Thursday, March 28, 2013

မြန်မာ့တပ်မတော်နှင့် အတွဲလိုက်ပစ်ဒုံးပစ်စဉ်များအကြောင်း

အတွဲလိုက်ပစ်ဒုံးပစ်စဉ်များ

အတွဲလိုက်ပစ်ဒုံးစနစ်များဆိုရင် အမေရိကန်ရဲ့ ဒုံးတင်ယာဉ်တွေ၊ ဆိုဗီယက်တို့ရဲ့ BM21 တွေကို ပြေးမြင်ကြမှာဖြစ်ပြီး၊ ဘယ်ကစသလဲ ဆိုရင် ဒုတိယကမ္ဘာစစ် ဂျာမနီကစတယ်ဆိုတာ လေ့လာတတ်သူတို့ သိရှိကြမှာဖြစ်ပါတယ်။ သို့သော်လည်း ဒီစနစ်ရဲ့ ကနဦးအစဟာ အာရှကနေဖြစ်ပါတယ်ဆိုရင် ယုံချင်မှယုံကြမှာဖြစ်ပါတယ်။ တကယ့်ကို အတွဲလိုက်ပစ် ဒုံးစနစ်ဟာ တရုတ်နဲ့ ကိုရီးယားတို့မှာ AD၁၃၀၀ ပြည့်လွန်ခေတ်များမှာ စတင်ခဲ့တာဖြစ်ပါတယ်။ စစ်မြေပြင်သုံး အမြှောက်များကို အဓိက သုံးနေကြတဲ့ အနောက်ကမ္ဘာရဲ့ စစ်တပ်များခေတ်စားချိန်မှာ အရှေ့တိုင်းမှာ စိန်လို့မြန်မာတို့ ခေါ်ကြတဲ့ စိန်ပြောင်းစနစ်များသာမက ခုကလေးများ ဆော့ကစားတဲ့ ရွှီးဒိုင်းခေါ်တဲ့ မီးရှူးစနစ်သုံး စစ်လက်နှက်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချနေကြခဲ့တာလဲ ဖြစ်ပါတယ်။
မှတ်တမ်းဝင်တဲ့ ကမ္ဘာ့ပထမဆုံးသော အတွဲလိုက်ပစ် ဒုံးစနစ်ဟာ ရွှီးဒိုင်းစနစ်ကို ၁၆ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်-ကိုးရီးယား စစ်ပွဲမှာ ကိုရီးယားတွေက ဆိပ်လူးမြှားတွေနဲ့ တွဲဖက်ပြီး တစ်မိနစ်အတွင်းမှာ အစင်းကြောင်း ၁၅၀ကျော် ပစ်နိုင်တဲ့ မီးလျံကြောင်လို့ နာမည်ခေါ်ရမယ့် Hwach'a လို့ခေါ်တဲ့ စနစ်ပါ။

Hwach'a စနစ်

ဒုတိယကမ္ဘာစစ် အတွင်းမှာတော့ ၁၉၃၀ လောက်မှာ ဂျာမန်တို့က စတင်အသုံးပြုခဲ့ကြပါတယ်။ စိန်ပြောင်းကနေ မီးခိုးဗုံးတွေကို လျင်လျင်မြန်မြန် မှိုင်းကာချနိုင်အောင် ကြိုးစားရာကနေ တိုးတက်လာခဲ့တဲ့ Nebelwerfer စနစ်ဟာ နောက်ပိုင်းမှာ အရေအတွက်ရော၊ အရေအသွေးပါ လျင်လျင်မြန်မြန်ကြီး တိုးတက်လာခဲ့ပြီး မြေပြင်၊ ဝေဟင်၊ ယာဉ်ပေါင်းများစွာနဲ့ တွဲဖက်ပြီး ပဲ့ထိမ်းမဲ့ ဒုံးကျည်အမျိုးအစားပေါင်းများစွာနဲ့ အောင်မြင်စွာ အသုံးတော်ခံနိုင်ခဲ့တဲ့ စနစ်တစ်ခုပါ။ ဂျာမန်တို့ စစ်ဦးကျိုးခါနီး စစ်ကြီးရဲ့ နောက်ပိုင်းမှာတော့ အမေရိကန်တို့ရဲ့ Mattress လို့ခေါ်တဲ့ စနစ်တွေကို အသုံးပြုလာကြပြီး မရှေးမနှောင်းမှာပဲ ဆိုဗီယက်တို့ရဲ့ BM စနစ်တွေလဲ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

BM-13  Katyushas စနစ်




T34 Calliope စနစ်
 BM စနစ်တွေဟာ အမေရိကန်စနစ်တွေထက် ပိုမိုထိရောက် ပိုမိုမြန်ဆန်လွယ်ကူပြီး ဂျာမန်တို့ရဲ့ စနစ်တွေထက်ကို ကောင်းမွန်တယ်လို့ဆိုကြပါတယ်။ နာမည်ကျော်စနစ်တစ်ခုကတော့ BM-13 Katyushas ပါ။ အမေရိကန်တို့ကလဲ T34 Calliope ကိုတည်ထွှင်ခဲ့ကြပြီး ရှားမင်းတင့်ကားတွေပေါ်မှာ တွဲဖက် တပ်ဆင်နိုင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားခဲ့လို့ အသုံးပြုခဲ့ရမှု အင်မတန်နဲပါးပြီး ထုတ်လုပ်မှုကို ဆယ်ဂဏန်းနဲ့ပဲ ရပ်ဆိုင်းခဲ့ရတယ်ဆိုပါတယ်။ ကျယ်ပြန့်လှတဲ့ ဧရိယာမှာ တပ်ဖြန့်နေရာယူထားတဲ့ ရန်သူတွေကို အချိန်တိုအတွင်းမှာ ပြင်ဆင်နေရာယူမှုနဲ့အတူ တပြိုင်တည်းမှာ နေရပ်လပ်မရှိ ချေမှုန်းဖိနှိပ်ပစ်ခတ်နိုင်ခဲ့တဲ့ ဒီစနစ်တွေကို ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အမျိုးမျိုး တည်ထွှင်ကြံဆ အဆင့်မြင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ထုတ်လုပ်သမျှ စနစ်တွေကိုလဲ အသုံးပြုကြသူတိုင်းက အတိုင်းအတာအတိုင်း ကျေနပ်ကြသလို ယခုထက် တိုင်အောင်လဲ အမျိုးအမျိုး အဆင့်မြင့်တင်ရင်း ရှေးမူမပျက် ခေတ်မှီနေတဲ့ စနစ်များ ဖြစ်ပါတယ်။ မြန်မာအပါအဝင် အရှေ့အာရှ နိုင်ငံများမှာလဲ ခုလို စနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချနေကြပြီး အင်မတင်လူကြိုက်များ ကျော်ကြားလှတဲ့ စနစ်တွေဖြစ်ပါတယ်။ သူတို့ထဲက စနစ်တစ်ခုကတော့ BM-21 grad ပဲဖြစ်ပါတယ်။
BM-14 အတွဲလိုက်ပစ် ဒုံးလက်နက်

