Thursday, June 22, 2017

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံရေတပ်သင်္ဘောများ ပထမဆုံးအကြိမ် ပူးတွဲရေတပ်လေ့ကျင့်ရေးများ ဆောင်ရွက်ခဲ့ခြင်း



       မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ် လာရောက်ခဲ့ကြသည့် တရုတ်ရေတပ်မှ Type-052C Class Destroyer - Changchun နှင့် Type-054A Class Frigate - Jingzhou တို့သည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ထွက်ခွာချိန်တွင် မြန်မာပြည် ရေပိုင်နက်အတွင်း၌ နှစ်နိုင်ငံရေတပ်သင်္ဘောများ ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။


      သီလဝါဆိပ်ကမ်းမှ ထွက်ခွာလာသော တရုတ်ရေတပ်စစ်ရေယာဉ်များနှင် မြန်မာရေတပ်စစ်ရေယာဉ်များဖြစ်ကြသည့် ဖရီးဂိတ် အောင်ဇေယျ (F-11) နှင့် ကော်ဗက် အနော်ရထာ (771) ရေယာဉ်နှစ်စီးတို့သည် ဒေသစံတော်ချိန် ၁၄၀၀ နာရီတွင် ရေတပ်ပူးတွဲလေ့ကျင့်မှုကို စတင်ခဲ့ကြသည်။လေ့ကျင့်ခန်းတွင် တရုတ်ဖျက်သင်္ဘော Changchun နှင့် မြန်မာရေတပ်ဖရီးဂိတ် (F-11)တို့က တစ်ဖွဲ့၊ တရုတ်ဖရီးဂိတ် Jingzhou နှင့် မြန်မာရေတပ်ကော်ဗက် (771) တို့ကတစ်ဖွဲ့ ရေယာဉ်နှစ်စုခွဲကာ ပူးတွဲလေ့ကျင့်ခဲ့ကြပါသည်။


       လေ့ကျင့်မှုများအဖြစ် ရေယာဉ်အုပ်စုနှစ်စုအကြား မီးဖြင့်အချက်ပြဆက်သွယ်ခြင်းလေ့ကျင့်ခန်း၊ အလံဖြင့်အချက်ပြဆက်သွယ်ခြင်းလေ့ကျင့်ခန်းနှင့် VHF ရေဒီယိုလှိုင်းမှ ဆက်သွယ်ခြင်း စသည့် လေ့ကျင့်ခန်းများပါဝင်သည့် ဆက်သွယ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် တရုတ်ဖျက်သင်္ဘော Changchun မှ ဦးဆောင်ကာ ရေယာဉ်(၄)စီး စုပေါင်း၍ တစ်တန်းတည်းပုံပြုမောင်းနှင်ခြင်း (Single Column Formation ) ကို ပြုလုပ်ကာ ချိန်ညှိမောင်းနှင်ခြင်းကို ဆောင်ရွက်ကြပါတယ်။ လေ့ကျင့်ခန်းစတင်ပြီးနောက် (၂)နာရီခန့်အကြာ ဒေသစံတော်ချိန် (၁၆၀၀)နာရီတွင် တရုတ်ဖျက်သင်္ဘော Changchun မှ ရေယာဉ်စုသို့ လေယာဉ်ပျံတစ်စီး ပင်လယ်ထဲသို့ ပျက်ကျကာ လေသူရဲ(၂)ဦး ရေထဲတွင်ကျရောက်နေကြောင်း အကြောင်းကြားလာသဖြင့် မူလကအတိုင်း ရေယာဉ်နှစ်စုခွဲကာ ဖြန့်ကျက်ရှာဖွေသည့် Search and Rescue - SAR Mission Drill ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ပူးပေါင်းရှာဖွေကယ်ဆယ်ရေးအတွင်း တရုတ်ဖျက်သင်္ဘော Changchun နှင့် မြန်မာဖရီးဂိတ် အောင်ဇေယျ (F-11) စစ်ရေယာဉ်စုမှ ပင်လယ်အတွင်းသို့ ကျရောက်နေသည့် လေသူရဲများကို တွေ့ရှိပြီး အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါသည်။

