Sunday, December 1, 2019

ဘင်္ဂလားဒေ့ရှ်ရေတပ် Type-053H3 Frigate



ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ မကြာမီမှာ တရုတ်နိုင်ငံကနေဝယ်ယူထားတဲ့ Type-053H3 အတန်းအစား ဖရီးဂိတ်စစ်သင်္ဘော နှစ်စီးကို လက်ခံရရှိတော့မှာဖြစ်ပါတယ်။ တရုတ်ရေတပ်မှာ အသုံးပြုပြီးသားအဟောင်းဖြစ်ပေမယ့်လည်း သက်တမ်းအရတော့ နှစ် နှစ်ဆယ်ကျော်သာရှိသေးတာကြောင့် အတော်ကို လက်ဆက်သေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထပ်ပြီးတော့ Threat တစ်ခုအနေနဲ့ ဖြည့်တွေးရရင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှာ နဂိုက Type-053 ဖရီးဂိတ် သုံးစီးကို အသုံးပြုနေတာကြောင့် စီးရီးအလိုက်ဆင်းသက်လာတဲ့ ဒီစစ်သင်္ဘောနှစ်စီးကို အသုံးပြုဖို့ဆိုရင် အခက်အခဲ ဘာမှမရှိသလောက်ပဲဖြစ်ပါတယ်။
တပ်ဆင်ထားတဲ့ C-802 ဒုံးပျံတွေ နဲ့ HHQ7 လေကြောင်းကာကွယ်ရေးစနစ်တွေဟာလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်အနေနဲ့ ရင်းနှီးနေပြီးသားလက်နက်စနစ်တွေဖြစ်ပါတယ်။

Type-053H3 Frigate

 ဈးဘယ်လောက်ပေးရလဲလို့ မသိပေမယ့် ထိုင်းနိုင်ငံဟာ Type-053H2 စစ်ရေယာဉ်တစ်စီးကို ဘတ်ငွေ နှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၅သန်းခန့်) နဲ့ဝယ်ယူခဲ့တာကြောင့် H3 စစ်ရေယာဉ်ဟာ ဒီထက်ပိုများမယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းရပါတယ်။ ဘာပဲပြောပြော ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ သူတို့ရဲ့သက်တမ်းရင့် ဖရီးဂိတ်စစ်သင်္ဘောတွေနေရာမှာ နောက်ထပ် အသုံးပြုပြီးသား တစ်ပါတ်ရစ် ဖရီးဂိတ်တွေနဲ့ ထပ်မံအစားထိုးမယ့်လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ပဲ ရွေးချယ်လိုက်တာကိုတွေ့ရပါတယ်။
ခုလို ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ 053 စစ်ရေယာဉ်အဟောင်းတွေကိုပဲ ထပ်မံရွေးချယ်ဝယ်ယူမှုဟာ သင့်တော်ပြီးအမျှော်အမြင်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်ဖွဲ့မှာ ခုဆိုရင် တရုတ်နိုင်ငံထုတ် စစ်သင်္ဘောတွေပိုမိုများပြားလာပြီး ဖရီးဂိတ် ၅ စီး ကော်ဗတ် ၄ စီး ကင်းလှည့်ရေယာဉ် ၄ စီးအထိရှိနေပြီဖြစ်ပါတယ်။



            အဓိက ဖရီးဂိတ်စစ်သင်္ဘောအုပ်စုမှာ ဒုံးပျံတင်ဖရီးဂိတ် ၆ စီး ရှိလာတော့မှာဖြစ်ပြီး ငါးစီးဟာ 053 အမျိုးအစားတွေဖြစ်ပါတယ်။ဒီလို ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ Frigate Fleet ကိုကြည့်ရင်းနဲ့ အတွေးပေါ်မိတာကတော့ အနာဂါတ်မှာ များပြားလှတဲ့ 053 စစ်သင်္ဘောတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာပဲဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပိုင်းလောက်က Type-053H1 ဖရီးဂိတ် နှစ်စီးသာပိုင်ဆိုင်ထားတဲ့ မြန်မာရေတပ်အပေါ်မှာ ဒီလိုသုံးသပ်ချက်မျိုးရှိခဲ့ဖူးပါတယ်။ H1 တွေဟာ တရုတ်နိုင်ငံထုတ်စစ်သင်္ဘောတွေဖြစ်တဲ့အပြင် သက်တမ်းဟာလည်း နှစ်သုံးဆယ်ကျော်ခဲ့ပြီမို့ ကြာရှည်အသုံးပြုဖို့ စဉ်းစားရမယ့်အပိုင်းတွေရှိလာတယ်လို့ သုံးသပ်ကြပါတယ်။

Type-053H3 Frigate

             အနာဂါတ်မှာ မဟာဗန္ဓုလ နဲ့ မဟာသီဟသူရ စစ်သင်္ဘောနှစ်စီးသာ အနားယူသွားပါက ထိခိုက်လာနိုင်ချေရှိတဲ့ အနာဂါတ် ဖရီးဂိတ်ဆိုဒ် ကို စိတ်ဝင်စားသူတွေ တွက်ဆခဲ့ဖူးသလို ခုဆိုရင်လဲ ဘင်္ဂလားဒေ့ရှ်ရေတပ်၏ အနာဂါတ် ဖရီးဂိတ်တပ်ဖွဲ့ အရွယ်အစားအား တွက်ဆကြည့်လို့ရပြီဖြစ်သည်။အကြောင်းကတော့ ရှေ့က သင်္ဘောသုံးစီးဟာလည်း မြန်မာရေတပ်က သင်္ဘောတွေလိုပဲ နှစ် ၃၀ တန်း တွေ ဖြစ်နေတာကြောင့်ပါပဲ။

ဆရာထက်အောင်ထံမှ ကူးယူဖော်ပြသည်။