BM-21 စနစ်ကို ၁၉၆၀ နှစ်စောပိုင်းမှာ ထုတ်လုပ်ခဲ့ပြီး ၁၄၀မမ ဒုံးကျည်သုံး BM-14 စနစ်ကနေ အဆင့်မြင့်တင် ပြောင်းလဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ grad ဆိုတာ ရုရှားလို Hail လို့ခေါ်ရမယ့် နှင်းသီး၊မိုးသီး တွေဖြစ်ပြီး နာမည်ဆိုလိုရင်းက နှင်းသီးမုန်တိုင်း မိုးသီးမုန်တိုင်းလို့ သူ့ရဲ့ ပစ်အားကို တင်စားပြီးခေါ်ဆိုတာဖြစ်ပါတယ်။ ပေါင်၄၀ ရှိတဲ့ ဖျက်အားပြင်းထိပ်ဖူးကို သယ်ဆောင်တဲ့ ၁၂၂မမ ဒုံးကျည် အစင်း၄၀ကို တစ်စက္ကန့် ၂စင်းနုန်းနဲ့ ပစ်ခတ်နိုင်တဲ့ စွမ်းအားအာ တင်စားခေါ်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်မယ်လို့ ထင်ပါတယ်။ ၆ဘီးယက် ၆ဘီးတပ် အမြှောက်ဆွဲယာဉ်ပေါ်မှာ တပ်ဆင်ထားပြီး ၃မိနစ်အတွင်း ပစ်ခတ်ဖို့ အဆင်သင့်ဖြစ်နေမယ့် ဒီစနစ်ကို လူကြိုက်များလွန်းတဲ့ အတွက် ကမ္ဘာအနှံ့ နိုင်ငံ၆၀ကျော်က ယနေ့အချိန်ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ အဲဒီထဲက နိုင်ငံပေါင်း၃၀ကျော်လောက်က လိုင်စင်ရော လိုင်မင်မဲ့ပါ ပုံတူပွား ထုတ်လုပ်ခြင်း၊ အဆင့်မြင့်တင်ခြင်းတွေ ပြုလုပ်ခဲ့ကြပြီး BM21 ရဲ့ မျိုးဆက်သစ်အမြောက် အများရော၊ မူရင်းများပါ ယနေ့ထက်တိုင် စစ်မျက်နှာ အသီးသီးမှာ အသုံးတော်ခံလျက်ရှိပါတယ်။

မြန်မာ့တပ်မတော် ကပစမှ ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့် BM-21 ဒုံးလက်နက်စနစ်

Cambodia ၏  အတွဲလိုက်ပစ်ဒုံးလက်နက်စနစ်

တရုပ်တပ်မတော်၏ Type-81 ၁၂၂မမ အတွဲလိုက်ပစ်ဒုံးလက်နက်စနစ်

၎င်းစနစ်များဟာ လျင်လျင်မြန်မြန်ရွေ့ပြောင်းချီတက် နိုင်ကြပေမယ့် ရန်သူရန့် တန်ပြန်တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခြင်းနဲပါးသလို၊ လက်နှက်ငယ်ဒဏ်၊ သာမာန်ခြေလျင်တပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုဒဏ်ကိုတော့ မြေပြင်အခြေစိုက် အမြောက်တပ်ဖွဲ့များလိုပဲ ခံနိုင်ရည်နဲပါးလှပါတယ်။ ရန်သူရဲ့ ထောက်ပံ့ရေးစခန်းတွေ၊ လေယာဉ်ကွင်းတွေ၊ အခြေစိုက်စခန်းတွေ သိုလှောင်ရုံတွေနဲ့ စုဖွဲ့ထားတဲ့ တင့်ကားတပ်တွေ၊ ခြေလျင်တပ်တွေကို ဧရိယာလိုက် ကွက်စိတ်တိုက် ခြေမှုန်းနိုင်အောင် ပစ်အားကောင်းလှတဲ့ ဒီစနစ်တွေက လှုပ်ရှားမှုထက် ပစ်အားကို ပိုမိုအသားပေးတဲ့ စနစ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ ပစ်စဉ်၆ခုပါဝင်တဲ့ BM21 စနစ်တပ်ခွဲတစ်ခွဲဟာ အကွာအဝေး ကီလိုမီတာ၂၀ ကျော်မှာရှိတဲ့ ၁စတုရမ်းမိုင် ဧရိယာ လောက်ကို စိုးမိုးပစ်ခတ်နိုင်ပါတယ်။ တပ်ရင်းတစ်ရင်း ပစ်အားဟာ ၄-၅စတုရမ်းမိုင် ဧရိယာလောက်ကို ထိထိရောက်ရောက် ပစ်ခတ်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက်ပိုင်း စနစ်တွေမှာ သုံးတဲ့ ဒုံးအမျိုးအစားလိုက်ပြီး ကီလိုမီတာ ၄၀ကျော်ထိ ပစ်ခတ်နိုင်တာ ရှိတယ်လို့လဲ ဆိုပါတယ်။ တင့်ကားတွေကို ခြေမှုန်းဖို့ သီးသန့်ထုတ်ထားတဲ့ ထိပ်ဖူးတွေ၊ လူသတ်ဖို့ ထုတ်ထားတဲ့ ထိပ်ဖူးတွေနဲ့၊ ဖေါက်ထွှင်းပေါက်ကွဲနိုင်တဲ့ ထိပ်ဖူးတွေ၊ ဖျက်အားပြင်းစနစ်တွေနဲ့ လေဆာလမ်းညွန်တွေ၊ လေဆာစနစ်သုံး ထိပ်ဖူးတွေအပါအဝင်၊ အီလက်ထောနစ်လှိုင်းရှိရာကို ခြေရာခံပြီး မှန်အောင် လုပ်ထားတဲ့ ထိပ်ဖူးစနစ်တွေကို စစ်ဆင်ရေးအမျိုးအစားလိုက်၊ ပစ်မှတ်အမျိုးအစားပေါ်လိုက်ပြီး အသုံးပြုလာနိုင်ခြင်းဟာလဲ BM21 စနစ်ရဲ့ အစွယ်ကို ချွန်သထက် ချွန်အောင် အဆိပ်ပြင်းသထက် ပြင်းအောင် ထပ်ဆောင်းထားနိုင်တဲ့ စနစ်တွေဖြစ်ပါတယ်။