      လေ့ကျင့်မှုစတင်ပြီး (၃)နာရီခန့်အကြာ ဒေသစံတော်ချိန် (၁၇၀၀)နာရီခန့်တွင် နှစ်နိုင်ငံစစ်ရေယာဉ်များ ပူးတွဲလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီး နှစ်ဖက်စစ်ရေယာဉ်များ ပြန်လည်စုဖွဲ့ကာ တရုတ်နှင့် မြန်မာ စစ်ရေယာဉ်များမှ ရေတပ်သားများ မိမိတို့သင်္ဘောများပေါ်တွင် တန်းစီကာ အပြန်အလှန် လက်များဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြပါသည်။



UMS King Aung Zaeya Guided Missile Frigate




        သတင်းထောက်များ၏ မေးမြန်းမှုအား တပ်မတော်-ရေမှ စစ်ဦးစီးအရာရှိချုပ်-ရေ ဗိုလ်ချုပ်မိုးအောင်မှ ပြန်လည်ဖြေကြားရာတွင် "တရုတ်ရေတပ်သင်္ဘောများ မြန်မာပြည်သို့ ချစ်ကြည်ရေးအလည်အပတ် လာရောက်မှုမှာ အလွန်ပင်အရေးကြီးကြောင်း၊ ယခုအလည်အပတ် ခရီးစဉ်မှာ သာမန်ခရီးစဉ်တစ်ခုမျှသာမဟုတ်ပဲ နှစ်နိုင်ငံအကြား ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံအကြားနားလည်မှုကို မြင့်တင်ပေးသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။

      တရုတ်ရေတပ်မှ ရေယာဉ်စုမှူး ရှန်းဟိုမှ ဖြေကြားရာတွင် "ယခုအကြိမ်သည့် တရုတ်နှင့် မြန်မာရေတပ်နှစ်ခုအကြား ပထမဆုံးပူးတွဲလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း၊ အဆိုပါလေ့ကျင့်မှုအတွင်း နှစ်ဖက်စလုံးမှ သတင်းပို့မှုဆက်သွယ်ရေးပုံစံများ၊ ပုံပြုမောင်းနှင်ပုံများကို အပြန်အလှန် လေ့လာနိုင်ခဲ့ကြောင်း၊ ပူးတွဲရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စစ်ရေးမဟုတ်သောပူးတွဲလေ့ကျင့်မှုများနှင့် အခြားရေကြောင်းဆိုင်ရာလေ့ကျင့်မှုများကို ပူးတွဲလေ့ကျင့်နိုင်ခဲ့ကြောင်း၊ အဆိုပါပူးတွဲလေ့ကျင့်မှုများကြောင့် လွန်စွာမှအသုံးဝင်သော အတွေ့အကြုံကောင်းများကို ရရှိခဲ့ကြပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးတွဲဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်ကြောင်း" ပြောကြားသွားခဲ့ပါသည်။

      တရုတ်ရေယာဉ်စုဟာ ထိုပူးတွဲလေ့ကျင့်မှုအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ဆက်လက်ထွက်ခွာသွားခဲ့ကြပါသည်။



Admin-YMN




မြန်မာ့လေတပ်မတော်၏ တိုက်လေယာဉ်အသစ်များ နဲ့ အနာဂါတ်တိုက်လေယာဉ်များ


မြန်မာ့တပ်မတော်သတင်းတွေ မတင်ဖြစ်တာ အတော်ကြာပါပြီ ဒီနေ့တော့ စစ်ရေးလေ့လာသူတိုင်းကို အထူးရင်ခုန်စေခဲ့တဲ့ သတင်းတွေကို စုစည်းတင်ပြပေးသွားပါ့မယ်…

