Sunday, October 5, 2014

ရဟတ်ယာဉ်ကို ထောင်တဲ့မိုင်းများ


လူသတ်မိုင်းတွေ၊ တင့်ဖျက်မိုင်းတွေ အကြောင်းကို သိကြမှာပါ။ လမ်းကြောင်းပေါ် တည့်တည့်လာမှ ပေါက်ကွဲစေတဲ့ မိုင်းတွေတင်မဟုတ်ပဲ အကွာအဝေး တစ်ခုရှိမယ့် လမ်းဘေး တစ်နေရာ အဆောက်အဦးဒေါင့်ကွယ် တစ်နေရာကနေပြီး တင့်ကားရဲ့ တုန်ခါမှု၊ လေဆာအချက်ပြစနစ်ရဲ့ အသက်ဝင်မှုနဲ့ တင့်ကို ဖျက်ဆီးနိုင်မယ့် တင့်ဖျက်မိုင်းတွေအဆင့်မြင့်သလို ဟယ်လီကော်ပတာကို ထောင်မယ့် မိုင်းစနစ်တွေလဲ ပိုမိထိရောက် အသက်ဝင်လာပါတယ်။
မြေပြင်ကနေ ချီတက် လာမယ့် ရန်သူအတွက် မိုင်းအမျိုးမျိုးနဲ့ ဟန့်တားနိုင်ပြီး လေကြောင်းချီလာမယ့် လေထီးခုန် တပ်တွေ အတွက် လေယာဉ်ပစ် အမြောက်တွေဟာ ဟန့်တား နိုင်ပါတယ်။ 


ဒါပေမယ့် သည်၂ခုကြား လေယာဉ်ပစ်လက်နှက်တွေ ထိရောက်မှုနဲတဲ့ သစ်ပင်ထိပ်ဖျားတွေကနေ ပျံသန်းစစ်ချီလာမယ့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းချီ တပ်တွေကိုတော့ ဟန့်တားရ ခက်ခဲလှပါတယ်။ ဒီအတွက် အဖြေဟာ ရဟတ်ယာဉ်ကို ထောင်မယ့် မိုင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဗီယက်နမ် စစ်ပွဲ အတွင်းမှာ တင့်ကားဖျက် လေဆာထောက်လှမ်းရေး ကိရိယာပါတဲ့ မိုင်းတွေကို ရဟတ်ယာဉ် ချကွင်းတွေမှာ စမ်းသပ် အသုံးပြုရာ၊ ရှေ့ထွက်မိုင်းတွေကို ရဟတ်ယာဉ် ဆင်းနိုင်မယ့် နေရာတွေမှာ သစ်ပင်ခွကြားတွေကနေ စမ်းသပ်ကြရာကနေ ဖြစ်လာတယ်လို့ ဆိုနိုင်ပေမယ့် အဆင့်မြင့်နည်းပညာများနဲ့ ပေါင်းစပ်ထားတဲ့ ရဟတ်ယာဉ်ဖျက် မိုင်းတွေဟာ လုံးဝ ကွဲပြားခြားနားပါတယ်။
 
AHG-200
၂၀၀၀ပြည့်နှစ်များအလွန်မှာ ဘူဂေးရီးယားနဲ့ ရုရှားတို့က ထုတ်လုပ်ကာ လက်နှက်ပြပွဲတွေမှာ ပြသခဲ့ကြပါတယ်။ AHM အမျိုးအစား ရဟတ်ယာဉ်ထောင် မိုင်းတွေဟာ ဘူဂေးရီးယား ထုတ်ဖြစ်ပြီး AHG 200-1 နဲ့ AHG-200-2 တို့ဟာ နောက်ဆုံးပေါ်တွေ ဖြစ်ပါတယ်။ ၆၀ဒီဂရီထောင်မတ်ထားတဲ့ ၃ချောင်းဒါမှမဟုတ် ၄ချောင်းထောက်နဲ့ တပ်ဆင်ထားပြီး အပိုင်း၃ပိုင်း ပါရှိပါတယ်။ ပထမ တစ်ပိုင်းကတော့ အာရုံခံကိရိယာ ဖြစ်ပြီး မီတာ ၂၀၀၀ အတွင်းက ရဟတ်ယာဉ်ရဲ့ စက်သံကို ဖမ်းယူသိရှိပြီး မီတာ ၅၀၀ထိ နီးကပ်လာရင်တော့ စနစ်ကို အသက်ဝင်စေပါတယ်။ အဲသည်နောက်မှာတော့ အနီအောက်ရောင်ခြည် အကွာဝေး တိုင်းစနစ် အသက်ဝင်လာပြီး မီတာ ၂၀၀ အတွင်း ဝင်လာမယ့် ပစ်မှတ်ကို စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။ မီတာ ၁၅၀-၁၀၀  အတွင်းမှာ ပထမ တစ်ဆင့် ၁၇ကီလိုကရမ် ရှိတဲ့ TNT ယမ်းပြင်းအားကို အသုံးပြုတဲ့ သံဘောစေ့(၂၀၀၀ခန့်) တွေကို ရှေ့တူရှူ ၂၀ဒီကရီ အတွင်းကို ပစ်လွှတ်မှာဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ သူ့အောက်မှာ တပ်ဆင်ထားတဲ့ စပင်ဒါစများ ပါဝင်တဲ့ ၁၂ကီလိုဂရမ် TNT ပြင်းအားနဲ့ ရှေ့ထွက်မိုင်းပုံစံ မိုင်းကို ဖေါက်ခွဲကာ ရှေ့တူရှူ ၆၀ဒီကရီ အတွင်းကို ပစ်လွှတ်မှာဖြစ်ပါတယ်။ မီတာ ၁၀၀ အတွင်းမှာ သံချပ်ကာ အထူ ၁၀မီလီမီတာကို ကောင်းစွာ ဖေါက်ထွှင်းနိုင်မယ့် စတီးဘောလ်စေ့တွေ ဖြစ်ပြီး စပင်ဒါစတွေကတော့ ရဟတ်ယာဉ်ရဲ့ အင်ဂျင်နဲ့ ပန်ကာ ဒလက်တွေကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ ကြိုးနဲ့ ဒါမှမဟုတ် ရေဒီယို စနစ်သုံး ကြီးကြပ် မိုင်းအနေနဲ့ ဖေါက်ခွဲနိုင်ပြီး လူနဲ့ မိုင်းထောင်ခဲ့ရင်တော့ ၃၀မီတာ ပတ်လည် (ရှေ့တူရှူ ၂၀၀မီတာ) ရဲ့ အပြင်ဘက်မှာ အကာကွယ်ယူဖို့ လိုအပ်ပါတယ်။ အလိုလျောက် စနစ်အသုံးပြုခဲ့ရင်တော့ ရဟတ်ယာဉ်သံဟာ မီတာ ၂၀၀၀နဲ့ အထက် ဝေးသွားရင် စနစ်ဟာ အလိုအလျောက် စောင့်ကြည့်အခြေအနေကို ပြန်လည် ရောက်ရှိသွားမှာဖြစ်ပါတယ်။
ဘထ္ထရီ အသုံးပြုရတဲ့ စနစ်ဖြစ်ပြီး ရက်၃၀နောက်ပိုင်းမှာ ဘထ္ထရီလဲလှယ်မှု မရှိရင် မိုင်းဟာ အသက်မဝင်တော့ပါဘူး။ AHG -200-2 ဟာ စတီးဘောလ်စေ့တွေကို အလွန်ပူတဲ့ အခြေအနေရအောင် သံချပ်ကာကို စားလောင်စေအောင် ဓါတုနည်းပညာသုံး ပြုပြင်ထားပြီး၊ ဘထ္ထရီကို ရက်ပေါင်း ၉၀ထိ အသုံးပြုနိုင်အောင် အဆင့်မြင့်ထားပါတယ်။ ကိုယ့်တပ်က အသုံးပြုတဲ့ ရဟတ်ယာဉ်တွေဆိုရင် အသက်အဝင်စေဖို့  ရေဒီယို စနစ်တစ်ခုကို ထည့်သွင်းထားတယ်လို့ ဆိုပေမယ့် မီတာ ၂၀၀ အတွင်းဖြတ်ပြီး ပျံသန်းရင် စိတ်ချရမှုဟာ ၅၀% သာရှိတယ်လို့ ဆိုပါတယ်။ သည်စနစ်တွေဟာ အသေတပ်ဆင်ရတဲ့ စနစ်ဖြစ်လို့ ရဟတ်ယာဉ်လာရာ လမ်း၊ ဖြတ်သန်းရာ တောင်ကြော၊ ဒါမှမဟုတ် ချကွင်းတွေမှာသာ အသုံးပြုနိုင်ပါတယ်။ သစ်တောတွေ လွင်ပြင်လို နေရာတွေမှာ အနားက ဖြတ်သွားပေမယ့် မိုင်းမျက်နှာမူရာ ၆၀ဒီဂရီအတွင်း မဟုတ်ခဲ့ရင် မပေါက်ကွဲပါဘူး။ ဒါကြောင့် လွင်ပြင် ဒေသတွေဆိုရင် အရပ်၎မျက်နှာ အတွက် မိုင်း ၄လုံး မီတာ ၅၀လောက်ခြားကာ ကျောပေး ထောင်လေ့ရှိပါတယ်။