ဒါပေမယ့် ဒီစနစ်တွေဟာ ပစ်စဉ်တွေချည်း လှုပ်ရှား တိုက်ပွဲဝင်ကြရတဲ့ စနစ်တွေတော့ မဟုတ်ပါဘူး။ ထောက်ပံ့ရေးကားတွေ၊ အမိန့်ပေးယာဉ်တွေ၊ ရေဒါတွေကားတွေ၊ ဆက်သွယ်ရေး ယာဉ်တွေကိုပါ တွဲဖက် အသုံးပြုကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်ပေါ်ကနေ ယာဉ်အဖွဲ့သားတွေကနေ ပစ်ခတ်နိုင်တာမဟုတ်ပဲ မီတာ၂၀ကျော် အကာကွယ်နောက်ကနေ ဒါမှမဟုတ် အကာကွယ်မဲ့ မီတာ ၅၀လောက်ကနေ ခလုပ်ကိုယူပြီး ပစ်ခတ်ကြရတာဖြစ်ပါတယ်။ ပစ်ခတ်ဖို့ပြင်ဆင်ချိန် ၃မိနစ်အောက်မှာသာ ရှိပြီး၊ စက္ကန့်၂၀လောက် အတွင်းမှာ ဒုံးကျည်အစင်း ၄၀ကို ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ စက္ကန့်အနည်းငယ်(သို့) မိနစ်အနည်းငယ်အတွင်းမှာ ပစ်ခတ်စရာ ကုန်သွားမယ့် သည်စနစ်တွေကို ထပ်မံကျည်ဖြည့်ဖို့ ဘထ္ထရီဖြည့်ဖို့ နေရာရွေ့ပြောင်းဖို့ ပြန်လည်နေရာယူဖို့ ဆိုတာဟာ (ရန်သူ့ လေကြောင်းတိုက်ခိုက်မှု(သို့) တန်ပြန်ပစ်ခတ်မှုမလာသေးတဲ့) အချိန်တိုအတွင်းမှာဆောင်ရွက်နိုင်ဖို့ဆိုတာ အောင်မြင်နိုင်ခြေ အင်မတန်နဲပါးလှပါတယ်။ ဒါကြောင့် ပုံဖျက်ဖုံးကွယ်ဖို့၊ဒါမှမဟုတ် အကာကွယ်ယူဖို့ နေရာကောင်းကို အရင်ရွေးခြယ်ပြီးမှသာ ပစ်ခတ်နိုင်ကြပါတယ်။

မြန်မာ့တပ်မတော်ရှိ Type-90B ၁၂၂မမ အတွဲလိုက်ပစ် ဒုံးလက်နက်စနစ်


သို့သော် ပြန်လည်ဖြည့်တင်းခြင်းကို မဆောင်ရွက်ပဲ လျင်မြန်စွာ နေရာရွေ့ပြောင်းကြရပြီး ဒုတိယနေရာယူပြီးချိန်မှာတော့ ပစ်ခတ်ရန် ပြင်ဆင်ချိန်ဟာ မိနစ်အနည်းငယ်သာ ကြာမြင့်တဲ့အတွက် စနစ်ရဲ့ အားသာချက် အားနဲချက်များဟာ တပ်ဖွဲ့ဝင်များရဲ့ဟန်ချက်ညီ လှုပ်ရှားနိုင်မှုပေါ်မှာ တည်မှီတော့ဖြစ်ပါတယ်။ ဒီအားနဲချက်တွေကို အဆင့်ဆင့် ပြင်ဆင်လာခဲ့ကြရာမှာ ကုန်ကျစားရိတ်ကြီးမြင့်ခြင်း အဆင်မြင့် နည်းပညာများ လိုအပ်ခြင်းတို့ကြောင့် အချို့ စနစ်သစ်များမှအပ မူလလက်ဟောင်း BM21 လောက်အောင်မြင်မှုမရကြပါဘူး။ အလိုလျောက် ကျည်ဖြည့်စနစ်ကို ထည့်သွင်းထားတဲ့ Type90 အမျိုးအစား တရုတ်လုပ် စနစ်ဟာ ပထမအသုတ် အစင်း၄၀ ပစ်ခတ်ပြီးချိန်မှာ အလိုလျောက် နောက်ထပ် အစင်း၄၀ ထပ်မံဖြည့်တင်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ချက်ကိုစလိုဗေးကီးယားရဲ့ RM-70 လို ချိန်ရွယ်တာ၊ ပစ်ခတ်တာ၊ ဆက်သွယ်တာ၊ ကျည်ဖြည့်တာကိုပါ တပြိုင်တည်း လုပ်အောင် စီစဉ်ထားတဲ့ စနစ်တွေ ရှိခဲ့ပေမယ့် လက်နှက်ရဲ့ ပစ်အားနဲ့ ညီမျှအောင် ပြန်ဖြည့်တင်းနိုင်ဖို့ရာ မလွယ်ကူတဲ့ စနစ်ဖြစ်တာရယ်၊ ကုန်ကျစားရိတ် ကြီးမားတာရယ်ကြောင့် အောင်မြင်မှုနဲပါးလှပါတယ်။
M1985 ၂၄၀မမ အတွဲလိုက်ပစ် ဒုံးလက်နက်စနစ်

မြန်မာတပ်မတော်သည်လဲ ဒေသတွင်းနိုင်ငံများနည်းတူ BM-21 ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဝင်ခဲ့ဘူးတာတွေ မတွေ့ရှိခဲ့ပေမယ့် ရုရှားရဲ့ BM-21 စနစ်နဲ့ တရုတ်ရဲ့ BM-21ကို ပုံတူထုတ်ထားတဲ့ Type 81စနစ်၊ ထပ်မံ အဆင့်မြင့်တင်ထားတဲ့ Type-90 စနစ်တွေကို ဝယ်ယူထားတယ်လို့သိရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းများကတော့ မြန်မာ့တပ်မတော်က ၁၂၂မမ ပဲထိန်းမဲ့ဒုံးကျည်တွေကို ကိုယ်တိုင် ထုတ်နိုင်နေပြီလို့လဲ ဆိုကြပါတယ်။ ရုရှားရဲ့ ဒုံးကျည်တွေဟာ အကွာအဝေးထက် ပေါက်ကွဲအားနဲ့ အခြားစစ်ဆင်ရေးအလိုက် အသုံးတည့်မှုတွေကို ဦးစားပေးထုတ်လုပ်ပါတယ်။ ဒါ့ကြောင့် အကွာအဝေးအားဖြင့် ၂၂ကီလိုမီတာအထိသာ ရောက်ပေမယ့် အီလက်ထောနစ်စနစ်ကို ခြေရာခံနိုင်တဲ့စနစ်တွေ၊ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာစနစ်တွေ၊ တင့်ဖျက်စနစ်၊ ဖေါက်ထွှင်းစနစ်တွေ၊ လေကွဲစနစ်တွေ စသည်ဖြင့် စနစ်အမျိုးအမျိုးကို နည်းပညာမြင့် ထုတ်လုပ်ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားထုတ် စနစ် ဒုံးကျည်များကတော့ အကွာအဝေးပိုမိုပြီး ၄၀ကီလိုမီတာ ကျော်အထိ ပစ်ခတ်နိုင်တယ် ဆိုကြပါတယ်။ တင့်ဖျက်စနစ်၊ လေကွဲစနစ်နဲ့ ပေါက်ကွဲအား ပိုမိုပြင်းထန်တဲ့ စနစ်တွေကို အသားပေးထုတ်လုပ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ၁၂၂မမ လေကွဲကျည်စနစ်ဟာ ဒုံးပစ်စဉ်များရဲ့ ပစ်အားကို လက်ယှက်ထိုးပစ်ခတ်နည်းဖြင့် အသုံးချပြီး အရေးကြီးဧရိယာတစ်ခုကို အချိန်အတိုင်းအတာတစ်ခုအတွင်း ရန်သူ့လေကြောင်းရန်နဲ့ ဒုံးကျည်တို့ရဲ့ ရန်မှ ကာကွယ်ဖို့အထိ ကြံဆထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည်ဟု သတင်းထွက်ပေါ်နေသော ၁၂၂မမ ပဲ့ထိန်းမဲ့ ဒုံးကျည်များသည် မည်သည့်စနစ်များကို အခြေခံထုတ်လုပ်မည်ကတော့ မှန်းဆရခက်ခဲလှပါတယ်။


