Saturday, November 30, 2013

ကလက်စတာဗုံး (သို့) ဗုံးပဒေသာများ၏ မူလဇာစ်မြစ်

(ကမ္ဘာ့ပေါ်ရှိ လေတပ်အတော်များများတွင် ပုံစံအမျိုးမျိုး၊ အခေါ်အဝေါ် အမျိုးမျိုးဖြင့် ပိုင်ဆိုင်ထားကြသည့် ဗုံးပဒေသာများ၏ မူလအစသမိုင်းကြောင်းအား မိမိလေ့လာထားသည့် အချက်လက်များဖြင့် ကျွှန်တော်တို့ ဘလော့ဒ်တွင် ပြန်လည်ဖော်ပြခွင့်ပေးသည့်အတွက် စာရေးသူအား ကျေးဇူးအထူးတင်ရှိကြောင်း အားလုံးကိုယ်စား ပြောပါရစေခင်ဗျာ...။)

ဗုံးပဒေသာ သို့မဟုတ် ကလက်စတာဗုံး တွေကို ဒုတိယကမ္ဘာစစ်က စတင်အသုံးပြုခဲ့ကြပါတယ်။ ခေတ်အမှီဆုံးနဲ့ ပထမဆုံး အသုံးပြုခဲ့တာကတော့ ဂျာမနီဖြစ်ပြီး သူ့ရဲ့ SD-2 လို့ခေါ်တဲ့ လိပ်ပြာပုံစံ တောင်ပံ၂ခုဆီပါတဲ့ ဗုံးအငယ်စားလေးတွေ မြောက်များစွာပါတဲ့ ကလက်စတာဗုံးဟာ နာမည်ကြီးပါတယ်။ အခြား ဆိုဗီယက်နဲ့ အမေရိကန် ဗြိတိန်တို့မှာလဲ ကိုယ်ပိုင်ပုံစံတွေနဲ့ တီထွှင်ခဲ့ကြပြီး အမေရိကန်တို့ကတော့ M41 ဆိုတဲ့ ပေါင်၂၀ လူသတ်ဗုံးတွဲကို တီထွှင်ခဲ့ကြပါတယ်။
ဂျာမနီ လေတပ်သုံး SD-2 ဗုံး
 အမေရိကန်လေတပ်သုံး M-41 ဗုံးတွဲ
 ထူးခြားဆန်းပြားလှတဲ့ စနစ်တွေ မပါရှိပဲ၊ သာမာန်ဗုံးအငယ်စားလေးတွေကို ဗုံးတွဲကျောရိုးစနစ်တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ၆လုံးတွဲ ဒါမှမဟုတ် ၂၅လုံးတွဲ သည်ဗုံးတွဲလေးတွေဟာ ကလက်စတာဗုံးလို့ ဆိုပေမယ့် တကယ့် ကလက်စတာဗုံးတွေနဲ့ ပုံစံ နည်းစနစ်ရော ထိရောက်မှုမှာပါ ကွာခြားလွန်းပါတယ်။ ကလက်စတာဗုံးလို့ ဆိုလိုက်ရင် လေယာဉ်ကဖြစ်ဖြစ်၊ မြေပြင်ပစ် ဒုံးလက်နှက် ဒါမှမဟုတ် အမြောက်ကျည်ကနေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းလေးတွေ ထပ်ဆင့် ပြန့်ကွဲလာပြီး လေပေါ်မှာဖြစ်စေ၊ မြေပြင်နဲ့ထိတွေ့တဲ့အခါဖြစ်စေ၊ အချိန်စနစ်နဲ့ဖြစ်စေ၊ ပေါက်ကွဲစေတာပါ။ လေယာဉ်ပြေးလမ်းတွေ၊ ရထားလမ်းတွေ၊ လျပ်စစ်ဓါတ်အားပေးလိုင်းတွေကို ဖျက်ဆီးဖို့ကနေ ဧရိယာကျယ်ကျယ်မှာ နေရာယူထားတဲ့ အကာကွယ်မဲ့ လူသားပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ မိုင်းခင်းဖို့၊ ဓါတု ဇီဝလက်နှက်တွေ ကျဲချဖို့နဲ့ နောက်ပိုင်း နည်းစနစ်တွေ ဖွံ့ဖြိုးလာတဲ့အခါ တင့်ကားတွေ၊ သံချပ်ကာတွေ အမြောက်စခန်းတွေကိုပါ ချေမှုန်းနိုင်ဖို့ ပြင်ဆင်ပေးလာနိုင်တာကြောင့် ၁၉၇၀နောက်ပိုင်းမှာ ဝေဟင်ကဗုံးကျဲဖို့ဆိုရင် ကလက်စတာဆိုတဲ့ ဗုံးအမျိုးအစားဟာ ပထမဦးစားပေး ဖြစ်လာခဲ့ပါတယ်။