ရုရှားလုပ် တင့်ဖျက်မိုင်းတွေဟာ ဟယ်လီကော်ပတာ မိုင်းအဖြစ် အသုံးပြုနိုင်ကြပါတယ်။ သို့သော်လည်း သူ့မှာပါတဲ့ လေဆာ ကိရိယာဟာ မီတာ ၁၀၀ထိသာ ထောက်လှမ်းနိုင်ပြီး မီတာ ၂၀ လောက်မှာသာ တင့်ဖျက် ကျည် ပစ်လွှတ်ပါတယ်။ ဒါ့ကြောင့် ရဟတ်ယာဉ် ချကွင်းလို နေရာမှာတော့ ရတဟ်ယာဉ်ကို ကောင်းကောင်း ဖျက်ဆီးနိုင်ပါတယ်။ သို့သော်လည်း။ တင့်ကား စစ်ကြောင်းနဲ့ အတူ ချီတက်လာမယ့် ရဟတ်ယာဉ်နဲ့ အနိမ့်ပျံ ဝင်လာမယ့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အတွက် ရဟတ်ယာဉ်ဖျက် မိုင်းတွေကို ထုတ်လုပ်ပါတယ်။ ရုရှားလုပ် မိုင်းတွေဟာ ယာဉ်နဲ့ဖြစ်စေ၊ လူနဲ့ဖြစ်စေ ခင်းလို့ရတဲ့ မိုင်းတွေဖြစ်ပြီး ၃၆၀ဒီကရီ စောင့်ကြည့်နိုင်ပါတယ်။ 
ရုရှားလုပ် အပေါ့စား မိုင်း
ပင်လယ်ပြင်ကမ်းရိုးတမ်းတွေ၊ နယ်စပ်တွေ၊ တောင်ကြားမြို့နဲ့ စခန်းတွေ၊ ရန်သူကို ရဟတ်ယာဉ်ချကွင်း အနေနဲ့ အသုံးမပြုစေဖို့ ဒါမှမဟုတ် ရန်သူ့ လေယာဉ်ကွင်းကို နှောက်ယှက်ဖို့ အသုံးပြုပါတယ်။ လူနဲ့ဒါမှမဟုတ် မြေပြင်တပ်ဖွဲ့တွေနဲ့ ခင်းနိုင်တဲ့ မိုင်းစနစ်ဟာ အနီအောက်ရောင်ခြည် အာရုံခံ ကိရိယာ ၄ခုကနေ ၆ခုထိ ပါဝင်ပါတယ်။ ၃ကီလိုမီတာ ကျော်ကတည်းက လေယာဉ် အမျိုးအစားကို ခွဲနိုင်တဲ့ အသံလှိုင်း အာရုံခံ စနစ်ပါရှိပြီး ရဟတ်ယာဉ်ရဲ့ အသံကို အဓိကထားရွေးခြယ်ပါတယ်။ မိုင်းကွန်ယက်ကို ကြိုးဖြင့် ဒါမှမဟုတ် ရေဒီယိုနဲ့ ချိတ်ဆက်ပြီး အသက်သွင်း အမိန့်ပေးနိုင်ပါသေးတယ်။ မီတာ ၆၀၀ အတွင်း နီးကပ်လာရင်တော့ အနီးဆုံး ပစ်မှတ်တစ်ခုကို အနီအောက် ရောင်ခြည် ကိရိယာတွေက အကွာအဝေး ထောင့် ဒီကရီ တွက်ချက် ချိန်ရွယ်ပေးပြီး ၁၅၀မီတာ အတွင်းမှာတော့ မိုင်းမှာပါဝင်တဲ့ စပင်ဒါစတွေ (စားလောင်စေတဲ့ ဓါတုပစ္စည်းသုံး သံချွန်တွေ) ကို ပစ်လွှတ်လိုက်မှာ ဖြစ်ပါတယ်။
 