BM-21 ၏ အခြေခံအချက်လက်များ
ထုတ်လုပ်သည့်နိုင်ငံ။ ။ရုရှား
လိုအပ်သည့်စစ်သည်။ ။၆ဦး
ပြင်ဆင်ရန်ကြာချိန်။ ။၃မိနစ်
ကျည်ဖြည့်ရန်ကြာချိန်။ ။၇မိနစ်
ယာဉ်အလေးချိန်။ ။၁၃.၇တန်
ယာဉ်အမျိုးအစား။ ။၆x၆ ဘီးတပ် အမြှောက်ဆွဲယာဉ်
မောင်းနှင်မှုနုန်း။ ။တစ်နာရီ၇၅ကီလိုမီတာ
စစ်ဆင်နိုင်မှုအကွာအဝေး။ ။၄၀၅ကီလိုမီတာ
တပ်ဆင်သည့်ပြောင်းအရေအတွက်။ ။၄၀
ပြောင်းအလျား။ ။၉ပေ၁၀လက်မ
အသုံးပြုသည့်ကျည်အမျိုးစား။ ။၁၂၂မမ ပဲ့ထိန်းမဲ့ဒုံးကျည်
ချိန်ခွက်။ ။PG-1M panoramic telescope
ထိရောက်မှအကွာအဝေး။ ။၂၀ကီလိုမီတာ (၃၀-၄၀ကီလိုမီတာ ဒုံးကျည်အမျိုးစားတွင်မူတည်သည်)
ပစ်ခတ်မှုနုန်း။ ။တစ်စက္ကန့် ၂စင်းနုန်း

Type-90B ဆိုင်ရာ အခြေခံအချက်လက်များ





ထုတ်လုပ်သည့်နိုင်ငံ။ ။တရုတ်
လိုအပ်သည့်စစ်သည်။ ။၎ဦး
ပြင်ဆင်ရန်ကြာချိန်။ ။၃မိနစ်
ယာဉ်ပါကျည်ဖြည့်ရန်ကြာချိန်။ ။၃မိနစ်
ပြန်လည်ဖြည့်တင်းရန် ကြာချိန်။ ။၇-၁၀မိနစ်
ယာဉ်အလေးချိန်။ ။၁၃.၇တန်
ယာဉ်အမျိုးအစား။ ။၆x၆ ဘီးတပ် North-Benz 2629 ယာဉ်
မောင်းနှင်မှုနုန်း။ ။တစ်နာရီ၈၅ကီလိုမီတာ
စစ်ဆင်နိုင်မှုအကွာအဝေး။ ။၈၀၀ကီလိုမီတာ
တပ်ဆင်သည့်ပြောင်းအရေအတွက်။ ။၄၀
အရံသယ်ဆောင်သည့် ဒုံးကျည်အရေအတွက်။ ။၄၀
ပြောင်းအလျား။ ။၉ပေ၁၀လက်မ
အသုံးပြုသည့်ကျည်အမျိုးစား။ ။၁၂၂မမ ပဲ့ထိန်းမဲ့ဒုံးကျည်
စနစ်။ ။အမိန့်ပေးယာဉ်မှ တိုက်ရိုက် ချိန်ရွယ်ပစ်ခတ်နိုင်သည့် အဝေးထိန်းစနစ်
ထိရောက်မှအကွာအဝေး။ ။၂၂-၄၀ကီလိုမီတာ
ပစ်ခတ်မှုနုန်း။ ။တစ်စက္ကန့် ၂စင်းနုန်း

၁၂၂မမ အတွဲလိုက်ပစ် ဒုံးစနစ်တပ်ဖွဲ့ ဖွဲ့စည်းပုံ
တပ်ခွဲတစ်ခွဲ-
ပစ်စဉ်တင်ယာဉ်-၆စင်း(ယာဉ်အဖွဲ့သား ၄-၆ယောက် အမျိုးအစားအလိုက်)
ကျည်ဖြည့်တင်းရေးယာဉ်-၆စင်း (ယာဉ်အဖွဲ့သား ၁-၃ယောက်)
အမိန့်ပေးသံချပ်ကာယာဉ်-၁စင်း (ယာဉ်အဖွဲ့သား ၃-၅ယောက်)
တပ်ရင်းတစ်ရင်း
တပ်ခွဲ၃ခွဲ
တပ်ရင်းအမိန့်ပေးယာဉ်-၁စင်း (ယာဉ်အဖွဲ့သား ၂-၅ယောက်)
ကင်းထောက်ယာဉ်-၃စင်း(တစ်စင်းလျင် ယာဉ်အဖွဲ့သား ၃ယောက်)
(အငယ်စား/အလတ်စား သံချပ်ကာယာဉ်များ)
တိုင်းတာရေးရေဒါယာဉ်-၁စင်း
လျပ်စစ်ပိုင်းဆိုင်ရာ ပြင်ဆင်ဖြည့်တင်းရေးယာဉ်-စင်း
စက်မှုဆိုင်ရာ ပြင်ဆင်ဖြည့်တင်းရေးယာဉ်-၁စင်း

ထို့အပြင် အတည်မပြုနိုင်သော သတင်းများအရ မြန်မာ့တပ်မတော်တွင် မြောက်ကိုရီးယားနိုင်ငံထုတ်/
ရုရှားထုတ်၂၄၀မမ ပဲ့ထိန်းမဲ့ဒုံးကျည်သုံး အတွဲလိုက်ပစ် ဒုံးကျည်စနစ်များ ပိုင်ဆိုင်ထားတယ်လို့လဲ ဆိုကြပါတယ်။
မြောက်ကိုရီးယားဟာ M1985 လို့နာမည်ပေးထားတဲ့ ၁၉၈၅ ထုတ် ပြောင်း ၁၂ပြောင်းပါ ၂၄၀မမ ဒုံးကျည်စနစ်ကို ၁၉၉၀ ပြည့်နှစ်မှာ M199-1 အဖြစ် ပြောင်း၂၂ ပါ၊ ၆ဘီးတပ်ယာဉ်ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပြီး အခြားအဆင့်မြင့်တင်မှုများကိုလဲပြုလုပ်ခဲ့ပါတယ်။ ယာဉ်အဖွဲ့သားများကိုလဲ ၄ယောက်မှ ၂ယောက်အထိ လျော့ချနိုင်ခဲ့ပြီး ပစ်ခတ်ဖို့ အဆင်သင့်ဖြစ်ရန် ကြာချိန်ကို ၁၀မိနစ်ကျော်ကနေ ၃-၄မိနစ်ခန့်သာကြာအောင် အဆင့်မြှင့်တင်ခဲ့သလို ဒုံးကျည်ကိုလဲ မူလအမျိုးအစား၏ ထိရောက်မှုအကွာအဝေး ၃၅ကီလိုမီတာခန့်မှ ကီလိုမီတာ ၆၀ခန့်အထိရောက်အောင် ပစ်ခတ်နိုင်သည့် အမျိုးအစားအဖြစ် မြှင့်တင်ခဲ့ပါတယ်။ ထိပ်ဖူးများကိုလဲ လေဆာစနစ်သုံးပစ်မှတ်ရှာ စနစ်များ၊ အီလက်ထောနစ် ခြေရာခံစနစ်များကိုပါ တီထွှင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်နုန်းကိုလဲ တစ်မိနစ် ၁၂စင်းမှ ၄၄စက္ကန့်အတွင်း ၂၂စင်းပစ်ခတ်နိုင်သည်အထိ အဆင့်မြှင်တင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်စဉ်တင် ယာဉ်တစ်စင်းစီဟာ ၇၇စက္ကန့်(တစ်မိနစ် ၁၂စက္ကန့်) အတွင်းမှာ နေရာယူထားရာမှ ချိန်ရွယ် ကျည်ကုန်ပစ်ခတ်ပြီး နေရာရွေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ၎င်းစနစ်များသည် မြောက်ကိုရီးယားမှ တောင်ကိုရီးယားကို အဆင်သင့် ချိန်ရွယ်ထားသည် ဆိုသည့် စနစ်များထဲမှ နာမည်ကျော် စနစ်တစ်ခုဖြစ်ပြီး ၅၀၀ခန့် ဖြန့်ခွဲချထားတယ်လို့ ယူဆရတဲ့ အတွက် တစ်မိနစ်အတွင်းမှာ စုစုပေါင်း အစင်း၁သောင်းကျော် ပစ်ခတ်နိုင်မယ်လို့ ချိန်းခြောက်ထားနိုင်တဲ့ စနစ်တစ်ခုလဲ ဖြစ်ပါတယ်။ ၎င်း စနစ်များသည်လဲ ရေဒါစနစ်သုံး တိုင်းတာရေးယာဉ်များ၊ ဖြည့်တင်းရေးယာဉ်များ၊ အမိန့်ပေးယာဉ်များ၊ ကင်းထောက်ယာဉ်များဖြင့်သာ တွဲဖက် တိုက်ပွဲနိုင်ကြတာဖြစ်ပြီး ပစ်ခတ်သည့် ဒုံးစဉ်တင် ယာဉ်များဟာ သံချပ်ကာ အကာကွယ်မပါရှိပါဘူး။


