုးကွဲမဟုတ်ဘဲ ယူကရိန်းကနေပြီး အသစ်ထုတ်လုပ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီတိုက်ယာဉ်တွေကို ယူကရိန်းနဲ့ အကျိုးတူစာချုပ်ချုပ်ပြီး ပြည်တွင်းမှာထုတ်လုပ်နေတာ အတော်ကြာပြီလဲဖြစ်ပါတယ်။
           အစီးရေအားဖြင့် ခြောက်ရာကျော်ပိုင်ဆိုင်ထားပြီး ယာဉ်အချက်အလက်တွေအရတော့ တောတောင်ထူပြောပြီး တောတွင်းတောင်ပေါ်တိုက်ပွဲတွေပေါများတဲ့ ကျနော်တို့ နိုင်ငံအတွက်သင့်တော်တဲ့ ယာဉ်များဖြစ်ကြပါတယ်။ ရှစ်ဘီးယက်စနစ်ဖြစ်ပြီး ဘီးတွေဟာသာမာန်မိုင်းဒါဏ်ကို ခံနိုင်ပြီးရွံ့ နွံ လမ်းကြမ်းတွေ တောတွင်းတောင်ပေါ်လမ်းတွေမှာ ကောင်းကောင်းရုန်းနိုင့်မယ့် အမျိုးအစားတွေဖြစ်ပါတယ်။ထူထဲတဲ့သံချပ်ကာစနစ်ဟာလည်း တော်ရုံစက်သေနက်ကျည် စက်အမြောက်ကျည်တွေနဲ့ RPGဒါဏ်တွေကို ခံနိုင်မှာဖြစ်ပြီးတော့အတွင်းကတိုက်ယာဉ်အဖွဲ့ သားများနဲ့ ခြေလျှင်စစ်သည်တွေကို သာမာန်ထက်ပိုတဲ့ အကာအကွယ်ကိုပေးနိုင်မှာဖြစ်ပြီး ခြုံခိုတိုက်ခိုက်ခံရတဲ့အခါဖြစ်လေ့ရှိတဲ့ ကစဥ့်ကလျားဖြစ်သွားမှူ့ တွေအင်အားဆုံးရှုံးမှူ့ တွေရုတ်တရက်ကြောင်ပြီး အမိန့် ညွန်ကြားမှူ့မပေးနိုင်တာမျိုးတွေ အသင့်အတင့်လျှော့ကျစေနိုင်မှာပါ။