တပ်မတော်(လေ)ရဲ့ စစ်လက်နက်ဖြည့်တင်းမှုကနေစလိုက်ရအောင်ဗျာ…

JF-17 ဘက်စုံသုံးတိုက်လေယာဉ်
 
         လေတပ်အနေနဲ့ တရုပ်နဲ့ပါကစ္စတန်ပူးတွဲထုတ် JF-17 ဘက်စုံသုံးတိုက်လေယာဉ်များ ဝယ်ယူသွားဖို့ရှိတယ်လို့ ပြည်ပသတင်းဌါနတွေကနေ စတင်ဖော်ပြခဲ့တာကတော့ လွန်ခဲ့တဲ့ ၂နှစ်ဝန်းကျင်ကဖြစ်ပါတယ်… အစပိုင်းမှာတော့ ဒါဟာမဖြစ်နိုင်တဲ့သတင်းအမှားတစ်ခုအဖြစ်သာ ယူဆခဲ့ရပေမယ့် ၂ဘက်စလုံးက တရားဝင်အတည်ပြုခဲ့ကြပြီးနောက်မှာတော့ လေတပ်ရဲ့ JF-17 တိုက်လေယာဉ်အကြောင်းဟာ တဖြေးဖြေးနဲ့ရုပ်လုံးပေါ်လာခဲ့တာ ဖြစ်ပါတယ်… ပထမဆုံးမျက်မြင်တွေ့လိုက်ရတာကတော့ ပါကစ္စတန် လေယာဉ်ထုတ်လုပ်ရေးစက်ရုံက ထုတ်လွင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲက RUBY လို့အမှတ်သားပြုထားတဲ့ လေယာဉ်များပါပဲ… ထို့နောက်မှာတော့ ဒီနှစ်ထဲမှာပဲ ပါကစ္စတန်က ၄င်းတို့တည်ဆောက်ခဲ့တဲ့ အဆိုပါ RUBY တိုက်လေယာဉ်များကို နောက်ဆုံးအဆင့်စမ်းသပ်မှုများကို တရုပ်နိုင်ငံမှာ ပြုလုပ်နေစဉ် ထွက်ပေါ်လာခဲ့တဲ့ ဓါတ်ပုံများပဲဖြစ်ပါတယ်… အဆိုပါပုံများထဲမှာတော့ တပ်မတော်(လေ)ရဲ့ အမှတ်အသားတွေ အပြည့်အဝပါဝင်လာခဲ့သလို ကိုယ်ထည်နံပတ် ၁၇၀၂ ဆိုတာလည်း အထင်အရှား မြင်တွေ့ခွင့်ရကြပါတော့တယ်….

          JF-17ဟာ လက်ရှိကမ္ဘာ့နာမည်ကျော်တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်များနဲ့ နှိုင်းယှဉ်ရင် အကောင်းဆုံးတော့ မဟုတ်သေးပါဘူး ဒါပေမယ့် တပ်ဆင်နိုင်တဲ့ ဒုံးနဲ့ရေဒါစနစ်များကတော့ ဒုတိယအတန်းစားတိုက်လေယာဉ်တစ်စီးဖြစ်ကြောင်း သက်သေပြုနေပါတယ်..။ ဒီနေ့ ၂၂.၆.၂၀၁၇ရက်နေ့သတင်းတစ်ပုဒ်အရ ပါကစ္စတန်လေတပ်ရဲ့ JF-17 တိုက်လေယာဉ်တစ်စင်းကနေ အီရန်ရဲ့ Shahed-129 လို မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တဲ့သတင်းများ မြင်တွေ့ရတာမျိုး တပ်မတော်(လေ)ဝယ်ယူထားတဲ့ အဆိုပါတိုက်လေယာဉ်များဟာလည်း နိုင်ငံတကာမှာ စိတ်ဝင်စားခြင်းခံရတဲ့ စွမ်းရည်မြင့်တိုက်လေယာဉ်အဖြစ် ချက်ချင်းပဲ လူသိများလာခဲ့ပါတယ်…