M-199-1 စနစ်အခြေခံအချက်လက်များ




ထုတ်လုပ်သည့်နိုင်ငံ။ ။မြောက်ကိုရီးယား
ယာဉ်အဖွဲ့သား။ ။၂-၃ယောက်
ပြောင်းအရေအတွက်။ ။၂၂
အသုံးပြုသည့်ဒုံးကျည်။ ။၂၄၀မမ ပဲ့ထိန်းမဲ့ဒုံးကျည်
ထိရောက်မှုအကွာအဝေး။ ။၃၀-၆၀ကီလိုမီတာ
အသင့်ဖြစ်ရန် ပြင်ဆင်ချိန်။ ။၎မိနစ်
ပြန်လည်ကျည်ဖြည့်ရန်ကြာချိန်။ ။၁၀မိနစ်
ပစ်ခတ်နုန်း။ ။၂စက္ကန့်တစ်စင်း
စစ်ဆင်နိုင်မှု အကွာအဝေး။ ။၄၅၀ကီလိုမီတာ
 

(မြန်မာ့တပ်မတော်နှင့် နိုင်ငံတကာစစ်တပ်များတွင် အသုံးပြုလျက်ရှိသည့် နာမည်ကျော် အတွဲလိုက်ပစ် ဒုံးလက်နက်စနစ်များ ဖော်ပြပေးသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...။ ဓါတ်ပုံတွေပို့ပေးတဲ့ အတွက်လည်း ညီ၊အစ်ကိုများကို ကျေးဇူးတင်ရှိကြောင်းပါ...။)

D-30 122mm အမြောက်စနစ်နှင့် တပ်မတော်

D-30 ၁၂၂မမ ကျည်သုံး ထိုအမြောက်စနစ်ကို ဆိုဗီယက်ရုရှားက ၁၉၆၀ဝန်းကျင်တွင် စတင်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ၁၅၂မမ D-20 များဖြင့် အစားထိုးခဲ့သဖြင့် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သည်။ သို့သော် ယနေ့ထက်တိုင် အသုံးပြုနေဆဲ့ဖြစ်ပြီး အခြားနိုင်ငံများသို့ လိုင်စင်ဖြင့် စက်ရုံများရောင်းချထားမှုကြောင့် နိုင်ငံပေါင်း ၆၀ကျော်က ထုတ်လုပ်သုံးစွဲကြသည်။
ဂျော်ဂျီယာစစ်တပ်၏ ဒီ-၃၀ အမြောက်များ
2S1 Gvozdika 122mm self-propelled howitzer
နောက်ကန်အားလျော့နည်းခြင်း၊ ပစ်ခတ်နုန်းမြန်ဆန်ခြင်း၊ အလိုလျောက် ကျည်ခွံထုတ်စနစ်၊ ချိန်ရွယ်မှုစနစ် အားသာချက်များကြောင့် ယာဉ်တင်အဖြစ် ပြောင်းလဲကြပြီး ဆိုဗီယက်ရုရှားက 2S1 Gvozdika အဖြစ်အသုံးပြုပြီး ဆီးရီးယားနိုင်ငံက T34 တင့်ကားကိုယ်ထည်ဖြင့် တွဲဖက် တည်ထွှင် အသုံးပြုသည်။ ထို့အပြင် အခြားနိုင်ငံများမှလဲ သက်ဆိုင်ရာအလိုက် ယာဉ်တင်အသုံးပြုကြသည်။ သာမာန် Truck ကားပေါ်တွင်ပင် အလျင်အမြန်တပ်ဆင်၍ ယာဉ်တင်အဖြစ် အသုံးပြုကြသည်လဲရှိသည်။ အထိုင် ၃ခုကို အလွယ်တကူ ခေါက်နိုင်သောကြောင့် ဆွဲယာဉ်ဖြင့်လဲ အသုံးပြုနေကြသည်မှာ ယနေ့အထိဖြစ်သည်။ တရုတ် အိန္ဒိယတို့ကလဲ သံချပ်ကာ ယာဉ်များနှင့် တွဲဖက် တပ်ဆင် အသုံးပြုကြသည်။
 ဆီးရီးယား၏ T34 ပေါ်မှ D-30
တရုတ်၏ PLZ07 122mm self-propelled howitzer
 
၁၂၂မမ ကျည်အသုံးပြုထားခြင်းကြောင့် အများဆုံး ၁၃မိုင် ထိရောက်မှု ၁၀မိုင် အထိသာ ပစ်ခတ်နိုင်သော်လည်း။ ဒေါင့်နိမ့်ပစ်ခတ်နိုင်ခြင်း၊ ပစ်နုန်းကောင်းမွန်ခြင်း၊ နေရာမရွေ့ပြောင်းပဲ ပတ်လည် ၃၆၀* ပစ်ခတ်နိုင်ခြင်းတို့ကြောင့် ခြေလျင်တပ်ရင်းများဖြင့် အများဆုံးတွဲဖက်အသုံးပြုကြပြီး ဧရိယာခံစစ် တွင် အသုံးပြုကြသည်။ ပတ်လည်စနစ်၊ ရွေ့ပြောင်းရ လွယ်ကူခြင်း၊ ဒေါ
င့်နိမ့်ပစ်ခတ်နိုင်ခြင်းတို့ကြောင့် တောင်ပေါ်ဒေသနှင့် ပတ်လည်ခံစစ်များတွင်လဲ များစွာ အသုံးတည့်သော စနစ်တစ်ခုဖြစ်သည်။
D-30 ယာဉ်ဆွဲအမြောက်အကြောင်း
(တရုပ်တပ်မတော်၏ D-30 အမြောက်)