                  အတွင်းမှာကွန်ပြူတာထိမ်းချုပ်စနစ်ကိုအသုံးပြုထားပြီး GPSစနစ်များပါဝင်ပါသည်။ ညကြည့်စနစ်များလဲပါဝင်ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် မိမိတိုက်ယာဉ်များ အချင်းချင်းဆက်သွယ်သောစနစ်များ ခြေလျှင်တပ်များဖြင့်ဆက်သွယ်သောစနစ်များ ပါဝင်ပါသည်။ သုံးထားတဲ့ဆုံလည်ပြောင်းစနစ်က အဆင့်မြင့်စနစ်တစ်ခုဖြစ်ပြီး ၃၆၀ဒီဂရီလွမ်းခြုံတိုက်ပွဲဝင်နိုင်မည်ဖြစ်ပြီး ပျဉ်းမျှအားဖြင့်၆၀ဒီဂရိလောက်အထိ အထက်ကိုဦးမော့ပစ်ခတ်နိုင်မှာဖြစ်လို့ လေကြောင်းပစ်ကူပေးလာမည့်ရန်သူ့ အနိမ့်ပျံတိုက်လေယာဉ်ရဟတ်ယာဉ်တွေကိုအကြီးအကျယ်ခြိမ်းခြောက်နိုင်တဲ့ စနစ်ဖြစ်ပြီး ၃၀မမစက်အမြောက်ကြီးတစ်လက်ကို အဓိကလက်နက်အဖြစ်အသုံးပြုထားပါတယ်။ ၇.၆၂စက်လက်ငယ်ကို အရန်လက်နက်ငယ်အဖြစ် တပ်ဆင်ထားပါတယ်။ ကျည်အရေအတွက်အားဖြင့်တော့ ၃၀မမစက်အမြောက်အတွက် ကျည်၃၅၀ပါဝင်ပြီး၇.၆၂စက်လက်အတွက် ကျည်ဆန်၂၅၀၀ အထိပါဝင်ပါတယ်။
            အဓိကလက်နက်နှစ်မျိုးစလုံးဟာ ရန်သူကို ပစ်အားဖြင့်ပင် ချေမှုန်းကာအထိနာစေမယ့် လက်နက်မျိုးတွေဖြစ်ပါသည်။ ထို့ အပြင်ဆုံလည်စနစ်မှာ RCS Remote Control System ဖြစ်ပြီး အတွင်းတွင်တပ်ဆင်ထားသည့် ကွန်ပြူတာထိမ်းချုပ်စနစ်များဖြင့်ဆက်သွယ်ထားသောကြောင့် တိုက်ယာဉ်အဖွဲ့ သားများသာ ကျွမ်းကျင်မည်ဆိုပါက ထိထိရောက်ရောက် အသုံးချနိုင်မည်ဖြစ်ပါသည်။
           ထို့ အပြင်BTR3Uတွင်မီးခိုးမှိုင်းကာစနစ်တစ်ခုလည်း တပ်ဆင်ထားပြီး Turretတစ်ဖက်တစ်ချက်စီတွင်ဗုံးသီးပစ်ခတ်ရမည့်ပြောင်းသုံးခုစီ ပါဝင်ပါသည်။ ယာဉ်၏ဆုံလည်စနစ်တွင်မတော့ ပဲ့ထိန်းဒုံးတပ်ဆင်နိုင်မည့်အထိုင်နေရာပါဝင်ပြီး ATGMနှစ်စင်းသို့ မဟုတ်လေကြောင်းရန်ကာကွယ်ရေးအတွက် IGLA တာတိုလေကာဒုံးနှစ်စင်းကို တပ်ဆင်နိုင်ပါသည်။ အခြားစစ်နည်းဗျူဟာမြောက် အစိတ်အပိုင်းများ( ဥပမာ တံခါးတည်ဆောက်ပုံ ) ရှိသေးသော်လည်း စာရှည်မှာစိုး၍မထည့်တော့ပါ (အခုကိုတော်တော်ရှည်နေပါပြီ)
ကျနော်တို့ မြန်မာ့တပ်တော်အနေဖြင့်နိုင်ငံအတွင်းတည်ဆောက်ထားသော ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်လျက်ရှိပြီးပထမဆုံးစီးရေ အနည်းငယ်မှာ ယူကရိန်းမှတင်သွင်းခြင်းဖြစ်ပြီး ရာဂဏာန်းအနည်းငယ်ရှိသောBTRများကို တပ်ဆင်ထုတ်လုပ်ကာ နောက်ပိုင်းအစီးရေသုံးရာခန့် ကိုမိမိပြည်တွင်းမှာပင် ထုတ်လုပ်သွားခြင်းဖြစ်သည်။
                     အစီးရေတစ်ထောင်မှာကြားထားပြီး စီးရေလေးရာ့ငါးဆယ်ခန့် In Service ဖြစ်နေပြီး နောက်ပိုင်းထုတ်လုပ်သောBTRများတွင် အင်ဂျင်ပိုင်းဆိုင်ရာအားစိတ်ကြိုက်မတွေ့ ၍ သံချပ်ကာတပ်ဖွဲ့ ဆီသို့ မလွဲပြောင်းသေးပဲ ပြန်လည်သုတေသနပြုလုပ်နေသည်ဟုကြားသိရပါသည်။ ပြည်တွင်းတွင်ထုတ်လုပ်သောယာဉ်များတွင် မူမီးခိုးမှိုင်းကာလက်နက်စနစ်အား ဆုံလည်ရှေ့ တွင် တပ်ဆင်ထားပါသည်။
              မိမိတပ်တော်တစ်ခုလုံးအတွက် အရေအတွက်အားဖြင့်လုံလောက်မှူ့ မရှိသေးသော်လည်း ပြည်ပမှမှာယူသည့် အဆင့်မှသည်ပြန်လည်တပ်ဆင်သည့်အဆင့် ထိုမှသည်အလုံးစုံပြည်တွင်း၌ပင်ထုတ်လုပ်သောအဆင့်သို့ တိုးတက်ရောက်ရှိလာသော BTR-3Uသံချပ်ကာယာဉ်များအကြောင်း လေ့လာထားသ၍တင်ပြလိုက်ရပါသည်။