YAK-130  ခေတ်မီအမောင်းသင် နဲ့ အပေါ့စားတိုက်လေယာဉ်


           နောက်ထပ်စိတ်ဝင်စားဖွယ်ရာသတင်းတစ်ခုကတော့ ရုရှားရဲ့နာမည်ကျော် YAK-130 ခေတ်မီအမောင်းသင်နဲ့ အပေါ့စားတိုက်လေယာဉ်ဝယ်ယူမှုပဲဖြစ်ပါတယ်… YAK-130တိုက်လေယာဉ်တွေကို လက်ရှိအကောင်းဆုံး(ရုရှားထုတ်) SU-30, SU-35 နဲ့ PAK FA ကဲ့သို့သော တိုက်လေယာဉ်များအတွက် အမောင်းသင်လေ့ကျင့်နိုင်စေရန် ရည်ရွှယ်ကာ ထုတ်လုပ်ထားတာဖြစ်လို့ တပ်မတော်အနေနဲ့ တချိန်ချိန်မှာ အဆိုပါတိုက်လေယာဉ်ကြီးများကို ဝယ်ယူခဲ့မယ်ဆိုရင် အပန်းမကြီးမစိမ်းတော့ပဲ မောင်းနှင်စေနိုင်မှာပဲဖြစ်ပါတယ်… တကယ်တော့ YAK-130 ကိုယ်တိုင်ကိုက စွမ်းရည်မြင့်တိုက်လေယာဉ်တမျိုးဖြစ်နေပါပြီ ဆိုဗီယက်ခေတ်က အတွေးအခေါ်များကနေများစွာ ခွဲထွက်ထားတဲ့ တီထွင်ဖန်တီးမှုများပါဝင်ပြီး တပ်ဆင်နိုင်တဲ့ လက်နက်စနစ်ကလည်း လက်ရှိတိုက်လေယာဉ်အတော်များများနည်းတူ စွမ်းဆောင်နိုင်ပါတယ်…

YAK-130 တိုက်လေယာဉ်များ မြန်မာပြည်ရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပြည်ပသတင်းဌါနတချို့က မှတ်တမ်းဓါတ်ပုံများ ဖော်ပြပေးခဲ့ပါတယ်… အဆိုပါပုံများအရ ပထမအသုတ် တိုက်လေယာဉ် ၃စီး စတင်လက်ခံရရှိခဲ့တာဖြစ်ပြီး အစင်းရေ ၁၅စီးအထက် ဝယ်ယူနိုင်ခြေရှိတယ်လို့ သုံးသပ်ထားကြပါတယ်… အဲ့ဒီသတင်းတွေသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ လေတပ်ဟာ သက်တမ်းရင့်ကာ အိုမင်းနေပြီဖြစ်တဲ့ F-7 နဲ့ A-5 များနေရာအတွက် အားသစ်ဖြည့်တင်းနိုင်ပြီလို့ သတ်မှတ်နိုင်သလို အထက်မှာဖော်ပြခဲ့တဲ့ JF-17 တိုက်လေယာဉ်များနဲ့အတူ စစ်ဆင်ရေးဆောင်ရွှက်နိုင်တာမို့ YAK-130 ရဲ့ ပြင်းထန်တဲ့ မြေပြင်စစ်ကူပေး ဗုံးနဲ့ဒုံးတွေ JF-17 ရဲ့ ပင်လယ်ပြင်က အမိမြေကျူးကျော်လာတဲ့ ရန်သူ့စစ်ရေယာဉ်များကို ခြေမှုန်းဖို့အတွက် C-802A1 ဒုံးများပစ်ခတ်နိုင်မှုဟာ တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ တိုးတက်လာစေမှာလည်းဖြစ်ပါတယ်…

