Wednesday, December 25, 2013

PCC 772 နစ်မြုပ်ခြင်း၂ (သို့) အသေးစား ရေငုပ်သင်္ဘောများ


တောင်ကိုရီးယား စစ်သင်္ဘော ချောင်နန် နစ်မြုပ်ရခြင်းမှာ အဓိက လက်သည် တရားခံလို့ ယူဆကြတဲ့ Yono အတန်းအစား ရေငုပ်သင်္ဘော ငယ်လေးတွေ အကြောင်းပါ။ မြောက်ကိုရီးယားဟာ သူ့ရဲ့ ရေပြင်ပိုင်နက်ကို ကာကွယ်ဖို့ ခေတ်မှီတဲ့ စစ်သင်္ဘောကြီးတွေ ရေငုပ်သင်္ဘောကြီးတွေ အမြောက်အများ မပိုင်ဆိုင်ပါဘူး။ သူ့မှာရှိနေတဲ့ Sang-O၊ Yogo စတဲ့ ယူကိုစလားဗီးယား နိုင်ငံက တည်ဆောက်ပေးတဲ့ ရေငုပ်သင်္ဘော ငယ်လေးတွေနဲ့ ဒုတိယကမ္ဘာစစ်မျိုးဆက် ရေငုပ်သင်္ဘော တွေပဲ ရှိတာပါ။ မြန်မာနိုင်ငံ အာဇာနည်ကုန်း ဗုံးခွဲတုန်းက ကွန်မင်ဒိုတွေ လာချပေးတဲ့ စစ်ဆင်ရေးလိုမျိုး ကွန်မင်ဒိုတွေ သယ်ဆောင်ဖို့ Sang-O အတန်းအစားတွေကို အဓိကထားသုံးပါတယ်။ (မြန်မာပြည် စစ်ဆင်ရေးတွင် ၎င်းအမျိုးအစားများ သုံးသည်ဟု ဆိုလိုသည် မဟုတ်ပါ)။ Yogo အတန်းအစား အငယ်စားတွေ၊ ၂၀၀၀ခုနှစ်နောက်ပိုင်း Yono အတန်းအစား အငယ်စားတွေကို အများဆုံး အသုံးပြုပါတယ်။ 

ဒုတိယကမ္ဘာစစ် ဂျပန်ရေတပ်သုံး TypeA အမျိုးအစား ရေငုပ်သင်္ဘောငယ်
သည်လို ရေငုပ်သင်္ဘော အငယ်စားတွေကို Midget အတန်းအစား ရေငုပ်သင်္ဘောတွေလို့ ယျေဘူယျ ခေါ်ဆိုကြပါတယ်။ ကမ္ဘာပေါ်မှာ မြောက်ကိုရီးယား၊ ယူကိုဆလားဘီးယား၊ အီရန်၊ စတဲ့ ရေတပ်ငယ်လေးတွေက စစ်ဆင်ရေးအတွက် အဓိက သုံးကြပြီး၊ အခြား ခေတ်မှီ ရေတပ်မတော်တွေမှာတော့ ကင်းထောက်ဖို့၊ သုတေသနပြုဖို့နဲ့ မိုင်းခင်းဖို့ သုံးကြသလို၊ ပင်လယ်ဓါးပြတွေ၊ မူးရစ်ဆေးဝါး ဂိုဏ်းတွေ၊ သူပုန်တပ်ဖွဲ့လို အဖွဲ့တွေကလဲ သယ်ယူပို့ဆောင်ရေး အတွက် သုံးကြတဲ့ အဖိုးနဲ ဝန်ပါ ရေငုပ်သင်္ဘောငယ်တွေ ဖြစ်ပါတယ်။
midget အတန်းအစား ရေငုပ်သင်္ဘောငယ်
Midget အတန်းအစား ရေငုပ်သင်္ဘောငယ်တွေဟာ ဒုတိယ ကမ္ဘာစစ်မှာ ထင်ရှားခဲ့တာ ဖြစ်ပြီး ဂျပန်နဲ့ ဂျာမနီတို့က ထိထိရောက်ရောက် အသုံးချခဲ့ကြပါတယ်။ တန်၁၅၀အောက်သာ ရှိတဲ့ သင်္ဘောငယ်လေးတွေ ဖြစ်ပြီး အများဆုံး တော်ပီတို ၄လုံးထိသာ သယ်နိုင်ကြပါတယ်။အချို့က ၂လုံး၊ အချို့က တစ်လုံးမှ မသယ်နိုင်ကြပါဘူး၊ ရေနက်နက်ထဲ မငုပ်နိုင်၊ အကွာအဝေး ရေမိုင် ၁၀၀ဝန်းကျင်သာ စစ်ဆင်နိုင်တာမို့ ထောက်ပံ့ရေးသင်္ဘော မိခင် သင်္ဘောနဲ့ (သာမန်သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောကြီး) တွဲဘက် တာဝန်ထမ်းဆောင်ကြရပါတယ်။ အမြန်နုန်းလဲ သိပ်မရှိတာကြောင့် ရန်သူ့ရဲ့ စစ်ဆင်ရေးဆင်းနေတဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ မလွယ်ကူပါဘူး။ ရန်သူရဲ့ နောက်ပိုင်း ပို့ဆောင်ရေး လမ်းကြောင်းတွေ၊ ဆိပ်ကမ်းတွေ၊ ကျောက်ချ ရပ်နားထားတဲ့ သင်္ဘောတွေကို တိုက်ခိုက်ရာမှာ သုံးကြပါတယ်။ အင်္ဂလန် ရေလက်ကြားက ဂျာမန်ယူဘုတ်တွေနဲ့ ပုလဲဆိပ်ကမ်း တိုက်ပွဲက ဂျပန် ရေငုပ်သင်္ဘောငယ်တွေဟာ ထင်ရှားပါတယ်။ အချို့ သင်္ဘော ငယ်တွေကို မိုင်းစစ်ဆင်ရေးတွေမှာ အသုံးပြုပါတယ်။
သင်္ဘောကို မောင်းနှင်ဖို့ သင်္ဘောသား ၂ဦးကနေ ၄ဦးထိသာ လိုအပ်ပြီး အချို့ကို တစ်ဦးတည်းကနေ မောင်းနှင်နိုင်ပါတယ်။ အပို သယ်ဆောင်နိုင်တဲ့ လူဦးရေ ၁၀ယောက်လောက် တင်ဆောင်နိုင်ပြီး၊ တော်ပီတို ၂လုံးကနေ ၄လုံးထိ ယေဘူယျ သယ်နိုင်ပါတယ်။ 
 