နေပြည်တော် စစ်သမိုင်းပြတိုက်အတွင်းတွေ့ရသည့် ဗုံးတွဲ
 သို့သော်လည်း ဒီကလက်စာဗုံးတွဲတွေရဲ့ ကြောက်မက်ဖွယ်ရာ ကောင်းမှုကြောင့် ဝေဟင်ကကျတဲ့ ငရဲလို့ တင်စားခေါ်ဝေါ်ပြီး၊ ဒီဗုံးအမျိုးအစားတွေ ဆန့်ကျင်ရေး လှုပ်ရှားရာမှာ နိုင်ငံပေါင်း ၁၀၈နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် အဓိကအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေက ပါဝင်လက်မှတ်ရေးထိုး မထားကြပါဘူး။ ဒါ့အပြင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေထဲမှာပင်လျင် ရပ်တန့်ဖို့ မဆိုထားနဲ့ ထုတ်လုပ်မှု ရပ်ဆိုင်းသွားတဲ့ နိုင်ငံရယ်လို့ ပြစရာမရှိလောက်အောင် သုံးစွဲသူအကြိုက် လက်နှက်အမျိုးအစားဖြစ်ပါတယ်။ သို့သော်လည်း ချိန်ကိုက်စနစ်ပါ ဗုံးတွဲတွေနဲ့ ရွက်ကြွေအဆိပ်အပါအဝင် ဓါတု၊ ဇီဝ လက်နှက်များ အသုံးပြုတိုက်ခိုက်ခြင်းကိုတော့ ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားပါတယ်။

M41 ဗုံးတွဲ နာမူနာပုံ
M41 (သို့) M1 ပေါင်၂၀ ဗုံးတွဲစနစ် အမေရိကန်ရဲ့ ဒုတိယကမ္ဘာစစ်တုန်းက သုံးတဲ့ စနစ်ဖြစ်ပြီး၊ ရထားလမ်းတွေကို ဖျက်ဆီးဖို့နဲ့ လူသတ်ဗုံးတွေအဖြစ် သုံးပါတယ်။ ရထားလမ်းတွေကို ဖျက်တဲ့ စနစ်မှာတော့ ဗုံးဟာ မြေကြီးထဲကို ဝင်သွားပြီးမှ ပေါက်ကွဲအောင် ဆောင်ရွက်ထားပါတယ်။ သာမာန် ပေါင်၂၀ လူသတ်ဗုံးကတော့ လေထဲမှာ ဒါမှမဟုတ် မြေပြင်ပေါ်မှာ ပေါက်ကွဲအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဗုံးတွဲကို ပုံမှန်အားဖြင့် သုံလုံးတစ်တွဲ တွဲလေ့ရှိပါတယ်။ ဗုံးသုံးလုံးကို ပင်မဝင်ရိုးတစ်ခုနဲ့ ထိန်းထားပါတယ်။ ဗုံးတပ်ဆင်ပုံကတော့ pylon တစ်ခုကို ချိတ်ဆွဲဖို့ ဗုံးတွဲနှစ်ခုချိတ်ဆွဲလို့ရတယ်။ ဗုံးကျဲလေယာဉ်များမှာ ၂၅လုံးတွဲများ ချိတ်ဆွဲနိုင်ပါတယ်။ ဗုံးတွဲနှစ်ခုကို
pylonနဲ့တွဲဖို့ သူ့ကိုတပ်ဆင်ဖို့ သီးသန့်ထပ်ပိုးpylon ဒါမှမဟုတ် ထိုpylonမရှိလျှင် သံချောင်းတစ်ခုတွင်ရှေနောက်တွဲချည်ရပါတယ်။ cluster release tension ကြိုးကို ဗုံးဖြုတ်ချသည့်အခါ ဗုံး၏ပင်မမဏ္ဍိုင်ကနေ bomb များတစ်လုံးစီခွဲထွက်စေဖို့နဲ့ အသက်ဝင်ပြီးသားဖြစ်စေဖို့  ကြိုးကိုတွဲစပ်ချိတ်ဆွဲထားတာပါ။ ဗုံးရဲ့ စနက်တံဟာ ဒလက်တွေဖြစ်ပြီး လေထဲကနေ ချလိုက်တဲ့အခါ လေအားနဲ့ ဒလက်ကလည်ပြီး စနက်တံကိုပေါက်စေပြီး လေထဲမှာကွဲစေတာဖြစ်ပါတယ်။
ဗုံးကွဲ ဖြုတ်ချတာနဲ့ ဗုံးအတွဲဟာ အတွဲလိုက်ပြုတ်ကျပြီး ကြိုးရဲ့အဆုံးရောက်သောလို့ မဏ္ဍိုင်ကို ဆွဲဖြုတ်တဲ့အခါ တစ်လုံးစီကွဲပြီး ပြန့်ကြဲသွားပါတယ်။ ဗုံးဒလက်က အပတ်ရေပြည့်တဲ့အခါ ဗုံးက လေထဲမှာတင်ကွဲပါတယ်။ ဒီဗုံးကို မြေစိုက်ဗုံးကျဲ ဒါမှမဟုတ် အနိမ့်ပျံဗုံးကျဲလို့ပဲရပါတယ်။ လေသူရဲဟာ ဒီဗုံးကို ပေ၄၅၀၀မှ၂၅၀၀ကြားအတွင်းဖြုတ်ချရပါတယ်။ ပန်ကာတပ် လေယာဉ်ငယ်တွေနဲ့ တိုက်လေယာဉ်ငယ်တွေမှာ အများဆုံးအသုံးပြုသော်လည်း ခေတ်မမှီတော့တဲ့ စနစ်တစ်ခုဖြစ်လို့ ယခုခေတ်မှာတော့ အသုံးနဲပါတယ်။ ကလက်စတာဗုံးတို့ရဲ့ ရှေးဦးစနစ်တစ်ခုဖြစ်ပြီး ကလက်စတာဗုံးတွေနဲ့ အလွန်အမင်းကွာခြားတာကြောင့် ကလက်စတာလို့ ခေါ်တွင်သင့်သလား မတွင်သင့်သလား၊ ကလက်စတာ စာရင်းဝင်သလား မဝင်သလား သေချာမသိတဲ့ စနစ်တစ်ခုလဲဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေခင်ဗျာ..။