ရုရှားလုပ် ခြေလျင်တပ်ဖွဲ့သုံး မိုင်း

မီတာ ၁၀၀ အတွင်းမှာ သိပ်ကို မြန်တဲ့ အနိမ့်ပျံ တိုက်လေယာဉ်တွေကိုတောင် ထိမှန်နိုင်စေတယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်နဲ့ ဒါမှမဟုတ် မိုင်းခင်းယာဉ်နဲ့ လိုက်ခင်းရတဲ့ စနစ်မှာတော့ အနီအောက် ရောင်ခြည် တိုင်းတာရေး တစ်ခုသာ ပါရှိပြီး အသံလာရာရဲ့ အနီးဆုံး ပစ်မှတ်ရှိရာဘက်ကို အလိုလျောက်ချိန်ရွယ် ပြီးမှသာ အနီအောက်ရောင်ခြည် စနစ်က အသက်ဝင် ချိန်ရွယ်ပေးမှာ ဖြစ်ပါတယ်။ လူနဲ့ ခင်းတဲ့ စနစ်လို ရေဒီယို စနစ်နဲ့ အမိန့်ပေး စောင့်ကြည့် ပစ်ခတ်စေလို့ မရပါဘူး။ ဒါပေမယ့် မိုင်းခင်းပြီးပြီးချင်းမှာ အသက်မဝင်စေချင်ရင် ရေဒီိယို အမိန့်ပေး စနစ်နဲ့ အသက်ဝင်စေဖို့ ဆောင်ရွက်နိုင်ပါတယ်။ မိုင်းတွေမှာ ပါဝင်တဲ့ ဘထ္ထရီဟာ ရက်ပေါင်း ၉၀ကျော်ကြာ အသုံးပြုနိုင်ပါတယ်။ လျပ်စစ် ဓါတ်အားရနိုင်တဲ့ နေရာမှာ ချိတ်ဆက်ထားရင်တော့ ၂နှစ်လောက်ထိ အသက်ဝင်နေနိုင်ပါတယ်။ 
 
အပေါ့စား ရဟတ်ယာဉ်ဖျက် မိုင်း
နောက်တစ်ခုကတော့ ခုလို ရှုပ်ထွေးတဲ့ စနစ်တွေ တစ်ခုမှ မပါတဲ့ ရဟတ်ယာဉ် ဖျက်မိုင်းတစ်မျိုးဖြစ်ပါတယ်။ မီတာ ၁၅၀ထိ ရောက်ပေမယ့် မီတာ ၁၀၀အတွင်းသာ ထိရောက်ပါတယ်။ ၃၆၀ဒီကရီ မသက်ရောက်ပဲ အပေါ်တည့်တည့် ၆၀ဒီကရီအတွင်းသာ သက်ရောက်ပါတယ်။ အမြင့် မီတာ ၁၀၀ ဆိုရင် မီတာ ၅၀ထက် နဲတဲ့ ဧရိယာ အတွင်သာ သက်ရောက်ပါတယ်။ သစ်တောတွေနဲ့ တောင်ကြားချောင်းရိုးတွေ ချကွင်းနေရာတွေနဲ့ တောင်ထိပ် တောင်ကြောတွေပေါ်မှာ ထောင်လေ့ရှိပါတယ်။ အသံအာရုံခံ တစ်ခုဟာ မီတာ ၈၀၀ အတွင်းနီးလာတာနဲ့ မိုင်းကို အသက်ဝင်စေပြီး အပေါ်တည့်တည့် ရောက်တာနဲ့ သံချပ်ဖေါက် သံချွန်စတွေကို ပစ်လွှတ်မှာ ဖြစ်ပါတယ်။ ၁၂ခုပါဝင်ပြီး ထောင့်ချိုး တစ်ခုဆီကို ပျံနှံ့ပစ်လွှတ်လိုက်မှာ ဖြစ်ပါတယ်။ အသုံးပြုရ အင်မတန်လွယ်ကူပါတယ်။ မိုင်းမှာပါဝင်တဲ့ ဘထ္ထရီဟာ ၄၅ရက်ထိသာ အသုံးပြုနိုင်တာဖြစ်ပါတယ်။
အားသာချက် အနေနဲ့ ရဟတ်ယာဉ်ဖျက် မိုင်းတွေဟာ ရဟတ်ယာဉ်နဲ့ ထိနိုင်ခြေဟာ နဲပါးတယ်လို့ ဆိုကြပါတယ်။ သို့သော်လည်း ရဟတ်ယာဉ်ဖျက် မိုင်းတွေအသုံးပြုထားခြင်းဖြင့် လူသယ် ရဟတ်ယာဉ်တွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ ရန်သူ့လေယာဉ်ကွင်း အနီးဆိုရင် လေယာဉ် အဆင်းအတက်မှာ၊ စစ်မြေပြင်ချကွင်းဆင်းသက်စဉ် တောင်ကြားတွေ ဖြတ်ကျော်စဉ်မှာ ကောင်းကောင်း ပြဿနာပေးနိုင်ပြီး ရဟတ်ယာဉ်ရဲ့ ဒလက်တွေ၊ လိုက်ပါလာတဲ့ စစ်သည်တွေ၊ အင်ဂျင်လိုနေရာတွေနဲ့ ချိတ်ဆွဲထားတဲ့ လက်နှက်စနစ်တွေကို ဖျက်ဆီးနိုင်ပါတယ်။ သံချပ်ကာ ကောင်းလှတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပင် ချိတ်ဆွဲ လက်နှက် ပျက်ဆီးခဲ့ရင် ထိခိုက်စေတာကြောင့် မီတာ ၁၀၀ထက် ပိုတဲ့ အမြင့်မှာပဲ ပျံဖို့ ဖိအားပေးထားတာလဲ ဖြစ်ပါတယ်။ မီတာ ၁၀၀နဲ့ အထက်မှာ လေယာဉ်ပစ် ပုခုံးထမ်း ဒုံးကျည်အမျိုးမျိုးဟာ ရဟတ်ယာဉ်တွေကို ကောင်းကောင်း ဒုက္ခပေးတော့မှာပဲ ဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