လေတပ်အနေနဲ့ မကြာခင်ကမှ ဝမ်းနည်းဖွယ်အဖြစ်ဆိုးကြီး ကြုံတွေ့ခဲ့ပေမယ့် မီးလျံထဲက ရုန်းထရှင်သန်နိုင်တဲ့ ဇာမဏီငှက်များလိုပဲ အစဉ်အဆက်မြန်မာ့ဝေဟင်ကို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတာ အပြည့်အဝယုံကြည်မိပါတယ်…

အနာဂတ် တပ်မတော်(လေ)အတွက် တိုက်လေယာဉ်ကြီးများ
ဆိုခဲ့သည့်အတိုင်း YAK-130 များအနေနဲ့ 4++တိုက်လေယာဉ်များအတွက် အမောင်းသင်ပေးနိုင်တဲ့ လေယာဉ်များဖြစ်တာမို့ လေတပ်ရဲ့ အနာဂတ်တိုက်လေယာဉ်များကိုလည်း စိတ်ကူးနဲ့မှန်းဆမိပါတယ်… မိမိတို့အနေနဲ့ လက်ရှိမှာ တရုပ်နဲ့ ရုရှားရဲ့ နောက်ဆုံးပေါ်တိုက်လေယာဉ်များထဲကပဲ ဝယ်ယူမယ်လို့ ယူဆသုံးသပ်ရရင် လေတပ်အနေနဲ့ တရုပ်ရဲ့ J-10B တိုက်လေယာဉ်နဲ့ ရုရှားရဲ့ SU-30/35 နဲ့ MiG-29M/35 များပဲ ဝယ်ယူသွားဖို့များပါတယ် တရုပ်အနေနဲ့ J-10B များကိုပြည်ပသို့ စတင်ရောင်းချနေပြီဖြစ်သလို မိမိတို့အပေါ်အမြဲ အိမ်နီးချင်းကောင်းမပြီသတဲ့ ဘင်္ဂလားဒေ့်အနေနဲ့လည်း မှာယူထားတဲ့ တိုက်လေယာဉ်အမျိုးစားဖြစ်ပါတယ်… ရုရှားတိုက်လေယာဉ်များမှာ MiG-29များကိုတော့ တပ်မတော်အနေနဲ့ လက်ရှိလည်းအစီးရေ အတော်များများပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်တာမို့ အထူးတလည် လေ့ကျင့်နေစရာမလိုတော့တဲ့ တိုက်လေယာဉ်မျိုးဖြစ်ပါတယ်… လေတပ်အနေနဲက MiG-35 တွေကို ရွေးချယ်ခဲ့မယ်ဆိုရင် လက်ရှိအချိန်ထိ ရုရှားလေတပ်ရဲ့ အဆင့်မြင့်ဆုံးရေဒါစနစ်တွေပါ ရရှိနိုင်ခြေရှိနေပါတယ်… ဒါပေမယ့် လေတပ်တစ်ခုတည်းမကြည့်ပဲ တပ်မတော်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပါ ထည့်တွက်မယ်ဆိုရင်တော့ (ကျနော်တစ်ဦးတည်းအမြင်) MiG-35 တိုက်လေယာဉ်များထက် တာဝေးထိုးဖေါက်စစ်ဆင်နိုင်တဲ့ Sukhoi တိုက်လေယာဉ်များကိုပဲ ပိုမိုအားပေးပါတယ်… မိမိတို့နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးနဲ့အမြောက်လက်နက်များ ရေဒါကြီးများရဲ့ ထိရောင်မှုဟာ မြန်မာပြည်တဝှမ်းခြုံလွမ်းထားနေနိုင်ပြီးဖြစ်တာကြောင့်ပါ…