Friday, November 22, 2013

တီ-၉၀ပင်မတိုက်ပွဲဝင်တင့်ကား (သို့) တင့်ကားပျံများအကြောင်း

(ရုရှားတပ်မတော်သုံး တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကားများ အကြောင်းအား ပြည့်ပြည့်စုံစုံ ရေးသား၍ ကျွှန်တော်တို့ဆိုက်တွင် အသုံးပြုခွင့်ပေးတဲ့ ကျွှန်တော့်အစ်ကိုကြီးကို ကျွှန်တော် ကိုmm ကဘဲ ဒီကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ..)
 
Flying tank လို့ဆိုလိုက်ရင် ဝါသနာပါသူများနဲ့ အင်တာနက်သရဲများ တော်တော်များများ မျက်စိထဲမှာ ကုန်းဂမူအတက်ကို အရှိန်နဲ့မောင်းတက်လိုက်လို့ လေထဲမှာရှိနေချိန် ပစ်မှန်ကို ပစ်ပြလေ့ရှိတဲ့ မျက်လုံးနီနီ၂လုံး နဲ့ ရုရှားလုပ် T-90 ဆိုတဲ့ တင့်ကားကို ပြေးမြင်ကြမှာ မလွဲပါဘူး။ ရုရှားတင့်တို့ ထုံးစံအတိုင်း သေးသေးပြားပြား၊ ပေါ့ပေါ့ပါးပါးမှာ ERA လို့ခေါ်တဲ့ အကူသံချပ်ကာတွေကိုတပ်ဆင်ထားပြီး အမျိုးစုံ စတန့်ပြတတ်တာဟာ အခြားဥရောပနဲ့ အမေရိကန်တင့်တွေလို ကြောက်စရာထုထည်နဲ့ သံယန္တရားကြီး တစ်ခုနဲ့မတူပဲ လက်နှက်အပြည့်စုံ၊ ချပ်ဝတ်တန်းဆာ အပြည့်အစုံဆင်ထားတဲ့ စက်ရုပ်စစ်သည်ကြီးနဲ့ ပိုတူပါတယ်။ ဒါ့အပြင် ဘယ်သူနဲ့မှမတူပဲ မီးလုံးနီနီကြီး၂လုံးပါတပ်ဆင်ထားတာမို့ ကျွဲရိုင်းကြီးလို၊ ကျားသစ်ကြီးလို ခံစားမြင်တွေ့ရမှာပါ။ တတိယမျိုးဆက် တင့်ကားတွေထဲမှာ လူကြိုက်အများဆုံး၊ ဝယ်လိုအား အများဆုံး၊ မောင်းနှင်ရအလွယ်ကူဆုံး၊ နည်းပညာအဆင့်အမြင့်ဆုံး ရုရှားထုတ် T-90 ဖြစ်ပါတယ်။

ရုရှားအကြီးစား လက်နှက်ထုတ်လုပ်ရေး ကုမ္ဗနီ Uralvagonzavod က သူ့ရဲ့ T72 တွေကို အဆင့်မြင့်ရင်းနဲ့ ၁၉၉၃ခုနှစ်မှာ T-90 ကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ T72 နဲ့အရွယ်အစား မတိမ်းမယိမ်းမှာ တည်ဆောက်တဲ့ သထ္ထုစပ်၊ အမြောက် ကအစ အားလုံးအဆင့်မြင့်ခဲ့ပြီး၊ မပြောင်းလဲတာဆိုလို့ T72ရဲ့ ဒီဇိုင်းဖြစ်ပြီး သိပ်ကိုထင်ရှားစေတာက မျက်လုံးနီများဖြစ်ပါတယ်။

လက်နှက်ကုမ္ဗနီများကတော့ T-90 ဟာအခြား တင့်များနဲ့မတူ အဆင့်၃ဆင့်နဲ့ ကာကွယ်နိုင်တယ်ဆိုပါတယ်။ အတွင်းကျဆုံး ကာကွယ်စည်းကတော့ ပလက်စတစ်၊ အလူမီနီယမ်၊ စတီးအပါအဝင် အခြား သထ္ထုများနဲ့ အလွှာအဆင့်ဆင့် ပေါင်းစပ်ပြုလုပ်ထားတဲ့ သံချပ်ကာဖြစ်ပါတယ်။
ဒုတိယအဆင့် ကာကွယ်စည်းကတော့ သံချပ်ကာပေါ်မှာ ထပ်ပိုးတပ်ဆင်ထားတဲ့ Kontakt-5 explosive reactive armor လို့ခေါ်တဲ့ သံချပ်ကာ အကူစနစ်ပါ။ ဒီအလွှာ၂ခုပေါင်းဟာ NBC လို့ခေါ်တဲ့ နူးကလိယျ ဓါတ်ရောင်ခြည်ဒဏ်၊ ဓါတု ဇီဝ လက်နှက်တွေရဲ့ ဒဏ်ကိုခံနိုင်အောင် ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။
Kontakt-5 ERA သံချပ်ကာ အကူစနစ်