အချက်အလက်အမှားများပါပါက ကျနော် Arthrum ၏တာဝန်သာဖြစ်ပါသည်။
အားလုံးဆန္ဒနှင့်ဘဝတစ်ထပ်ထဲကျပါစေဗျာ
ADMIN Arthrum


Thursday, April 19, 2018

Thunder အပေါ့စားသံချပ်ကာယာဉ်များ



 အစ္စရေး Gaia Automotive Industries မှထုတ်လုပ်တဲ့ အပေါ့စား ၄x၄ သံချပ်ကာ ယာဉ်အမျိုးအစားပါ။ သံချပ်ကာလူသယ်ယာဉ်အဖြစ် အသုံးပြုနိုင်တဲ့အပြင် အကဲကြည့်နှင့် အမိန့်ပေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ ငြိမ်းချမ်းရေးထိမ်းသိမ်းမည့် အဖွဲ့များအပြင် လူနာတင်ယာဉ်အဖြစ်သာမက ဘက်စုံသုံးနိုင်ဖို့ထုတ်လုပ်ထားပါတယ်။
 
 မောင်းနှင်သူ အပါအဝင် စစ်သည်၁၂ဦးအလေးချိန် ၁.၈တန်အထိ တင်ဆောင်နိုင်ပြီး လမ်းကြမ်းမောင်းနှင်နိုင်ဖို့ ၃၅%အထိအတိမ်းစောင်းခံနိုင်စေခြင်းနှင့် ၄၀ဒီကရီ မတ်စောက်တဲ့ ကုန်းမြင့်တက်နိုင်ခြင်းရှိပါတယ်။ မြင်းကောင်ရေ ၃၀၀အားရှိတဲ့ V8 အင်ဂျင်ကို တပ်ဆင်ထားလို့ ကီလိုမီတာ ၆၀၀ဝန်းကျင်မောင်းနှင်စစ်ဆင်နိုင်ပါတယ်။ အင်ဂျင်ခန်း၊ ယာဉ်မောင်းခန်းနဲ့ လိုက်ပါမယ့် စစ်သည်များအတွက် ပတ်လည်လုံခြုံမှု အကအကွယ်ပေးထားနိုင်ပေမယ့် အပေါ့စားသံချပ်ကာအကွယ်သာ ပါရှိတာမို့ မိုင်းဒဏ်ကိုတော့ STANAG 4569 စံရဲ့ Level I အဆင့်သာ ခံနိုင်ပါတယ်။
လေကာမှန် ပြူတင်းတံခါးနဲ့ နောက်ထွက်ပေါက်တွေကို ထပ်ပိုးအကာအကွယ်တပ်ဆင်ခြင်း မရှိချိန်မှာ Level II နဲ့ ထပ်ပိုးသံချပ်ကာ တပ်ဆင်ထားချိန်မှာ level III အကာအကွယ်ပေးနိုင်ပါတယ်။ အလွယ်မှတ်သားဖို့ဆိုရင်တော့ ၇.၆၂ မီလီမီတာ ကျည်များရဲ့ တိုက်ရိုက်ထိမှန်မှုနဲ့ လက်ပစ်ဗုံး၊ လူသတ်နင်းမိုင်းများ ဒဏ်ကိုခံနိုင်ပါတယ်။ တာယာတွေဟာ လက်နက်ငယ်နဲ့ မိုင်းစဒဏ်ထိမှန်ခံရပြီးချိန်မှာ နောက်ထပ်ကီလိုမီတာ ၅၀အထိ ဆက်လက်အလုပ်လုပ်နေနိုင်ပါတယ်။ မူလတာယာမဟုတ်တဲ့ အခြားတာယာများလဲ အစားထိုးတပ်ဆင်နိုင်ပါတယ်။ 
 