Sukhoi တာဝေးစစ်ဆင်ရေးသုံး တိုက်လေယာဉ်ကြီးများ
Sukhoi ထုတ်တိုက်လေယာဉ်တွေထဲမှာတော့ အမေရိကန်ရဲ့ တာဝေးစစ်ဆင်နိုင်တဲ့ တိုက်လေယာဉ်တွေကို ခြေမှုန်းနိုင်ဖို့အတွက် SU-27 တွေကိုလည်းရှိပါတယ် ဒေသတွင်းမှာတော့ အင်ဒိုနီးရှားကလည်း SU-27SK တွေ အသုံးပြုကြောင်းတွေ့ရပါတယ်… ဒါပေမယ့် လေတပ်လို ကျစ်ကျစ်လစ်လစ်နဲ့ အစွမ်းထက်တဲ့စစ်အင်အားတစ်ရပ်တည်ဆောက်နေမှုမှာ SU-27 တွေဟာ လိုအပ်ချက်တွေများနေဆဲဖြစ်ပါတယ်… ကျနော်တို့အနေနဲ့ ရုရှားလေတပ်ရဲ့ နာမည်ကျော် SU-35BM များ ဝယ်ယူဖို့ အဆင်သင့်မဖြစ်သေးချိန်မှာ ရွေးချယ်စရာအဖြစ် SU-30မျိုးဆက်တွေကို တွေ့ရပါတယ်… တရုပ်အပါအဝင် အိန္ဒိယလေတပ် မလေးရှား အင်ဒိုနီးရှား ဗီယက်နမ်စတဲ့ ဒေသတွင်းနိုင်ငံအချို့ကလည်း အသုံးပြုနေပါတယ်… တရုပ်ကပြည်တွင်းမှာပဲပြန်ထုတ်နေပါတယ် ကျန်တဲ့နိုင်ငံတွေကလည်း အဆင့်မြင့်တင်မှုတွေ လုပ်ဆောင်ဖို့ရှိနေတာမို့ SU-30 မျိုးကွဲတွေထဲမှာမှ ရုရှားပြည်းတွင်းသုံး SU-30SM မျိုးကွဲဟာ ကျနော်တို့အတွက် မျက်စိကျစရာဖြစ်လာပါတယ်… ရုရှားကိုယ်တိုင်က အဆိုပါ SU-30SM တွေကို ပြည်ပပို့ဖို့အတွက် ပြင်ဆင်နေပြီး SU-30SME လို့အမည်ရပါတယ်… ဒီတိုက်လေယာဉ်မျိုးကွဲတွေဟာ အလွန်စိတ်ဝင်စားစရာကောင်းတာကတော့ ရုရှားထုတ် စပ်ပစ္စည်းများသီးသန့်နဲ့သာ ထုတ်လုပ်ပေးမှာဖြစ်တာမို့ ပြည်ပနိုင်ငံတွေ မလေ့လာနိုင်သေးသော မသိသေးသော နည်းပညာအသစ်တွေလည်း တပုံကြီးပါလာမှာ ဖြစ်ပါတယ်… မလေးရှားလေတပ်ရဲ့ SU-30MKM တွေမှာတော့ ၄င်းတို့တောင်းဆိုတဲ့အတိုင်း ပြင်သစ်ထုတ်နည်းပညာတွေပါ ထည့်သွင်းပေးခဲ့ပါတယ်….