စတင်ထုတ်လုပ်သည့် ခုနှစ်-၁၉၆၀
စတင်ထုတ်လုပ်သည့်နိုင်ငံ-ဆိုဗီယက်ရုရှား
အလေးချိန်-ပေါင်၇ထောင်
အဖွဲ့သားများ-၁+၇
အသုံးပြုသည့်ကျည်-၁၂၂မမ ၃၈ ကာလီဗာ
ပစ်ခတ်နိုင်သည့် ထောင့်(အမြင့်) - အနုတ်၇* မှ အပေါင်း၇၀*
ပစ်ခတ်နိုင်သည့်ထောင့် (ရေပြင်ညီ)-၃၆၀*
ပစ်နုန်း- အလိုလျောက်ကျည်ဖြည့်စနစ်ဖြင့် ၁၂တောင့်
လူဖြင့်-၆တောင့်
ထိရောက်မှုအကွာဝေး-၁၀မိုင် (ဒုံးစနစ်သုံး ကျည်ဖြင့် ၁၃မိုင်)

ယာဉ်ဖြင့် ချိတ်ဆွဲနိုင်ရန် ပြင်ဆင်ထားပုံ
တပ်မတော်နေ့စစ်ကြောင်းချီ D-30
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် D-30 အမျိုးအစား များကို ချီတက်ပြသသွားပြီး။ Sinotruck အမျိုးအစား HOWO 6x6 All wheel derived အမျိုးအစားများဖြင့် ချိတ်ဆွဲပြသသွားသည်။
HOWO 6x6 All wheel derived
(ဖော်ပြခွင့်ပေးသောကြောင့် ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ....။ နောင်လည်း ဆက်လက်ဖော်ပြပေးဖို့ လေးစားစွာတောင်းဆိုပါရစေ... :-) )

Wednesday, March 27, 2013

တပ်မတော်နေ့မှ ဖြစ်ပေါ်လာသော အတွေးစများ

(ဒီနေ့တော့ ကိုစစ်နိုင်အေးရေးထားတဲ့ သုံးသပ်ချက်ဆောင်းပါးလေးကို ဖော်ပြပေးပါ့မယ်ခင်ဗျာ...။)

  • ဒီနေ့ဟာ (၆၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ နံနက်စောစော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုလေးတချို့ကို ရေးသားချင်လာပါတယ်။

ဒီနှစ်တပ်မတော်နေ့ဟာ ခါတိုင်းနဲ့မတူ ထူးခြားတာ အားလုံးအသိဘဲဖြစ်ပါတယ်။ အဲဒါကတော့ ယန္တရားတပ်ဖွဲ့ဟာ အောင်ဆန်းစစ်ကြောင်း အမည်ဖြင့် ပါဝင်လာခြင်းဘဲဖြစ်ပါတယ်။ ယန္တရားတပ်ဖွဲ့ကို အောင်ဆန်းစစ်ကြောင်းလို့ အမည်ပေးတာ တမူထူးပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ ကျွန်တော်တို့ မျှော်လင့်စောင့်စားခဲ့ရပါတယ်။ ယန္တရားစစ်ကြောင်းမှာပါဝင်တဲ့ တပ်ဖွဲ့များကတော့ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးနဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံးတို့ဘဲဖြစ်ပါတယ်။ ထုတ်ဖော်ပြသတဲ့ ယာဉ်များနှင့် လက်နက်များဟာ တပ်မတော် အင်အားရဲ့ တစိတ်တဒေသသာလျှင်ဖြစ်တယ်ဆိုတာ စိတ်ဝင်စားသူတိုင်း တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထုတ်ဖော်ပြသတဲ့ လက်နက်အချို့ဟာ တပ်မတော်မှာ သုံးနေတဲ့ ခေတ်အမီဆုံး လက်နက်တွေ မဟုတ်ကြပါဘူး။
  • စပြီးပြောရရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ကို စစ်ဆေးတဲ့နေရာမှာ သုံးတဲ့ယာဉ်နဲ့ ယန္တရားတပ်ဖွဲ့က အရာရှိတွေစီးတဲ့ ကွပ်ကဲမှုယာဉ်ဟာ တောင်ကိုရီးယား နိုင်ငံ KIA Company ထုတ် Retona Cruiser Jeep ဖြစ်ပါတယ်။ တပ်မတော်မှာ သုံးတာကို ပထမဆုံးမြင်ဘူးတာပါ။ ခေတ်မီယာဉ်တစ်မျိုးလို့ ပြောနိုင်ပါမယ်။ နောက်ပြီး ပါနေကျ နောင်ရိုးဂျစ်တွေလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ယာဉ်တန်းမှာ ပါလာပါတယ်။ Humvee နဲ့ ပုံစံတူတဲ့ အဲဒီကားတွေဟာလည်း Retona Jeep ထက်တောင် ပိုမိုလှပနေပါသေးတယ်။ စစ်ရေးပြမှူးကြီးစီးတဲ့ ကားကတော့ အိန္ဒိယနိုင်ငံ TA TA Company ထုတ် ဂျစ်ဖြစ်နိုင်ပါတယ်။
 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
နောင်ရိုးဂျစ် စစ်သုံးယာဉ်
 
နောက်တမျိုးက ၁၀၅ မီလီမီတာ တင့်ဖျက် တိုက်ခိုက်ရေးယာဉ် (105mm Assaulter) ပါ။ တပ်ခွဲ (၂)ခွဲစာ (၂၄)စီးပါဝင်ချီတက်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှာလည်း လက်ရှိ အသုံးပြုနေတဲ့ ခေတ်မီလက်နက် တစ်မျိုးဖြစ်ပါတယ်။ NORINCO Company ထုတ်ပါ။ နောက်တစ်မျိုးကတော့ SH – 1 (155mm Self-propelled Gun) ပါ။ (၆)စီး ပါဝင်ပါတယ်။ ဒါကိုလည်း ခေတ်မီတယ်လို့ပြောရမှာပါ။ ထုံးစံ အတိုင်း NORINCO Company ထုတ်ပါ။