အမိုးပေါ်မှာ အရေးပေါ်ထွက်ပေါက်အဖြစ် အပေါက်တစ်ပေါက်ပါရှိပြီး လက်နက်တပ်ဆင်နိုင်ပါတယ်။ ယာဉ်ရဲ့ တံခါးတွေမှာ လက်နတ်ပစ်ပေါက်တွေပါရှိပြီး အမိုးပေါ်ရှိ လက်နက်တပ်ဆင်ရာနေရာမှာ အတွင်းကနေ ထိမ်းချုပ်ပစ်ခတ်နိုင်တဲ့ Remote control weapon station အမျိုးမျိုးတပ်ဆင်ထားနိုင်ပါတယ်။ ယာဉ်ရဲ့ ရှေ့နဲ့နောက် မြင်ကွင်းတွေအတွက် နေ့ရောညပါ အသုံးပြုနိုင်တဲ့ ကင်မရာ ထောက်ပံ့ပေးထားတာမို့ ညအချိန်မီးအသုံးမပြုပဲ မောင်နှင်နိုင်စွမ်းရှိပါတယ်။ ယာဉ်ရဲ့ အတွင်းပိုင်းလိုက်ပါသူနဲ့ တပ်ဆင်မယ့် ကိရိယာတွေအတွက် လုံခြုံမှုအပြင် သက်တောင့်သက်သာရှိမှု မျှတတဲ့ အပူချိန်ရရှိစေဖို့ လေအေးပေးစနစ်တပ်ဆင်ထားပါတယ်။
 
 ဇီဝ၊ဓါတုနဲ့ ဓါတ်ရောင်ခြည် တိုက်ခိုက်ခံရမှုတွေ ကြုံလာတဲ့အခါ အကာအကွယ်ပေးနိုင်ဖို့ ဖိအားပေး အကာကွယ်စနစ်တပ်ဆင်ထားနိုင်ပါတယ်။ ကားရဲ့အရှေ့မှာ အတားအဆီးတွေတွန်းဖယ်နိုင်ဖို့ ဒိုဇာကဲ့သို့ ပစ္စည်းတွေတပ်ဆင်နိုင်ဖို့နဲ့ အမိန့်ပေးယာဉ်၊ ကင်းထောက်ယာဉ်၊ အီလက်ထောနစ်တန်ပြန်စစ်ဆင်ရေးယာဉ်၊ လူနာတင်ယာဉ်အဖြစ်လဲ အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ 
 
ယာဉ်ရဲ့ အမြင့်၊ ဗျက်နဲ့ ပေါ့ပါးမှုတွေဟာ လေကြောင်းဖြင့် အလွယ်တကူပို့ဆောင်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဘက်စုံသုံး အပေါ့စား ကင်းထောက် သံချပ်ကာလူသယ်ယာဉ်တမျိုး ဖြစ်နေပါတယ်။ Amir - Mine Protected Armored Vehicle များနဲ့ များစွာဆင်တူပေမယ့် Amir လိုတော့ မိုင်းဒဏ်ခံနိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာချမ်းသာကြပါစေ။