SU-25 မြေပြင်ပစ်ကူပေးလေယာဉ်


 

SU-30SM ဘက်စုံသုံးတိုက်လေယာဉ်



SU-34 ဗျုဟာမြောက်ဗုံးကြဲလေယာဉ်

SU-35 ဘက်စုံသုံးတိုက်လေယာဉ်

Sukhoi ရဲ့ SU-30SM တွေ လိုလားမှုစိတ်ကူးတွေကို ပိုမိုခိုင်မာစေခဲ့တာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရုရှားခရီးစဉ်အတွင်း လေ့လာခဲ့ရာက ဖြစ်ပါတယ် တပ်မတော်အနေနဲ့ ရုရှားရဲ့ SU-25,SU-30SM,SU-34 နဲ့ SU-35 တိုက်လေယာဉ်များကို အသေးစိတ်လေ့လာခဲ့ခြင်း အဆိုပါတိုက်လေယာဉ်များမောင်းနှင်ဖို့ လေသူရဲများ သင်တန်းပေးရန်ဆွေးနွေးခြင်းတွေဟာ အနာဂါတ် လေတပ်မတော်အတွက် ရင်ခုန်စရာအဖြစ်အပျက်များဖြစ်ပါတယ်… လေတပ်အနေနဲ့ SU-30မျိုးကွဲတိုက်လေယာဉ်များကို ဝယ်ယူဖို့ အတော်လေးနီးကပ်နေပြီလို့ ခန့်မှန်းလို့ရသလို A-5 ကဲ့သို့သော ဗုံးကြဲလေယာဉ်များနေရာမှာ အစားထိုးဖို့ SU-34 ဗျုဟာမြောက်ဗုံးကြဲလေယာဉ် နဲ့ SU-25 မြေပြင်ပစ်ကူပေးတိုက်လေယာဉ်များကိုလည်း မြန်မာ့လေတပ်မတော်အနေနဲ့ ပိုင်ဆိုင်စေချင်သေးတာကလည်း နိုင်ငံသားတိုင်းရဲ့ အမိမြေကာကွယ်နေတဲ့ တပ်မတော်ကို တိုးတက်စေချင်တဲ့ စိတ်လည်းဖြစ်ပါတယ်…


ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆွေးနွေးမှုများထဲက ကောက်နှုတ်ရမယ်ဆိုရင်-

…"The Senior General flew simulators of SU 30SM and SU 34 airplanes at the simulator for fighter planes of the training school together with the head of the school.At his office, the school head explained training affairs. The Senior General discussed sending of trainees from Myanmar Tatmadaw(Air) for taking training courses.
Afterwards, the Senior General and party observed flying training in group of SU 35 fighter planes manufactured by the Russian Armed Forces at the Lipetsk military field,construction of SU 30, SU 34 and SU 25 airplanes, installation of weapon systems and their capabilities…" လို့ဆိုထားပါတယ်.. အတိုချုံ့အနက်ပြန်ရရင် SU-30SM တွေကို လေ့လာခဲ့ပြီး အဆိုပါတိုက်လေယာဉ်များအတွက် လေယာဉ်မှုးသင်တန်းပေးအပ်ဖို့ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်…

နောက်ဆုံးအချုပ်အားဖြင့်ဆိုရင်တော့ လေတပ်အနေနဲ့ တဖြေးဖြေးနဲ့ နိုင်ငံတကာနည်းတူ လေတပ်အင်အားကို အစွမ်းကုန်ကြိုးပမ်းဖြည့်တင်းနေတာကို တွေ့ရှိရပါတယ်… JF-17 , YAK-130 စတဲ့ အတည်ပြုပြီးသော တိုက်လေယာဉ်များနည်းတူ ဖြစ်နိုင်ချေရှိတဲ့ SU-30SME, MiG-35 တိုက်လေယာဉ်များကို မြန်မာ့ဝေဟင်မှာ အတောင်ဖြန့်ကာပျံသန်းလျှက် ကျုးကျော်လာတဲ့ မည်သည့်ရန်သူကိုမဆို ခြေမှုန်းတိုက်ဖျက်သွားနိုင်ဖို့ မျှော်လင့်ရင်း ခေတ်မီအင်အားတောင့်တင်းသော တပ်မတော်တစ်ရပ်ဖြစ်လာစေရန် ဆန္ဒပြုရေးသား ပြုစုတင်ပြလိုက်ရပါသည်….

လေးစားလျှက်-
KoMM