တောင်မြောက် ကိုရီးယား စစ်ပွဲတွေထဲက ထင်ရှားထဲ ရေငုပ်သင်္ဘော ငယ်အမျိုးအစားတစ်ခုဟာ Yugo အတန်းအစား များဖြစ်ပါတယ်။ Sung-O အတန်းအစားတွေဟာ တန် ၂၅၀အထက်မှာ ရှိတာမို့ ရေငုပ်သင်္ဘောကြီးစာရင်းဝင်ပေမယ့် သူတို့လဲ သီးခြား လွတ်လပ်စွာ စစ်ဆင်ရေး မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် တန်၁၅၀အောက် Midget အတန်းအစား Yugo အတန်းအစားတွေကိုပဲ ဖေါ်ပြလိုက်ပါတယ်။ ဒီအမျိုးအစား ရေငုပ်သင်္ဘော ငယ်လေးတွေဟာ တောင်ကိုရီးယား ရေပိုင်နက်ထဲကို အကြိမ်ကြိမ် ဝင်ထွက် စစ်ဆင်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ အစင်း၄၀နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၆စင်းဟာ တောင်ကိုရီးယားရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ Yugo ဆိုတာ ယူကိုစလားဗီးယား နိုင်ငံက တည်ဆောက်ပေးခဲ့တာ ကြောင့် နာမည်တွင်ခဲ့တာ ဖြစ်ပါတယ်။ ယူကိုစလားဗီးယားနိုင်ငံရဲ့ ၈၈တန်ရှိ Una အတန်းအစား မိုင်းခင်း ရေငုပ်သင်္ဘောငယ်ကို တော်ပီတို သယ်ဆောင်ပစ်ခတ်နိုင်အောင်နဲ့ ကွန်မင်ဒိုတွေ သယ်ဆောင်နိုင်အောင် ပြင်ဆင်တည်ဆောက်ပေးခဲ့တာပါ။ အရှည် မီတာ၂၀၊ အမြင့် ၂မီတာ အလေးချိန် တန်၁၁၀ လေးတဲ့ Yugo အတန်းအစားတွေဟာ ရေအောက် မီတာ ၁၀၀လောက်ထိ ငုပ်နိုင်ပြီး ရေပေါ်မှာ တစ်နာရီ ရေမိုင်၁၀မိုင်၊ ရေအောက်မှာ တစ်နာရီ ရေမိုင် ၄မိုင်နုန်းလောက်သာ မောင်းနှင်နိုင်ပါတယ်။ အဝေးဆုံး အကွာအဝေး ရေမိုင် ၁၀၀ကျော်ထိ စစ်ဆင်နိုင်ပြီး ၅၃၀မမ တော်ပီတို ၂လုံး ဒါမှမဟုတ် ကွန်မင်ဒို ၆ယောက်ကို သယ်ဆောင်ပေးနိုင်ပါတယ်။ မြောက်ကိုရီးယားရေတပ်မှာ ၁၉၆၀ ကျော်နှစ်များက တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ခုနှစ်မှာတော့ ဗီယက်နမ်ဆီကို ၂စင်း၊ ၂၀၀၇မှာတော့ အီရန်ဆီကို အရေအတွက် မသိရ ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဗီယက်နမ်ရေတပ်ကတော့ ၂၀၁၂ခုနှစ်မှာ ဒီသင်္ဘောတွေကို အနားပေးခဲ့ပြီး အီရန်ရေတပ်ကတော့ သည်သင်္ဘောတွေဆီကနေ ပုံတူဆင့်ပွားပြီး ကိုယ်ပိုင် ရေငုပ်သင်္ဘောငယ်တွေကို တည်ဆောက်နိုင်ခဲပါတယ်။
Una အတန်းအစား ရေငုပ်သင်္ဘောငယ်
မြောက်ကိုရီးယားကိုယ်တိုင် အဆင့်မြင့်တင် တည်ဆောက်ခဲ့ရာမှာ Yono အတန်းအစား သင်္ဘောငယ်တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အောင်မြင်ခဲ့တဲ့ ခုနှစ်ကို မသိပေမယ့် ၂၀၁၀ခုနှစ် ချောင်နန်သင်္ဘော လက်သည်ဟာ ဒီအတန်းအစား သင်္ဘောတွေလို့ ယူဆကြပါတယ်။ အရှည် ၂၉မီတာ၊ အမြင့် ၃မီတာသာ ရှိပြီး၊ အလေးချိန် တန်၁၃၀ကျော်ရှိတဲ့ ဒီသင်္ဘောတွေဟာ ရေအောက် မီတာ ၁၀၀ထိ ငုပ်နိုင်ပြီး ရေပေါ်မှာ တစ်နာရီ ရေမိုင်၁၁မိုင်၊ ရေအောက်မှာ တစ်နာရီ ရေမိုင် ၈မိုင်ထိ ခုတ်မောင်းလာနိုင်ပါတယ်။ ရေဒါစနစ်အချို့ပါ တပ်ဆင်ထားနိုင်ပြီး အဆင်မြင့် ဆက်သွယ်ရေး ကိရိယာတွေကို တပ်ဆင်ထားပါတယ်။ မောင်းနှင်ဖို့ လူ၂ဦးသာလိုတဲ့ Yono တွေဟာ ၅၃၃မမ တော်ပီတို ၂လုံး ဒါမှမဟုတ် ကွန်မင်ဒို ခြောက်ဦးထိ သယ်ဆောင်ကာ ရေမိုင် ၁၀၀ဝန်းကျင်ထိ စစ်ဆင်နိုင်ပါတယ်။