Monday, September 29, 2014

အတွဲလိုက် ဗုံးပစ်လောင်ချာများ




M79 ဆိုတာ တစ်ခေတ်တစ်ခါက နာမည်ကြီး ဗုံးပစ်လောင်ချာ အမျိုးအစားပါ။ လူသေစေတဲ့ ပြင်းထန်တဲ့ ယမ်းအားမပါရှိပဲ အများအပြားကို ဒဏ်ရာရအောင် စီမံထားတဲ့ ဗုံးအငယ်စားတွေ ထည့်ပစ်တာပါ။ အားသာချက်အရကတော့ သေနှတ်သံတွေကြားကနေ အသံတိတ် နီးပါး ပစ်နိုင်ပြီး ဘယ်ကပစ်လိုက်တယ်ဆိုတာ အသံအရရော အမြင်အရပါ မခွဲနိုင်တာမို့ အငိုက်မိရတဲ့ လက်နှက် အမျိုးအစားပါ။ ကျည်လမ်းကြောင်း အဖြောင့်မဟုတ်တာကြောင့် ပစ်တဲ့နေရာကို တော်ရုံ သိနိုင်ဖို့ ခဲယင်းပါတယ်။ 
M-79

သည်နောက်မှာတော့ ရမ်ဘိုသေနှတ်လို့ အရပ်ထဲမှာ လူသိများကြတဲ့ မောင်းပြန်ရိုင်ဖယ်အောင်မှာ တပါတည်းတွဲဆက်ထားပြီး သေနှတ်သံတွေကြားမှာ တိတ်တဆိတ် ဗုံးပစ်နိုင်ခဲ့ကြပါတယ်။ စစ်သည်တွေ အကြိုက်တွေ့လှတဲ့ ၄၀မမ ဗုံးပစ်လောင်ချာတွေကို မောင်းပြန်စနစ်နဲ့ အများအပြား ပစ်ခတ်နိုင်ရင် အနီးကပ်တိုက်ပွဲ အတွင်းမှာ ရန်သူကို ဦးနှိမ်ထားနိုင်မယ် ဆိုတဲ့ အယူအဆနဲ့ ၄၀၀မ ဗုံးပစ်လောင်ချာတွေကို ထပ်မံ ပြင်ဆင်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ Hawk M1 ဆိုရင် Terminator ဇာတ်လမ်းထဲက စက်ရုပ်လူသား အာနိုးကြီးကိုင်တဲ့ လက်နှက်အဖြစ် မြင်ဘူးကြသလို အဲသည်ခေတ်ခါက အက်ရှင်ဇာတ်လမ်းတွေမှာ ပါလေ့ရှိပါတယ်။ အမေရိကန်ထုတ် ၄၀မမ ဗုံးပစ်လောင်ချာဖြစ်ပြီး ၆လုံးပြူးသေနှတ် အလုပ်လုပ်တဲ့ ပုံစံအတိုင်း ကျည်ဆံ၁၂လုံးပါ လောင်ချာဖြစ်ပါတယ်။ အကွာအဝေး မီတာ၃၅၀ထိ ပစ်ခတ်နိုင်ပါတယ်။ 
 
M32

ခုခေတ်မှာတော့ M32 လို ကျည်၆လုံးပါ မော်တာတွေကို အသုံးပြုပြီး မီတာ ၅၀၀ထိ ပစ်ခတ်နိုင်ပါတယ်။ အထူးတပ်ဖွဲ့တွေနဲ့ မြို့စောင့်တပ်တွေ အရေးခင်းနှိမ်နင်းရေးတပ်တွေ၊ ရဲအထူးတပ်ဖွဲ့တွေ အသုံးပြုပါတယ်။ နိုင်ငံတော်တော်များများက ဝယ်ယူအသုံးပြုတဲ့ စနစ်လဲ ဖြစ်ပါတယ်။
 
RG-6
ရုရှားထုတ် DP-64 ဟာ နှလုံးပြူးပုံစံ သေနှတ်ဖြစ်ပြီး မြင်တွေ့ရခဲပါတယ်။ RG-6 ကတော့ ခုခေတ် ရုရှား အထူးတပ်ဖွဲ့သုံး ဖြစ်ပြီး နိုင်ငံတော်တော်များများက ဝယ်ယူအသုံးပြုပါတယ်။ M32 ထက် ကျည်ထွက်နုန်းမြန်ပြီး တစ်စက္ကန့်ကို ၂လုံးထိ အလိုလျောက် ပစ်နိုင်ပါတယ်။ ကျည်ခြောက်လုံးပါ လောင်ချာ အမျိုးအစားဖြစ်ပြီး မီတာ ၄၀၀ထိ ပစ်ခတ်နိုင်ပါတယ်။

DP-64
ခေတ်သစ်နည်းပညာသုံး ဗုံးပစ်လောင်ချာများ အဖြစ်နဲ့ လေကွဲကြည်သုံးကာ အကာကွယ်နောက်မှာ ပုန်းအောင်းနေတဲ့ ရန်သူကို ပစ်ခတ်ဖို့ XM25 လို လောင်ချာတွေလဲ တီထွှင်ထုတ်လုပ်ကြပါတယ်။ နည်းပညာသစ် ချိန်ရွယ်မှု စနစ်တွေကို အသုံးပြုပြီး တိကျပစ်ခတ်နိုင်ဖို့ တီထွှင်ထားတာပါ။ ၂၅မမနဲ့ ၂၀မမလို သေးငယ်တဲ့ ဗုံးသီးတွေကို အသုံးပြုပါတယ်။ ဗုံးသီး၎လုံးပါ လောင်ချာ အမျိုးအစားဖြစ်ပါတယ်။ မီတာ ၁၀၀၀ထိ တိတိကျကျ ပစ်ခတ်နိုင်ပါတယ်။