တတိယ ကာကွယ်စည်းကတော့ တင့်ဖျက်လက်နှက်များရဲ့ အဓိကအကျဆုံး လမ်းညွှန်စနစ်ဖြစ်တဲ့ လေဆာစနစ်ကို တန်ပြန်တဲ့ စနစ်ပါ။ Shtora-1 လို့ခေါ်တဲ့ သည်စနစ်မှာ တင့်ကားဘေး၂ဘက်မှာ တပ်ဆင်ထားတဲ့ မီးခိုးမှိုင်းကာနဲ့ ရေဒီယိုလျပ်စစ်မီးကျည်တွေ ပစ်နိုင်တဲ့ ဗုံးပစ်လောင်ခြာတွေ၊ တင့်ကားအပေါ်က လေဆာအာရုံခံကိရိယာ၎ခုနဲ့ တင့်ကားရှေ့မှာ တပ်ဆင်ထားတဲ့ ရောင်ခြည်မီးလုံးကြီး၂ခုတို့ ပါဝင်ပါတယ်။ ပထမ သည်ရောင်ခြည် မီးနီကြီး၂ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ညကြည့်၊ အပူကြည့်၊ လေဆာသုံး ဘယ်ပစ္စည်းမဆို မျက်မြင်မျက်စိအပါအဝင် နှောက်ယှက်ဟန့်တားလိုက်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘေးနံ၂ခုနဲ့ နောက်ကနေ ပစ်ခတ်မယ့် လေဆာလမ်းညွန်စနစ်သုံး ဘယ်စနစ်ကမဆို လမ်းညွန် လေဆာရောင်ခြည်ဟာ တင့်ကားကို လာထိတာနဲ့ အာရုံခံကိရိယာ၎ခုက တစ်စက္ကန့်ရဲ့ ၇ပုံတစ်ပုံအတွင်းမှာ တင့်အတွင်းကို သတင်းပို့ အချက်ပေးမှာဖြစ်ပါတယ်။ ချက်ချင်းပဲ မျက်လုံးနီ၂လုံးဟာ အဲသည် လေဆာလာရာဘက်ကို လှည့်နိုင်မှာ ဖြစ်သလို၊ တစ်ခုထက်များတဲ့ လက်နှက်တွေနဲ့ ရင်ဆိုင်ရပြီဆိုရင်လဲ မီးခိုးမှိုင်းကာချဖို့နဲ့ လမ်းလွှဲမီးကျည်တွေ ပစ်ခွဲဖို့ကို အလိုလျောက် ဆောင်ရွက်မှာဖြစ်ပါတယ်။

Shtora-1 ရောင်ခြည်မီးလုံးစနစ်
 ဒါ့အပြင် Nakidka camouflage လို့ခေါ်တဲ့ ရေဒါလှိုင်းစုပ်ယူနိုင်တဲ့ အပူငွေ့ကို ဖျောက်ပေးနိုင်တဲ့ မိုးကာလို အစမျိုးကိုလဲ တပ်ဆင်ထားနိုင်ပါသေးတယ်။ ဒါကတော့ ဝေဟင်နဲ့ တာဝေးပစ် တိကျချေမှုန်းပစ်ခတ်မယ့် စနစ်တွေကို ကာကွယ်ဖို့ပါ။ ရေဒါစုပ်တဲ့ သုတ်ဆေးတွေနဲ့လဲ အစားထိုးနိုင်ပါသေးတယ်။ ဒါ့အပြင် T90 မှာတပ်ဆင်ဖို့အတွက် EMT-7 လို့ခေါ်တဲ့ လျပ်စီးလှိုင်းဖျက် စနစ် electromagnetic pulse (EMP) ကိုလဲ စမ်းသပ်တပ်ဆင်ခဲ့ပါသေးတယ်။ ရန်သူရဲ့ ဂျိုလ်တုလမ်းညွန်စနစ်သုံး ပစ်မှတ်လမ်းညွှန်စနစ်တွေကို အကြောင်ရိုက်ဖို့၊ ရန်သူ့ဆက်သွယ်ရေးစနစ်တွေ ရေဒါတွေကို ဖိဖျက်ထားဖို့၊ တင့်ဖျက်မိုင်းတွေကို တင့်ကားမလာခင် ကြိုကွဲအောင် ဆောင်ရွက်နိုင်တယ်ဆိုပါတယ်။ 

Nakidka camouflage အုပ်ထားသည့် T-90MS တင့်ကား
 ဒါ့ကြောင့် T-90 ဟာ လေဆာလမ်းညွှန်ကို အားထားရတဲ့ တင့်ဖျက်လက်နှက်တွေ ဒုံးကျည်တွေနဲ့ ကိုင်နက်တစ်စွမ်းအင်ကို သုံးထားတဲ့ ဖေါက်ထွှင်းသံချပ်ကာဖျက် လက်နှက်တွေနဲ့တော့ ဘယ်လိုမှ ဟန့်တားလို့ မရနိုင်တဲ့တင့်ကားလို့ ဆိုကြပါတယ်။ ဒါ့ပေမယ့် တိုက်ရိုက်ပစ် တင့်ဖျက်လက်နှက်များနဲ့ RPG များရဲ့ ရန်ကတော့ ရှိနေပါသေးတယ်။ ERA+T72 တွေရဲ့ စစ်မြေပြင်အတွေ့အကြုံတွေကနေ အဆင့်မြင့်ထားတဲ့ ERA စနစ်သစ်နဲ့ သံချပ်ကာအသစ်ကို သုံးထားတာကြောင့် စမ်းသပ်ချက်မှာ RPG အမျိုးမျိုး အချက် ၂၀ကျော်ထိ ခံနိုင်တယ်ဆိုခဲ့ပြီး၊ ၁၀ချက်ကျော်ထိ ခံနိုင်တယ်လို့ ကြော်ငြာထဲမှာ ဆိုထားပါတယ်။

တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား အသုံးပြုသည့်နိုင်ငံများ
 သူ့မှာတပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ ဒီဇယ်သုံး မြင်းကောင်ရေ၁၀၀၀ အားရှိတဲ့ အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ စွမ်းအင်နှိမ့်ထားရင် မြင်းကောင်ရေ ၈၄၀ ရှိပြီး၊ အဆင့်မြင့်စနစ်မှာ ၁၂၀၀ ကျော်ရှိမှာဖြစ်ပါတယ်။ လမ်းပေါ်မှာ တစ်နာရီ ၆၀ကီလိုမီတာနုန်းမောင်းနိုင်ပြီး လမ်းမရှိတဲ့နေရာမှာ တစ်နာရီ ၄၅ကီလိုမီတာ နုန်းမောင်းနိုင်မှာဖြစ်ပါတယ်။ ၄၅ဒီကရီ ကုန်းစောင်းတက်ခြင်း၊ အရှိန်နဲ့မောင်းလာရင်း လေးပေအမြင့်ကနေ ပြုတ်ကျတဲ့ဒဏ်ခံခြင်း၊ ရေအနက်၁၅ပေကျော်ကို
 ဖြတ်ကျော်နိုင်ခြင်း အပြင် ပြားပြားပါးပါးဒီဇိုင်းကြောင့် ဘယ်ညာအနိမ့်အမြင့်မညီတဲ့ လမ်းတွေမှာတောင် ဟန်ချက်ထိန်းညှိနိုင်တာလဲ ယခင် T72 ရဲ့ အမွေကို ဆက်လက်ထိမ်းသိမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် T55 လို စနစ်ဟောင်းကို မောင်းနှင်ဘူးတဲ့ သူဟာ T90ကို ၅မိနစ်လောက် လေ့လာပြီးရင် မောင်းနှင်နိုင်ပြီလို့ ဆိုလောက်အောင် စနစ်တွေက ရိုးရှင်းတယ်လို့ဆိုပါတယ်။ တင့်အဖွဲ့သား ၃ယောက်နဲ့ မောင်းနိုင်နိုင်မှာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရှိ T-72S ပင်မတိုက်ပွဲဝင်တင့်ကားများ