၁၀၅မမ တင့်ဖျက် တိုက်ခိုက်ရေးယာဉ်
SH-1 ၁၅၅မမ ယာဉ်တင်အမြောက်စနစ်
 
  • နောက်ပိုင်းမှာ ဆက်လာတာက အမြောက်တပ်ဖွဲ့က D 30 122mm Howitzer ယာဉ်ဆွဲအမြောက် ဖြစ်ပါတယ်။ သူကလည်း (၆)စီးပါဘဲ။ ရုရှားနဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေမှာ နှစ်ပေါင်းများစွာသုံးလာခဲ့တဲ့ ခေတ်မီအမြောက်ဖြစ်ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကတော့ နာမည်ကျော် S 125 Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးယာဉ် (၆)စီးနဲ့အတူ ချီတက်လာခဲ့ပါတယ်။ သူနဲ့အတူ ထိန်းချုပ်ရေးယာဉ်တွေ၊ ရေဒါယာဉ်တွေပါဝင် ပါတယ်။ S 125 Pechora 2M ဟာ ကိုဆိုဗိုစစ်ပွဲအတွင်း ၁၉၉၉ခုနှစ် မတ်လ (၂၇)ရက်နေ့မှာ အမေရိကန်ရဲ့ F-117 Nighthawk ရေဒါပျောက်တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့ Pechora Missile System ကနေ အဆင့်မြှင့်တင်ထုတ်လုပ်ထားတဲ့ တာတိုပစ်ဒုံးပျံဘဲဖြစ်ပါတယ်။ ပစ်ချတာက ယူဂိုစလပ် တပ်မတော် အမှတ် (၂၅၀) လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံတပ်မဖြစ်ပါတယ်။
  • အဲဒီနောက်က ပါလာတာက 37mm နဲ့ 57mm Anti-Aircraft Guns တွေဘဲဖြစ်ပါတယ်။ အဲဒါတွေကိုတော့ သိပ်သဘောမတွေ့လှဘူး။ သိပ်ခေတ်မမီတော့ လို့ဖြစ်ပါတယ်။
၃၇မမ လေယာဉ်ပစ် အမြောက်
Pechora 2M လေကြောင်းရန် ကာကွယ်ရေး တာလတ်ပစ် ဒုံးလက်နက်စနစ်
နောက်တချက်ကတော့ တပ်မတော် (ရေ) နဲ့ တပ်မတော် (လေ)တို့ဟာ ယခင်နှစ်များလို တပ်ခွဲ (၁)ခွဲစီ မဟုတ်တော့ဘဲ တပ်ခွဲ (၂)ခွဲစီ ပါဝင်လာပါတယ်။ တပ်မတော် (လေ)ရဲ့ ပျောက်ကြား ဝတ်စုံ အရောင်ဟာပြောင်းလဲသွားပါပြီ။ တပ်မတော် (ရေ)ရဲ့ ၀တ်စုံဖြူဝတ် တပ်ခွဲကတော့ အထူးခြားဆုံးလို.ဆိုနိုင်ပါတယ်။ တပ်မတော် (ရေ)နဲ့ တပ်မတော် (လေ)က တပ်ခွဲ (၁)ခွဲစီဟာ လက်နက်သစ်တစ်မျိုးကို ကိုင်ဆောင်ချီတက်လာပါတယ်။ အဲဒါကတော့ MA -3 Mark III ဖြစ်ပါတယ်။ တပ်မတော် (ကြည်း)ရဲ့ တပ်ခွဲ အချို့ဟာလည်း MA – 1 Mark I များကိုင်ဆောင်ထားပါတယ်။ အဲဒီ သေနတ်တွေဟာ တရုတ်ရဲ့ QBZ 95 series နဲ့ ပြင်ပပုံစံ အတော်လေးတူပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါ။ နောင်နှစ် အနည်းငယ်အတွင်း တပ်မတော်သားအားလုံး ကိုင်ဆောင်တာကို မြင်ချင်နေမိပါတယ်။

တပ်မတော် (ကြည်း)
တပ်မတော် (ရေ)
 
တပ်မတော် (လေ)
ဒါတွေ အပြင် တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များရဲ့စွမ်းပကားကိုလည်း မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရပါတယ်။
 အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်
အမ်အိုင်-၃၅ တိုက်ခိုက်ရေး ရဟတ်ယာဉ်
အက်ဖ်-၇ တိုက်လေယာဉ်များ
အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ

ဒီလိုရေးရဲတာကလည်း တရားဝင်ထုတ်ဖော်ပြသလိုက်လို့ မိမိရဲ့ အမြင်ကို ရေးရဲတာဖြစ်ပါတယ်။
  • တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းဟာလည်း ဒီနှစ်ရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ခုကို အလေးပေးဖော်ပြခဲ့လို့ပါဘဲ။ အဲဒါကတော့
“တိုင်းပြည်ကာကွယ်ဖို့ ကိစ္စမှာ ကျွန်တော်တို့ စစ်တပ်တွေက မလုံလောက် သေးဘူး။ ကုန်းတပ်စစ်တပ်ကလည်း ဘာမှ မဖြစ်လောက် သေးဘူး။ သံချပ်ကာကားတပ်တွေဆိုတာ မရှိသေးဘူး၊ ×× လေတပ်ဆိုတာ အခုမှ စတုံးရှိသေး၊ ရေတပ်ကလည်း ဟန်ပြပဲရှိသေး ×× ကျွန်တော်တို့ တိုင်းပြည် တကယ်စစ်တိုက်မယ့်အချိန်မျိုးမှာ လူတစ်သန်းစစ်တပ်အင်အားရှိရမယ်၊ လူတစ်သန်းရှိမှ ကောင်းမယ်။”
(ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် မိန့်ခွန်းမှ)

  • နောက်တစ်ချက်ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဘဲဖြစ်ပါတယ်။ အဲဒါဟာ တပ်မတော်အတွက်ကော သူမအတွက်ပါ (Win-Win) အခြေအနေပါဘဲ။ တပ်မတော်က သူမကို အသိအမှတ်ပြု လေးစားသလို သူမကလည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို သက်သေပြလိုက်တာပါဘဲ။ သူမကို လွှတ်တော်ရေးရာကော်မတီ ဥက္ကဌ တစ်ဦး အနေနဲ့ ဖိတ်ကြားတာဖြစ်နိုင်ပါတယ်။ ကျွန်တော်မြင်တာကတော့ သူမရဲ့ ဖခင် အပါအဝင်ဖြစ်တဲ့ ရဲဘော်သုံးကျိပ်တို့ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုတပ်မတော်ကြီးရဲ့ လက်ရှိ အခြေအနေကို ပြသချင်လို့ ဖိတ်ကြားတာဖြစ်နိုင်တယ်လို့လဲထင်ပါတယ်။
သာမန်ပြည်သူများ အတွက်တော့ ဒီနှစ်တပ်မတော်နေ့ဟာ ထူးဆန်းချင် ထူးဆန်းနေပါလိမ့်မယ်။ အဆိုးမြင် ဝါဒီ အချို့ကလည်း ပိုက်ဆံဖြုန်းတယ်။ မကောင်းတာတွေ ထုတ်ပြနေတယ်လို့ထင်ချင်ထင်ပါလိမ့်မယ်။ ကျွန်တော့် အတွက်ကတော့ ဘဝမှာ အမျှော်လင့်ဆုံးနေ့တစ်နေ့ အဖြစ် သမိုင်းဝင်ခဲ့ပါပြီ။
  • လာမည့်နှစ်များတွင်လည်း တပ်မတော်နေ့ကို ယခုနှစ်ထက် အဆင့်မနိမ့်စေဘဲ ပိုမိုခေတ်မီစွာကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းလျက်……..
(ကျွှန်တော်လည်း ရေးဖို့လုပ်ပါသေးတယ် ဒါပင်မဲ့ ကိုစစ်နိုင်အေးရေးထားတာတွေကို ဖတ်ကြည့်တော့ ကျွှန်တော်ရေးထားတဲ့ ဟာထက်ပိုမိုပြည့်စုံလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ....။)