သို့သော်လည်း သယ်ဆောင်ရ ဝန်ကျယ်ပြီး အမြန်ပစ်ခတ်နိုင်တဲ့ အထက်ပါ လောင်ချာတွေကို ခြေလျင်စစ်သည်တွေက အကြိုက်နဲပါးလှပါတယ်။ အမြန်ပစ်ခတ်ပြီး ရန်သူကို ခေါင်းမဖေါ်တမ်း ဖိနိပ်ထားနိုင်ပေမယ့် ကျည်ကို ကြိုဖြည့်ထားရတာမို့၊ တိုက်ပွဲအတွင်း ဒါမှမဟုတ် အရေးအခင်းနှိမ်နင်းရေး အတွင်းမှာ ကျည်အမျိုးအစား ပြောင်းပစ်ဖို့ဆိုရင် အစအဆုံး ပြန်ပြင်ဆင်ရတာမို့ သာမာန် တစ်တောင့်ထိုး ဗုံးပစ်လောင်ချာတွေကိုသာ အမြန်ပစ်နိုင်ဖို့ လေ့ကျင့်ပြီး အသုံးပြုရတာကို စိတ်ကြိုက်တွေ့ကြပါတယ်။ တစ်ထောင့်ထိုး လောင်ချာတွေရဲ့ ရိုးရှင်းတဲ့ပုံစံ၊ လွယ်ကူတဲ့ အသုံးပြုရမှု ပြုပြင်ထိမ်းသိမ်းရမှုတွေကို သာလွန်တဲ့ စိတ်ကြိုက်ရမှုမျိုးကို ခေတ်သစ် ဗုံးပစ်လောင်ချာတွေက ဖြည့်ဆည်းမပေးနိုင်သေးပါဘူး။

တရုတ်တပ်မတော်သုံး
ဒါ့အပြင် ခံစစ်ပစ်ဒါမှမဟုတ် ပစ်ကူပေးမှာ ရန်သူကို အမြန်ပစ်ခတ်နိုင်စေဖို့ ဆိုရင်လဲ ဗုံးသီး ၆လုံးကနေ ၁၂လုံးထိသာ အများဆုံးရှိတာမို့ ထိရောက်မှု မရှိလှဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် လူတစ်ကိုယ်စာ သယ်ဆောင်နိုင်ဖို့ဆိုတဲ့ အချက်ကို စွန့်လွှတ်ပြီး အတွဲလိုက် အမြန်ပစ်ခတ်ဖို့ကိုသာ ဦးစားပေးတဲ့ အော်တိုမစ်တစ် အတွဲလိုက်ပစ် လောင်ချာ အကြီးစားတွေကို အလေးပေးလာခဲ့ကြပါတယ်။ ယာဉ်တမ်းကို လုံခြုံရေးပေးဖို့၊ ခံစစ်နေရာကနေ ပစ်ခတ်ဖို့ ၊ မြစ်တွင်းကင်းလှည့်ယာဉ်တွေမှာ တပ်ဆင်ဖို့၊ ဒါ့အပြင် မြေပြင်သုံး မောင်းသူမဲ့ ယာဉ်များမှာ တွဲဖက် တပ်ဆင်နိုင်ဖို့ အထိ အသုံးဝင်လှပါတယ်။ လူလှိုင်းစစ်ဆင်ရေးနဲ့ ရင်ဆိုင်ရလေ့ရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ပွဲ စစ်မျက်နှစာအတွက် ၁၉၆၀ ခုနှစ်များဆီက အမေရိကန်တို့ စတင်ထုတ်လုပ်ခဲ့ကြတဲ့ စနစ်လဲဖြစ်ပါတယ်။ ခုခေတ်မှာတော့ နိုင်ငံတော်တော်များများရဲ့ ယာဉ်တင်စနစ် ဒါမှမဟုတ် ခံစစ်ပစ်ခတ်ရေး စနစ်အနေနဲ့ အသုံးပြုကြပါတယ်။
အမေရိကန်လုပ် Mk19 ဟာ ဗီယက်နမ်စစ်ပွဲကနေ ယနေ့ခေတ် အမေရိကန် တပ်မတော်ထိ သုံးဆွဲနေဆဲ စနစ်တစ်ခုဖြစ်ပါတယ်။ စစ်သည်၂ဦးနဲ့ သယ်ဆောင်ပစ်ခတ်ရပြီး၊ blowback စနစ်သုံး အလိုလျောက်ပစ်ခတ်နိုင်တဲ့ လောင်ချာဖြစ်ပါတယ်။ တစ်မိနစ်ကို ဗုံးသီး၃၀၀ ကျော်နုန်းနဲ့ ပစ်ခတ်နိုင်ပြီး မီတာ ၁၅၀၀ ထိ ထိထိရောက်ရောက် ပစ်ခတ်နိုင်ပါတယ်။ ဗုံးသီး၃၂လုံး ဒါမှမဟုတ် ၄၈လုံးပါ ကျည်တွဲကို အသုံးပြုပါတယ်။ ဒေဝူးကုမ္မနီထုတ် K4 နဲ့ စင်ကာပူထုတ် CIS-40AGL တို့ဟာ အလားတူ လောင်ချာ အမျိုးအစားတွေ ဖြစ်ပါတယ်။ ညကြည့်ကိရိယာတွေနဲ့ အနီအောက်ရောင်ခြည်သုံး ချိန်ဆိုဒ်တွေကို တပ်ဆင်ကာ နေ့ညမရွေး ချိန်ရွယ် ပစ်ခတ်နိုင်အောင် အဆင့်မြင့်နိုင်ပါတယ်။ 

AGS30
 ရုရှားတပ်မတော်ကတော့ AGS17 အနေနဲ့ထုတ်လုပ် အသုံးပြုပြီး ၁၉၉၀ နောက်ပိုင်းမှာတော့ AGS30 အနေနဲ့ အဆင့်မြင့်တင်ခဲ့ပါတယ်။ စစ်သည်၂ဦးနဲ့ သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။ blowback စနစ်သုံး အလိုလျောက်ပစ်ခတ်နိုင်တဲ့ လောင်ချာဖြစ်ပါတယ်။ ၃၀မမ ကျည်ကို အသုံးပြုပြီး အကွာအဝေး မီတာ ၂၀၀၀ထိ တိတိကျကျပစ်ခတ်နိုင်အောင် အဆင့်မြင့်တင်ထားပါတယ်။ အဆင့်မြင့်ချိန်ဆိုဒ်တွေကို စိတ်ကြိုက် တပ်ဆင် အသုံးပြုနိုင်ပါတယ်။ လောင်ချာ အလွတ် အလေးချိန် ၁၆ကီလိုဂရမ်သာ ရှိတာကြောင့် အမေရိကန်လုပ် Mk19ထက် တစ်ဝက်နီးပါး သေးငယ်ပေါ့ပါးပါတယ်။ ဗုံးသီး၃၀ပါ ကျည်တွဲများအကို အသုံးပြုပြီး တစ်မိနစ်လျင် အတောင့်၄၀၀နုန်းထိ အမြန်ပစ်ခတ်နိုင်ပါတယ်။ AGS-40 အနေနဲ့ ၄၀မမဗုံးသီးအသုံးပြုတဲ့ လောင်ချာစနစ်ကိုလဲ ပြင်ပကိုတင်ပို့ ရောင်းချဖို့ ထုတ်လုပ်ပါတယ်။
ဂျာမနီနိုင်ငံထုတ် GMG အမျိုးအစား ၄၀မမ အတွဲလိုက်ပစ် လောင်ချာ စနစ်ကိုလဲ နိုင်ငံတကာ တပ်ဖွဲ့များက အသုံးပြုကြပါသေးတယ်။ ကျန် အမျိုးအစားတွေနဲ့ ကွာခြားမှု သိပ်မရှိပါဘူး။ 
 