အီရန်ကတော့ Ghadir အတန်းအစား ရေငုပ်သင်္ဘောတွေကို ၂၀၀၇ခုနှစ်မှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။ သူ့ရဲ့ ရေလက်ကြား ကာကွယ်ရေးအတွက်တော့ သိပ်အသုံးဝင်တဲ့ ရေငုပ်သင်္ဘောတွေလို့ ခပ်ကြွားကြွားဆိုပါတယ်။ သူ့ရဲ့ ရေငုပ်သင်္ဘောတွေဟာ မြောက်ကိုရီးယားရေငုပ်သင်္ဘောတွေကို လေ့လာတည်ဆောက်တာမှန်ပေမယ့် တပ်ဆင်ထားတဲ့ စက်ပစ္စည်းအရရော အသွင်အပြင်အရပါ များစွာ ကွဲပြားတယ်လို့ ဆိုပါတယ်။ တန်၁၂၀လေးပြီး အရှည်မီတာ ၃၀၊ အမြင့် ၃မီတာ ရှိတဲ့ သည်ရေငုပ်သင်္ဘောတွေဟာ ရေအောက်မှာ တစ်နာရီ ရေမိုင် ၁၁ထိ မြန်မြန်သွားနိုင်လာပြီး ပတ်လည် ရေမိုင် ၁၀၀ကျော်ကို စစ်ဆင်နိုင်ပါတယ်။ မောင်းနှင်ဖို့ သင်္ဘောသား ၅ဦးကနေ ၇ဦးထိ လိုမှာဖြစ်ပြီး စုစုပေါင်း လူ၂၀လောက်ကို သယ်ဆောင်နိုင်ပါတယ်။ တော်ပီတို ၂လုံးအပါအဝင် မိုင်းများကိုပါ တပြိုင်တည်း သယ်ဆောင် တိုက်ပွဲဝင်လာနိုင်ပါတယ်။  အဆင့်မြင့် ဆိုနာတွေ ရေဒါတွေနဲ့ ဆက်သွယ်ရေး ကိရိယာတွေ တပ်ဆင်ထားပြီး ရော့ကတ် တော်င်္ပီတိုတွေကို တပ်ဆင် တိုက်ပွဲဝင်နိုင်တယ်လို့ ဆိုပါတယ်။ စုစုပေါင်း ၂၁စင်းဟာ အီရန်ရေတပ်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ 