ဓါတ်ပုံ ကိုးကား- မြဝတီ,Irrawaddy News,RFA, The Voice Weekely နှင့် သူငယ်ချင်းများ

Saturday, March 23, 2013

မြန်မာ့တပ်မတော်နေ့ အခမ်းအနားကို ရင်ခုန်ကြည့်ခြင်း

ကျွှန်တော်အနေနှင့် အလုပ်မအားလို့ ပိုစ့်မတင်ဖြစ်ခဲ့ပင်မဲ့ ဒီနေ့ထိ အားပေးကြလို့ ကျေးဇူးအထူးပါခင်ဗျာ...။

အခုတလော ကျွှန်တော်တို့ စစ်ရေးစိတ်ဝင်စားသူများအကြား အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ သတင်းကတော့ မြန်မာ့တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားဘဲဖြစ်ပါတယ်...။ တပ်မတော်နေ့နှင့် ပတ်သက်ပြီးတော့ အားလုံးလည်း သိပြီးသားဖြစ်လို့ ထွေထွေထူးထူး မရေးတော့ပါဘူး... ဒါပင်မဲ့ တပ်မတော်နေ့ အခမ်းအနားမှာပါဝင်မဲ့ စစ်သည်များနှင့် စစ်ယာဉ်များအကြောင်းကတော့ ကျွှန်တော်ကိုယ်တိုင်လည်း အထူးစိတ်ဝင်စားလို့လေ့လာမိပါတယ်...။ အဲဒီထဲက သိခွင့်ရတဲ့ တစ်ချို့ကို ပြန်လည် ဝေမျှပေးသွားပါ့မယ်...။ ရရှိထားတဲ့ အချက်လက်တွေ ဘယ်လောက်မှန်ကန်မှုရှိတယ်ဆိုတာကတော့ မတ်လ ၂၇ ရက်နေ့ကြရင် အတိအကျ သိနိုင်မှာဘဲဖြစ်ပါတယ်....။
Multi Purpose Wheel Vehicle 1/2 ton, Naung Yoe Gallantry

စစ်သည်များ

(၂၀၁၂ ခုနှစ်တပ်မတော်နေ့ အခမ်းအနားမှ စစ်သည်များ)

တပ်မတော်နေ့ စစ်ရေးပြပွဲမှာပါဝင်ချီတက်မဲ့ တပ်ရင်း၊တပ်ဖွဲ့များကတော့ အပြောင်းအလဲသိပ်မရှိဘူးလို့ သိရပါတယ်...။ ဒါပင်မဲ့လို့ စစ်သည်များဝတ်ဆင်မဲ့ အဝတ်အစားပိုင်းကတော့ အနည်းငယ်အပြောင်းအလဲ ရှိဟန်တူပါတယ်...။ အရင်နှစ်များက ဝတ်ဆင်ခဲ့တဲ့ အစိမ်းသောက်သောက်မှာ အနည်းငယ် အရောင်ဖျော့တယ်လို့ မြင်မိပါတယ်...။ တပ်မတော် (ရေ) အနေဖြင့်လည်း အပြောင်းအလဲတချို့မြင်တွေ့ရမှာဖြစ်ပါတယ်...။ ဝတ်စုံ ပုံစံ(၂)မျိုးဖြစ်မယ်လို့ သိရပါတယ်...။ လေတပ်မတော်ကတော့ အပြောင်းလဲဆုံးလို့ ဆိုနိုင်မယ်ထင်ပါတယ်.... အဖြူပြောက်ကြားလေးဖြစ်နေလို့ပါတယ်... ပုံစံဘယ်နှမျိုးဆိုတာကတော့ မသိရသေးပါဘူးခင်ဗျာ....။

တပ်မတော် (ကြည်း)

တပ်မတော် (ရေ)
တပ်မတော် (လေ)

စစ်ယာဉ်များ

ယခုနှစ် တပ်မတော်နေ့ အခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ စစ်ယာဉ်များလည်း ပါဝင်ချီတက်မည်ဟု သိရသဖြင့် အထူးစိတ်ဝင်စားစရာပင်ဖြစ်ပါသည်....။ စစ်ယာဉ်များနှင့်ပတ်သက်ပြီး အမျိုးမျိုးကြားနေရပင်မဲ့ ဘယ်စစ်ယာဉ်တွေပါမယ်ဆိုတာ မသိရသေးပါဘူး....။

အဲဒီထဲက တစ်ချို့ကတော့...
- အမြောက်တပ်ဖွဲ့နှင့်အတူ အမြောက်လက်နက်များ
-လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဒုံးလက်နက်များ၊ စက်အမြောက်များ
-သံချပ်ကာ၊ယန္တာရားတပ်ဖွဲ့ဝင်များနှင့်အတူ သံချပ်ကာ၊တင့်ကားများ စသည်ဖြင့် အကြမ်းဖျင်းသိရပါသည်...။

 ထိုအထဲမှ လေကြောင်းရန်ကာကွယ်ရေးပိုင်းတွင် အထူးစိတ်ဝင်စားကြမည်ဟု ယူဆသောကြောင့် အနည်းငယ်ထပ်မံဖော်ပြပါက ရုရှားတပ်မတော်၏ S-125 ဒုံးပျံများ (နေတိုးအခေါ် SA-3) များအား အဆင့်မြှင့်တင်ထားသော Pechora 2M မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်းဒုံးပျံတင်ယာဉ်များ ပါဝင် ပြသသွားမည်ဟု သိရပါသည်...။

ဗင်နီးဇွဲလားတပ်မတော်သုံး Pechora 2m SAM (ပုံစံတူသာဖြစ်သည်)

နောင်ရိုးဂျစ်

နောက်ဆုံးတစ်ခုအနေနှင့် စိတ်ဝင်စားဖွယ်ရာတစ်ခုကတော့ မြန်မာ့တပ်မတော်သုံး နောင်ရိုးဂျစ်ခေါ် စစ်သုံးယာဉ်များဘဲဖြစ်ပါတယ်...။ တပ်မတော်နေ့တွေမှာတော့ မြင်တွေ့ရတတ်ပါတယ်...။ ကာကွယ်ရေးဦးစီးချုပ်၏ အနီးကပ်ကိုယ်ရံတော်များ အသုံးပြုသည့် စစ်သုံးယာဉ်များဘဲဖြစ်ပါတယ်...။ ပုံစံ ဘယ်နှမျိုးနှင့် ထုတ်လုပ်ထားတယ်ဆိုတာကတော့ မသိရသေးပါဘူး....။

၂၀၁၂ခုနှစ် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် နောင်ရိုးဂျစ်များ
မြန်မာ့တပ်မတော်သုံး နောင်ရိုးဂျစ်တစ်စီးအား တွေ့ရစဉ်

 
အခုတော့ ဒီလောက်ပါဘဲခင်ဗျာ...။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုသာ ကျွှန်တော်တို့ စိတ်ဝင်တစားနှင့် စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်....။ ပုံတွေရရှိကြရင်လည်း ကျွှန်တော် မေလ်း komm.myanmar ဂျီးမေလ်းကို ပို့ပေးနိုင်ပါတယ်ခင်ဗျာ... :D