XM-307

အမေရိကန်ကတော့ XM 174 နဲ့ XM307 ကဲ့သို့ ကွန်ပြူတာ စနစ်နဲ့ တွဲဖက်တဲ့ ဗုံးပစ်လောင်ချာ စနစ်ကို ထုတ်လုပ်လာပြီး မောင်းသူမဲ့ မြေပြင်သုံးယာဉ်တွေနဲ့ သံချပ်ကာတင် စနစ် ဒါမှမဟုတ် ခံစစ်သုံး စနစ်အနေနဲ့ အသုံးပြုဖို့ ထုတ်လုပ်တာပါ။ ထူးခြားကွဲပြားလာတာကတော့ နေ့ညမရွေး တိကျအောင် ချိန်ရွယ်ပေးမယ့် စနစ်တွေ အဝေးထိန်း စနစ်နဲ့ ပစ်ခတ်နိုင်တဲ့ စနစ်တွေ အပါအဝင် ဒဿမ၅ စက်သေနှတ်ကြီးကိုပါ တွဲဖက် တပ်ဆင်အသုံးပြုလို့ရပါတယ်။ အတောင့် ၃၀ပါ ဗုံးတွဲကို အသုံးပြုပြီး မီတာ ၃၆၀၀ထိ ပစ်ခတ်နိုင်ပါတယ်။ လေကွဲကျည်လို ကျည်တွေကို ပစ်ခတ်ပေးနိုင်ပါတယ်။ XM174 ကတော့ ၄၀မမ ဗုံးသီးကို အသုံးပြုပြီး XM307 ကတော့ ၂၅မမ ဗုံးသီးတွေကို အသုံးပြုပါတယ်။
စစ်သည်များနဲ့ တွဲဖက် သယ်ဆောင်ကာ တိုက်ပွဲဝင်နိုင်ဖို့ လေးလံတဲ့ စနစ်တစ်ခုဖြစိပေမယ့် ယာဉ်တင်အဖြစ် အသုံးပြုခြင်း၊ ခံစစ်ပစ်လက်နှက်အနေနဲ့ အသုံးပြုခြင်းတွေမှာ ထိရောက် ကောင်းမွန်တဲ့ စနစ်ဖြစ်လို့ နိုင်ငံတကာ တပ်မတော်တွေက လက်မလွတ်တမ်း အသုံးချနေတဲ့ ဗုံးပစ်လောင်ချာ စနစ်များ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

Wednesday, September 24, 2014

ခြေလျင်တပ်ဖွဲ့သုံး မောင်းသူမဲ့ယာဉ်ငယ်များ



ခြေလျင်တပ်ဖွဲ့များနဲ့ အထူးတပ်ဖွဲ့များ ရဲတပ်ဖွဲ့ဝင်များအတွက် မြေပြင်ရဲ့ တိုက်ပွဲဝင် အခြေအနေကို အချိန်နဲ့ တပြေးညီတည်း ကင်းထောက်ပေးနိုင်တဲ့ မောင်းသူမဲ့ ယာဉ်ငယ်များအကြောင်းကို ရေးသားတင်ပြလိုက်ပါတယ်။ အထူးတပ်ဖွဲ့များ ရှေ့ပြေးကင်းထောက် တပ်များနဲ့ ချေလျင် စစ်သည်များ အတွက် ရန်သူ့နယ်မြေ သို့မဟုတ် တိုက်ပွဲဝင်နယ်မြေရဲ့ ကွပ်ကဲမှုကို အထောက်အကူပြုစေဖို့ သေးငယ်ပြီး အသုံးပြုရလွယ်ကူတဲ့ မောင်းသူမဲ့ ကင်းထောက်များကို အသုံးပြုကြပါတယ်။ သာမာန် အရပ်ဖက်သုံး ကင်မရာတပ်ဆင်ထားတဲ့ အရုပ်များကဲ့သို့ ဈေးနုန်းချိုသာပြီး သုံးစွဲရလွယ်ကူတဲ့ အမျိုးအစားများ ဖြစ်ပြီး ထူးခြားချက်ကတော့ သတင်းအချက်အလက်များ ကြားဖြတ်မယူနိုင်စေရန်နဲ့ အကြမ်းခံစေဖို၊့  အသံလုံစေဖို့ အဓိက ပြုပြင်ထားပါတယ်။ 
 