အီရန်တို့၏Ghadir ရေငုပ်သင်္ဘော

အများနဲ့မတူပဲ အစိမ်းနုရောင် အပြာရောင်စတဲ့ ထင်ရှားတဲ့ ဆေးသုတ်ထားတဲ့ သင်္ဘောတွေအဖြစ် လူသိများကြပါတယ်။ ကုန်ကျငွေ တန်ဖိုး ဒေါ်လာ သန်း၂၀ဝန်းကျင်သာ ရှိတဲ့ ဒီ ရေငုပ်သင်္ဘော အငယ်စားလေးတွေဟာ ထောက်ပံရေးသင်္ဘောတွေ၊ စစ်သင်္ဘောကြီးတွေနဲ့ တွဲဘက် တာဝန်ထမ်းဆောင်ရာမှာ အသုံးဝင်လှပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော် ရေနက်ရေပြင်ကျယ်မှာတော့ အသုံးဝင်နိုင်မှု နဲပါးနိုင်ပေမယ့် တနင်္သာရီ ကျွန်းစုတွေနဲ့ ကမ်းလွန် ငါးဖမ်းလုပ်ကွက်တွေကို ကာကွယ်ဖို့နဲ့ ကပ္ပလီပင်လယ် တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင်အတွက်တော့ သင့်တော်မယ့် အမျိုးစားတွေ ဖြစ်မယ်လို့ ယူဆမိပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ၂၀၁၉ထက် နောက်မကျစေပဲ အလေးချိန် တန်၂၂၀၀ ကျော်ရှိ Ming အတန်းအစား တရုတ်လုပ် ရေငုပ်သင်္ဘောတွေကို ရရှိနိုင်ဖို့ ဒေါ်လာသန်း၂၀၀ကျော်ဖိုး စာချုပ်နဲ့ ဘင်္ဂလားရေတပ်က ဝယ်ယူခဲ့ပါပြီ။ ကျနော်တို့နိုင်ငံ ဘဏ္ဏာရေး အခြေအနေအရ ယခုအချိန်မှာ အစောတလျင် စီမံဖို့ မဖြစ်နိုင်ပေမယ့် လစ်လျူရှုလို့ မရနိုင်တဲ့ ရေတပ်အတွက်လိုအပ်နေတဲ့ ရေငုပ်သင်္ဘောများအကြောင်းကို ဖတ်မိသလောက် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ချောင်နန်သင်္ဘောကို ပစ်ခတ်ခဲ့တယ် ဆိုတဲ့ တော်ပီတို ကိုလဲ ဆက်လက်တင်ပြပေးသွားပါ့မယ်။ ကျန်းမာ ချမ်းသာကြပါစေ။

3 comments:

  1. တိုဘီတို ၄ လုံးထိသယ်ဆောင်နိုင်တဲ့ ရေငုတ်သင်္ဘောငယ်လေးတွေ ၅စီးလောက်တော့တည်ဆောက်
    နိုင်ရင်ကောင်းမှာပါ..မြန်မာမှာတည်ဆောက်ဖို့ ပြင်ဆင်နေတာကြားသိရလို့ အထူးဝမ်းသာပါတယ်
    ဖြစ်အောင်လဲလုပ်ဆောင်နိုင်ကြပါစေလို့ အစဉ်အားပေးနေပါတယ်...ကိုmm ရေတစ်ခုလောက်မေး
    ကြည့်တာပါ မြန်မာမှာအရင်ထဲကရေငုတ်သင်္ဘောအသေးစားတွေရှိတယ်လို့ ရခိုင်ဘက်မှာထား
    ထားတယ်လို့ သတင်းတွေကြားမိပါတယ် လ၀ မို့ လိုမဖေါ်ထုတ်သေးတာလား..ကျွန်တော်လဲကြား
    နေမိတာကြာပါပြီ တပ်ထွက်တစ်ယောက်စီကလဲပြောတာကြားမိပါတယ်...ဟုတ်မဟုတ်ကိုmmများသိထားတာများရှိလားလိုပါ
    ကျေးဇူးပါကိုmm

    ReplyDelete
    Replies
    1. တပ်ထဲကရင်းနှီးသူတစ်ယောက်ကရှိတယ်ပြောပါတယ်။
      လက်ရှိလေ့ကျင့်ရေးအနေနဲ့သုံး
      နေပြီးရေအောက်ကိုမငုပ်နိုင်ပဲ
      ရေပေါ်သဘော်ပဲဖြစ်နေပါတယ်တဲ့။

      Delete
  2. ဖတ်ရတာ ကောင်းတယ်ဗျာ တီထွင်ကြရင်ပါချင်ပါတယ်

    ReplyDelete