ZALA421-08
၂၀၁၁ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ မြေပြင်တပ်အားလုံးကို အဆင့်မြင့်ခဲ့ရာမှာ ခြေလျင်တပ်များ၊ ယန္တာရားတင် ခြေလျင်တပ်များနဲ့ လေထီးခုန် စစ်သည်များအတွက် ZALA ကုမ္မနီထုတ် မောင်းသူမဲ့ ယာဉ်ငယ်များကို တပ်ဆင်ပေးခဲ့ပါတယ်။ သာမာန် ရေဒီယို စနစ်များနဲ့ ထိမ်းချုပ်တပ်ဆင် မောင်းနှင်နိုင်ပြီး အလွယ် တကူအသုံးပြုနိုင်ပါတယ်။ 
ZALA421-12
 ZALA421-08 အမျိုးအစား ကို အထူးတပ်ဖွဲ့များနဲ့ ရှေ့ပြေးကင်းထောက် တပ်ခွဲများအတွက် တပ်ဆင်ပေးပါတယ်။ ယူနစ်တစ်ခုလုံးမှာ မောင်းသူမဲ့ယာဉ်၂ခု ထိမ်းချုပ်ရေး စက်တစ်လုံး၊ ရေဒီယိုစနစ်အပါအဝင် ၈ကီလိုဂရမ်သာ လေးတာကြောင့် စစ်သည်၂ဦးဖြင့် သယ်ဆောင်နိုင်ပြီး လက်ဖြင့် ပစ်ကာ လွှတ်တင်နိုင်ပါတယ်။ အမြင့် ၃၆၀၀မီတာ ၊ ၁၅ကီလိုမီတာ အကွာအဝေးထိ ပျံသန်းနိုင်ပြီး အနီအောက်ရောင်ခြည်သုံး ကင်မရာ၊ သာမန်ကင်မရာနဲ့ INS/GPS စနစ်သုံး ကင်းထောက်စနစ်များ၊ ရန်သူမိတ်ဆွေ ခွဲခြားပေးနိုင်တဲ့ စနစ်များ ပါဝင်ပါတယ်။ ၁.၅ကီလိုဂရမ်သာ လေးပြီး လေထီးစနစ်ဖြင့် ပြန်လည်ဆင်းသက်စေပါတယ်။ သို့သော်လည်း ပျံသန်းချိန် တစ်နာရီခွဲသာ ရရှိမှာဖြစ်ပြီး တာရှည် ကင်းထောက် စစ်ဆင်ဖို့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ယာဉ်၂စင်းဖြင့် အလဲအလှယ်လုပ်ကာ စောင့်ကြည့်နေနိုင်ဖို့ စီစဉ်ထားပြီး ဘထ္ထရီအပို ၂စုံဆီ သယ်ဆောင်စေပါတယ်။

ZALA421-12 အမျိုးအစားကတော့ အနည်းငယ် ကြီးမားပြီး ပိုမို အနီးကပ်ကြည့်နိုင်တဲ့ ကင်မရာ တပ်ဆင်ထားပါတယ်။ ခြေလျင်တပ်ရင်းများ အသုံးပြုဖို့ အဓိက အသုံးပြုပြီး လူ၃ဦးနဲ့ သယ်ဆောင်နိုင်ပါတယ်။ ထိန်းချုပ်ရေး စက်ဆီသို့သာမကပဲ အမိန့်ပေးစင်တာနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။ အကွာအဝေး၊ ပျံသန်းနိုင်ချိန် စတာတွေဟာ 08 အမျိုးအစားနဲ့ မကွာပါဘူး။ သည်မောင်းသူမဲ့တွေ အတွက် တပ်စိတ်တစ်စိတ် တွဲဖက် ပေးထားပြီး တစ်ချိန်တည်းမှာ မောင်းသူမဲ့ ၃စင်းမှ ၅စင်း တပြိုင်တည်း ပစ်လွှတ် ကင်းထောက်ခြင်း ပြုလုပ်နိုင်ပါတယ်။ ယန္တရားတင် ခြေလျင်တပ်များနဲ့ လေကြောင်းချီ တပ်ရင်းများမှာ အဓိက တပ်ဆင်အသုံးပြုပါတယ်။ ၂မျိုးစလုံးဟာ ၅မိနစ် အတွင်းမှာ တပ်ဆင် ပစ်လွှတ်နိုင်ပါတယ်။

ZALA-421-06 အမျိုးအစားကတော့ ရဟတ်ယာဉ်ပုံစံ မောင်းသူမဲ့ အမျိုးအစား ဖြစ်ပါတယ်။ ရေကြောင်းတပ်ဖွဲ့များနဲ့ မြို့တွင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အမြင့် ၂၀၀၀ ကီလိုမီတာထိ တက်နိုင်ပြီး အကွာအဝေး ၁၅ကီလိုမီတာထိ ပျံသန်းနိုင်ပါတယ်။ ရိုက်ကူးရေး ကင်မရာကဲ့သို့ အနီးကပ်ဆွဲယူကြည့်နိုင်တဲ့ ကင်မရာတပ်ဆင်ထားပြီး စောင့်ကြည့်ခြင်းနဲ့ မြို့တွင်းရဲတပ်ဖွဲ့ဝင်များနဲ့ မီးသတ်တပ်ဖွဲ့များက အသုံးပြုကြပါတယ်။ ပျံသန်းချိန် ၁နာရီခွဲသာ ရရှိပြီး ကြီးမားတဲ့ စနစ်တစ်ခုဖြစ်တာကြောင့် စစ်ဖက် အဖွဲ့စည်းများက နှစ်သက်ခြင်း မရှိပါဘူး။ 
 
ZALA421-16E
ဒါ့ကြောင့် အမြောက်တပ်ဖွဲ့များ တင့်တပ်ဖွဲ့များနဲ့ ခြေလျင်တပ်ရင်းကြီးများမှာ အစ္စရေးနိုင်ငံထုတ် Orbiter အမျိုးအစား မောင်းသူမဲ့ ယာဉ်ငယ်များကို ထပ်မံ ဖြည့်တင်းထားပါတယ်။ Orbiter အမျိုးအစား ယာဉ်ငယ်များဟာ ပစ်လွှတ်စင်နဲ့ ပစ်လွှတ်ရပြီး စစ်သည် ၃ဦးပါ တပ်ဖွဲ့(ယာဉ်၃စင်း ထိမ်းချုပ်ရေး ကိရိယာ တစ်စုံ) ဒါမှမဟုတ် ထိမ်းချုပ်ရေး ယာဉ်တစ်စင်းနဲ့(မောင်းသူမဲ့၅စင်း ၂စင်းတပြိုင်တည်း အသုံးပြုနိုင်) အသုံးပြုနိုင်ပါတယ်။ စစ်သည်ပါ ရေဒီယို ထိမ်းချုပ်မှုနဲ့ ဆိုရင် အကွာအဝေး ၁၅ကီလိုမီတာမှ ကီလိုမီတာ ၃၀ထိ အသုံးပြုတဲ့ Orbiter အမျိုးအစားပေါ် မူတည်ပြီး၊ ယာဉ်နဲ့ ထိမ်းချုပ်မယ်ဆိုရင်တော့ ကီလိုမီတာ ၈၀မှ ၁၀၀ ထိမောင်းနှင်နိုင်ပါတယ်။ အသင့်ဖြစ်ရန် ကြာချိန် ၁၅မိနစ်ခန့် အနည်းဆုံးယူရပါတယ်။ အမြင့်မီတာ ၅ထောင်ထိ တက်နိုင်ပါတယ်။ ကြာချိန် ၄နာရီကနေ ၇နာရီထိ ရရှိတာကြောင့် ရုရှားတပ်ဖွဲ့ဝင်များ ပိုမိုနှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ZALA ကုမ္မနီဟာ ZALA 421-16E အဖြစ် ပုံစံတူ ထုတ်လုပ်ခဲ့ပါတယ်။
 
Skylark
အစ္စရေးနိုင်ငံ Elbit ကုမ္မနီထုတ် Skylark ကင်းထောက်ယာဉ်ငယ် များဟာလဲ နိုင်ငံတကာ စိတ်ဝင်စားသော ယာဉ်ငယ်များဖြစ်ပါတယ်။ စစ်သည် ၂ဦးဖြင့် ယာဉ်၂စင်း၊ စက်တစ်စုံ သယ်ဆောင်နိုင်ပါတယ်။  လက်ဖြင့် လွှတ်တင်နိုင်ပြီး အကွာအဝေး ၄၀ကီလိုမီတာ၊ အမြင့် ၄၀၀၀မီတာ၊ ကြာချိန် ၃နာရီပျံသန်းနိုင်ပါတယ်။ လေအိပ်ဖြင့် ဆင်းသက်တဲ့ စနစ်ဖြစ်ပြီး ရန်သူမိမိ ခွဲခြားမှတ်သား ပေးနိုင်တဲ့ စနစ်မပါရှိပါဘူး။

SkylarkII
  ဒါ့ကြောင့် SkylarkII အဖြစ် ၂၀၀၆ ခုနှစ်မှာ အဆင့်မြင့်တင်ခဲ့ပြီး ယာဉ်ဖြင့် သယ်ဆောင် ထိမ်းချုပ်မောင်းနှင်နိုင်စေဖို့ စီစဉ်ထားပါတယ်။ အကွာအဝေး ၆၀ကီလိုမီတာ ကြာချိန် ၆နာရီထိ ပျံသန်းနိုင်ပါတယ်။ ပိုမိုကြီးမားတဲ့ စနစ်တစ်ခုဖြစ်ပြီး ယာဉ်ပါ ပစ်လွှတ်စင်နဲ့ လွှတ်တင်နိုင်ပါတယ်။ ရန်သူမိတ်ဆွေ ခွဲခြားစောင့်ကြည့်နိုင်တဲ့ စနစ်တွေအပါအဝင် လေဆာလမ်းညွှန်ပေးနိုင်တဲ့ စနစ်တွေပါ ပါဝင်တာကြောင့် ခြေလျင်တပ်ရင်းများ၊ တင့်ကားတပ်များ၊ အမြောက် အကဲကြည့်များ အတွက်အသုံးဝင်ပြီး ပေါင်းစပ်စစ်ဆင်ရေးများအတွက် အသုံးပြုကြပါတယ်။ နိုင်ငံစုံတပ်ဖွဲ့များ အာဖကန်အီရတ် အပါအဝင် စစ်ဆင်ရေး အမြောက်အများမှာ အောင်မြင်စွာ အသုံးပြုနေတဲ့ စနစ်လဲပဲ ဖြစ်ပါတယ်။ 
 
Skyblade III
Skylark ယာဉ်ငယ်များနဲ့ ဆင်တူတာကတော့ စင်ကာပူနိုင်ငံက ထုတ်လုပ်တဲ့ Skyblade III မောင်းသူမဲ့ ကင်းထောက်ယာဉ်များ ဖြစ်ပါတယ်။ စစ်သည် ၂ဦးဖြင့် ပစ်စင်၊ ထိမ်းချုပ်ရေး ကိရိယာတစ်စုံ ယာဉ်တစ်စင်း သယ်ဆောင်နိုင်ပြီး ပစ်စင်ငယ်ဖြင့် ပစ်လွှတ်ရပါတယ်။ နေ့ည မရွေးစောင့်ကြည့်နိုင်ခြင်း၊ ရန်သူမိတ်ဆွေ ခွဲခြားစောင့်ကြည့်ပေးနိုင်ခြင်း  စတဲ့ အဆင့်မြင့် စနစ်တွေပါဝင်ပါတယ်။ ၁၅မိနစ်အတွင်းမှာ ပစ်လွှတ်နိုင်ပြီး လေအိပ်အသုံးပြု ဆင်းသက်နိုင်ပါတယ်။ သို့သော်လည်း အကွာအဝေး ၈ကီလိုမီတာ အမြင့် မီတာ၅၀၀ ထိသာ တက်ရောက်နိုင်ပြီး ပျံသန်းချိန် ၁နာရီသာ ရရှိပါတယ်။ 
 
ASN-15
တရုတ်တပ်မတော်သုံး ASN-15 ကင်းထောက်ယာဉ်ငယ် ဟာလဲ လက်ဖြင့်လွှတ်တင်နိုင်သော မောင်းသူမဲ့အမျိုးအစားဖြစ်ပါတယ်။ စစ်သည် ၃ဦးပါအဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အကွာအဝေး ၁၀ကီလိုမီတာ အမြင့် ၅၀၀မီတာ ကြာချိန် ၁နာရီ ခန့်ထိ မောင်းနှင်နိုင်ပါတယ်။ နေ့ည စောင့်ကြည့်နေရေး စနစ်များပါဝင်ပြီး ရန်သူမိမိ ခွဲခြားသော စနစ်များ လေဆာလမ်းညွှန်စနစ်များ ပါရှိတယ် မပါရှိဘူးကတော့ မသိရှိရပါဘူး။

DRDO Imperial Eagle
အိန္ဒိယတပ်မတော်သုံး DRDO Imperial Eagle မောင်းသူမဲ့ ယာဉ်ငယ်ဟာလဲ အလားတူ မောင်းသူမဲ့ အမျိုးအစားဖြစ်ပါတယ်။ အကွာအဝေး ၁၀ကီလိုမီတာ၊ အမြင့် ၃၀၀မီတာ၊ ကြာချိန် တစ်နာရီထိ မောင်းနှင်နိုင်ပြီး ရန်သူမိတ်ဆွေ ခွဲခြားစောင့်ကြည့်တဲ့ စနစ်တွေပါဝင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ ၂နိုင်ငံလုံးဟာ မောင်းသူမဲ့ ယာဉ်ငယ်များကို အသုံးပြုမှု နည်းပါးပြီး အထူးတပ်ဖွဲ့များတွင် အသုံးပြုရန်အတွက် အစ္စရေးနိုင်ငံလုပ် မောင်းသူမဲ့ယာဉ်ငယ်များကို အဓိကထား အသုံးပြုကြပါတယ်။ ကျန်းမာချမ်းသာကြပါစေ။