ပင်မလက်နှက်ကတော့ T72 တုန်းကတည်းက ပွဲခံခဲ့တဲ့ ၁၂၅မမ ပြောင်းချော အမြောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆုံလည်စနစ်ကို အဆင့်မြင့်တင်ထားပါတယ်။ သံချက်ကာထွှင်းကျည်တွေ၊ ခွင်းကျည်တွေ၊ တင့်ဖျက်တွေ ပစ်ခတ်နိုင်သလို၊ တင့်ဖျက် ဒုံးကျည်တွေကိုလဲ ဒီအမြောက်ထဲကနေ ပစ်ခတ်နိုင်ပါတယ်။ လေဆာလမ်းညွှန်တွေအပြင် အပူရှာစနစ် ဒုံးလိမ္မာအငယ်စားတွေကိုပါ ၆ကီလိုမီတာလောက်အထိ ပစ်ခတ်နိုင်ပြီး အဝေးဆုံးအကွာဝေးထိ ၁၇စက္ကန့်အတွင်းမှာ ရောက်အောင် ပစ်နိုင်ပါတယ်။ ဒါ့အပြင် မောင်းနှင်နေစဉ်မှာပင် ရွေ့လျားပစ်မှတ်တွေကို မလွဲအောင်ပစ်ခတ်နိုင်ပြီး ဒုံးလိမ္မာတွေကို ၄ကီလိုမီတာအထက် ပစ်နိုင်တဲ့အတွက် တင့်ကားတွေသာမက ရဟတ်ယာဉ်တွေကိုပါ ချိန်းခြောက်ထားနိုင်ပါတယ်။
တင့်ကားပျံများဟု ဂုဏ်ပြုထားကြသည့် တီ-၉၀ တင့်ကားတစ်စီး
 ကျည်စုစုပေါင်း ၄၅တောင့်သယ်နိုင်ပြီး၊ အလျိုလျောက်ကျည်ထိုး စနစ်ထဲမှာ ၂၂တောင့် ထည့်ထားနိုင်ပါတယ်။ ၅-၇စက္ကန့်အတွင်းမှာ အလိုလျောက် ကျည်ထိုးပေးမယ့် စနစ်လဲဖြစ်ပါတယ်။ ဒါ့အပြင် လေဆာစနစ်သုံး ပစ်မှာရှာစနစ်၊ အကွာဝေးတိုင်းတာစနစ်တွေသာမက ဒုံးလမ်းညွှန်စနစ်တွေ၊ အပူရှာစနစ်သုံး ပစ်မှတ်ရှာစနစ်တွေကို မီတာ ၈ထောင်လောက်အထိ ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် GPS စနစ်သုံး စနစ်တွေနဲ့ အဆင့်မြင့် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ထားပြီး ပေါင်းစပ်ညှိနိုင်း တိုက်ပွဲဝင်နိုင်ရေးကို အထူးအရေးပေး ဆောင်ရွက်ထားတာလဲ ဖြစ်ပါတယ်။ နေ့ရောညပါ တိတိကျက ရှာဖွေပစ်ခတ်နိုင်အောင် မွှမ်းမံပြင်ဆင်ထားတဲ့ စနစ်တွေ တပ်ဆင်ထားပါတယ်။
တီ-၉၀အမ်အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား
 ဒါ့အပြင် တစ်မိနစ်ကို အတောင့် ၈၀၀နုန်းနဲ့ ၂ကီလိုမီတာလောက်ထိ တင့်ကားတွင်းကနေ ထိန်းချုပ်စနစ်နဲ့ပစ်ခတ်နိုင်တဲ့ ၁၂.၇မမ လေယာဉ်ပစ် စက်သေနှတ်ကြီးကို တပ်ဆင်ထားပါတယ်။ ၇.၆၂မမ စက်သေနှတ်ငယ်ကိုလဲ တင့်ကားအတွင်းကနေ ပစ်ခတ်နိုင်အောင် တပ်ဆင်ထားပါတယ်။
T90 ပင်မအမျိုးစားတွေကို T90E အနေနဲ့ ပြည်ပဈေးကွက်သို့ ရောင်းချခဲ့ပြီး၊ ရုရှားတပ်မတော်သုံး အဆင့်မြင့် တွေကိုတော့ T90A အဖြစ်သတ်မှတ်ပြီး အင်ဂျင်ပါဝါအနည်းငယ်နဲ့ လေဆာစနစ်များ အကွာအဝေးလျော့ချကာ T90S အဖြစ် ရောင်းချခဲ့ပါတယ်။ T90M နဲ့ T90MS များကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ပိုမိုအဆင့်မြင့်တဲ့ လေယာဉ်ပစ်စက်သေနှတ် စနစ်၊ ဂျမ်ဘာစနစ်များနဲ့ ဂြိုတုလမ်းညွန် စစ်ဆင်ရေး စနစ်များနဲ့ ဆင်နွဲနိုင်အောင် တည်ဆောက်ထားပါတယ်။
T90 တစ်စီးကို အမေရိကန်ဒေါ်လာ၂.၅ကနေ ၄.၂ သန်းကြား ကျသင့်တာမို့ T72တန်ဖိုးထက် ၂ဆရှိပါတယ်။ သို့သော်လည်း T72 တွေကို အဆင့်မြင့်ရင်လဲ ၁သန်းကျော်ကျသင့်ပါတယ်။ ယူကရိန်းလုပ် T84 တွေဟာ ၃.၅သန်းကနေ ၄သန်းကြား ကျသင့်နေတာမို့ ဈေးနုန်းမြင့်မားတယ်လို့ ပြောလို့မရနိုင်ပါဘူး။

ရုရှားတပ်မတော်၏ တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား
 T90 တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံက အများအပြားအသုံးပြုနေပြီး၊ အယ်လ်ဂျီးရီယားနိုင်ငံက ၃၀၀ကျော်၊ အဇာဘိုင်ဂျန်က ၁၀၀နီးပါး၊ ယူဂန်ဒါက ၃၀ကျော်နဲ့ ပီရူးက ၁၀၀ကျော် ဝယ်ယူအသုံးပြုနေပြီး အစင်းရေ ၁၆၀၀ကျော် ထုတ်လုပ်ရောင်းချထားရတယ်ဆိုပါတယ်။ လက်နှက်ပြပွဲတိုင်းမှာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်တာမို့ T90 ရဲ့ လေထဲကို ခုန်တက်လာပြီး အမြောက်ပစ်ပြတဲ့ ပြကွက်ကို မဖြစ်မနေပြသနေရပါတယ်။ စတိုင်လဲကျ၊ အဆင့်လဲမြင့်၊ ကြောက်စရာလဲကောင်း၊ ဈေးလဲမဆိုးလှတဲ့ နားမည်ကြီး T-90 တင့်အကြောင်းဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

Thursday, November 14, 2013

၂၀၁၂-၁၃ခုနှစ်အတွင်း တပ်မတော်(ရေ) ဘာတွေတိုးတက်လာသလဲ

မြန်မာ့တပ်မတော်ဆိုင်ရာ ပိုစ့်တစ်ခုရေးဖို့အတွက် စပြီး အချက်လက်တွေစုမိတော့ ကျွှန်တော်အားသန်တဲ့ ရေတပ်အချက်လက်တွေက အများဆုံးဖြစ်နေတာမို့ ဒီနေ့တော့ တပ်မတော်(ရေ)ဆိုင်ရာ ၂၀၁၂နှောင်းပိုင်းနှင့်၂၀၁၃အကြား စိတ်ဝင်စားဖွယ်အချက်လက်များကို ဖော်ပြပေးပါ့မယ်...။ အချက်လက်အမှားများရှိပါက ကျွှန်တော့်ရဲ့ အားနည်းချက်သာလျှင်ဖြစ်ပါတယ်ခင်ဗျာ...။

တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတကာရေတပ်မတော်မျာနည်းတူ ပင်လယ်ပြင်ကာကွယ်ရေးကို အဓိကတာဝန်ယူထမ်းဆောင်နေတဲ့ အဖွဲ့စည်းဖြစ်ပါတယ်...။ ပင်လယ်ပြင်ကာကွယ်ရေးအနေနှင့် အကြမ်းအားဖြင့် ကမ်းနီးရေတိမ်ပိုင်းနှင့် ကမ်းဝေရေပြင်ပိုင်းလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်...။

၂၀၀၈ခုနှစ်နှောင်းပိုင်းက စတင်ခဲ့တဲ့ ဘင်္ဂလားနှင့် ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ကို မြန်မာနိုင်ငံသားတိုင်းမေ့ကြမယ်  မထင်ပါဘူး.. အဲ့ချိန်က မြန်မာ့ရေပြင်နက်အတွင်း သဘာဝဓါတ်ငွေ့ရှာဖွေရေးလုပ်နေတဲ့ တောင်ကိုးရီးယားရဲ့ ဒေဝူးနှင့်အတူ အစောင့်ရေတပ်ရေယာဉ်များကို ဘင်္ဂလားရေတပ်မှ ဝင်ရောက်ရန်ရှာရင်း နှစ်နိုင်ငံရေတပ်များအကြား အခြေအတင်ဖြစ်ခဲ့ပါတယ်...။ အဲ့နောက်ပိုင်းမှာတော့ နှစ်နိုင်ငံရေတပ်များအကြား အပြန်အလှန် ပင်လယ်ပြင်အတွင်း စောင့်ကြည့်ခြင်းများရှိလာခဲ့ပြီးတော့ ရေတပ်များကိုလည်း အပြင်းအထန်တိုးချဲ့ခဲ့ကြပါတယ်...။
၇၇၂ ဘုရင့်နောင် အပေါ့စားဖရီးဂိတ်စစ်ရေယာဉ် (Light Frigate)

တပ်မတော်(ရေ)အနေဖြင့် ရန်အမျိုးစားရေယာဉ်များ၊၁ဂျီ ဒုံးတပ်ရေယာဉ်များ၊၅စီးရီး အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များ၊ကော်ဗတ်စစ်ရေယာဉ်များနှင့် တပ်တော်ဝင်ခါစ အောင်ဇေယျ ဖရီးဂိတ် စစ်ရေယာဉ်တွေကို ဘင်္ဂလားရေတပ်ကို တန်ပြန်တိုက်ခိုက်ဖို့အတွက် အသင့်အနေထားဖြင့် ထားရှိခဲ့ရပါတယ်...။ အစွမ်းထက်လှတဲ့ ရေတပ်ရဲ့ ဒုံးတပ် FACများကြောင့်လည်း ဘင်္ဂလားရေတပ်အပေါ် အတော်လေး ထိန်းချုပ်နိုင်ခဲ့ပါတယ်...။ ဒီအချက်ကို ကောင်းကောင်းသိတဲ့ ဘင်္ဂလားရေတပ်အနေဖြင့်လည်း သူတို့ရဲ့ FAC များကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းများ ပြုလုပ်လာရပါတော့တယ်...။ ဘယ်လိုပင် ကြိုးစားနေကြပင်မယ့် တပ်မတော်(ရေ)ဟာ ဒုံးတပ်ရေယာဉ်အပိုင်းမှာ သာလွန်အင်အားနှင့် တည်ရှိနေခဲ့ပါပြီ..။

တပ်မတော်(ရေ)ဟာ ပြည်တွင်းထုတ်ရေယာဉ်များအပြင် ပြည်ပမှဖရီးဂိတ်စစ်ရေယာဉ်များကိုလည်း တည်ဆောက်မှုနည်းပညာ၊တပ်ဆင်လက်နက်စနစ်များအတွက် လေ့လာနိုင်စေရန် ရည်ရွှယ်ကာ တရုပ်တပ်မတော်မှ Type-03H1 ဖရီးဂိတ်စစ်ရေယာဉ် ၂စင်း (F-21 နှင့် F-23) ဝယ်ယူခဲ့ပါတယ်...။ ထူးခြားချက်ကတော့ အဆိုပါရေယာဉ်များရဲ့ ဒုံးစနစ်ကို ပြောင်းလဲပစ်ခဲ့တာပါဘဲ...။ သာမာန် HY-2 ဒုံးများကို အစွမ်းထက်လှတဲ့ စီ-၈၀၂အေ (C-802A) ဒုံး ၈စင်းနှင့် ပြောင်းလဲတပ်ဆင်ခဲ့ပြီးတော့ အီလက်ထရောနစ်စစ်ဆင်ရေးအပိုင်းကိုလည်း အဆင့်မြှင့်တင်ကာတပ်ဆင်ခဲ့ပါတယ်...။
အက်ဖ်-၂၁ မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်

၂၀၁၂နှောင်းပိုင်း(စက်တင်ဘာလ)မှာတော့ အာလုံးဘဲမျှော်လင့်နေကြတဲ့ ကျန်စစ်သား ကိုယ်ပျောက်နည်းပညာသုံး ဖရီးဂိတ် စစ်ရေယာဉ်ကြီးကို ရေတပ်သင်္ဘောကျင်းကနေဘဲ
 ရေချနိုင်ပါတော့တယ်...။ သူ့အရင် တပ်တော်ဝင်ခဲ့တယ့် အောင်ဇေယျဖရီးဂိတ်လို မြန်မာ့ရေပြင် ပိုင်နက်ကာကွယ်ပေးမယ့် စွမ်းရည်ထက်မြက်တဲ့ဖရီးဂိတ်ကြီး တစ်စင်းဖြစ်လို့ တပ်မတော်(ရေ)နှင့်အတူ ဂုဏ်ယူဝမ်းသာမိပါတယ်...။ တပ်မတော်(ရေ)ရှိ ရေတပ်အင်ဂျင်နီယာများကိုလည်း လေးစားမိပါတယ်...။

၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့မှာကျရောက်တဲ့ ရေတပ်မွေးနေ့မှာတော့ ၄၉မီတာ ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၄၉၁ နှင့်အတူ စစ်ရေယာဉ် ၄စင်း တပ်တော်ဝင်နိုင်ခဲ့ကြပါတယ်...။ အဲဒီအထဲမှာမှ ၄၉၁ စစ်ရေယာဉ်အား ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ်(ဒုံးတပ်)ဖြစ်လို့ ဒေသတွင်းနိုင်ငံများအကြား စိတ်ဝင်စားဖွယ်ရာများ ဖြစ်စေခဲ့ပါတယ်....။
တပ်တောင်ဝင် စစ်ရေယာဉ်များ

တပ်မတော်(ရေ)ရဲ့ ပထမဆုံးသော ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်များရဲ့ သမိုင်းခြေလှမ်းအစလို့လည်း သတ်မှတ်နိုင်ပါတယ်...။
တပ်တောင်ဝင်ခဲ့တဲ့ ၄၇မီတာအရှည်ရှိ ၅၆၇,၅၆၈,၅၆၉နှင့်၅၇၀ အမြန်တိုက်ခိုက်ရေး(Gun Class) ရေယာဉ်များဟာလည်း တပ်မတော်(ရေ)ရဲ့ ပင်လယ်ပြင်ကာကွယ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ပါတယ်....။ Gun Class FACများနေအဖြင့် ၄၀မမနှင့် ၁၄.၅မမ လက်နက်စနစ်များအတိုင်းသာ တပ်ဆင်ထားပင်မယ့်လို့ စစ်ဆင်ရေးလိုအပ်ချက်အပေါ်မူတည်ပြီး စွမ်းရည်မြှင့် လက်နက်စနစ်များတပ်ဆင်ပေးနိုင်တယ်ဆိုတာ ရေတပ်ရဲ့ ယိုးဒယား ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့တယ့် စစ်ရေယာဉ် ၅၆၁နှင့် ၅၆၂ ရေယာဉ်များကို ကြည့်ရင် သိနိုင်ပါတယ်...။
ယိုးဒယားခရီးစဉ်အတွင်း လက်နက်အပြည့်စုံတပ်ဆင်ထားသည့် တိုက်ရေယာဉ် ၅၆၁

 ၂၀၁၃ခုနှစ် ဇန်နဝါရီလထဲမှာတော့ ရေတပ်သင်္ဘောကျင်းအတွက် အားဖြည့်မှုအဖြစ် တပ်မတော်(ရေ) စီမံခန့်ခွဲမှုနှင့် အင်ဂျင်နီယာ အရာရှိငယ် သင်တန်းဆင်းပွဲကျင်းပနိုင်ခဲ့ပြန်ပါတယ်...။ အနာဂါတ် တပ်မတော်(ရေ)ရဲ့ စစ်ရေယာဉ်တည်ဆောက်မှုအတွက် အားသစ်လောင်းခြင်းလည်း ဖြစ်ပါတယ်...။

ဖေဖဝါရီလထဲမှာတော့ တပ်မတော(ရေ)ရှိ ၅၆၁နှင့် ၅၆၂ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များရဲ့ ယိုးဒယားခရီးစဉ်ကတော့ ဒေသတွင်းရေတပ်များအကြား အထူးစိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်..။ အကြောင်းကတော့ ရေတပ်စစ်ရေယာဉ်များရဲ့ မြင်နေကြမဟုတ်တဲ့ လက်နက်စနစ်များ၊ အီလက်ထရောနစ် စစ်ဆင်ရေးကိရိယာများနှင့် စွမ်းရည်မြှင့် ပဲ့ထိန်းဒုံးများကို တပ်ဆင်ထားခြင်းဘဲဖြစ်ပါတယ်...။

တပ်မတော်(ရေ)ရဲ့ မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်အနေဖြင့်လည်း မလေးရှားနိုင်ငံ လန်ကာဝီမှာပြုလုပ်တဲ့ LIMA 13 အခမ်းနားကို တက်ရောက်ခြင်းဖြင့် တပ်မတော်(ရေ)ရဲ့ အားသစ်တစ်ရပ်ကို ပထမဆုံးအကြိမ်အဖြင့် ပြသနိုင်ခဲ့ပြန်ပါတယ်...။

ဆရာရှမ်း ရေပေါ်လွန်းတင်ယာဉ်

 ဧပြီလ (၉) ရက်နေ့မှာတော့ တပ်မတော်(ရေ)၏ ပထမဦးဆုံး Floating Dock ဖြစ်တဲ့ ဆရာရှမ်းကို တပ်တောင်ဝင်နိုင်ခဲ့ပြီး တပ်မတော်(ရေ)ရဲ့ စွမ်းရည်ကို မြှင့်တက်စေခဲ့ပါတယ်...။ အဆိုပါ ဆရာရှမ်း ရေယာဉ်နှင့်ပတ်သက်ပြီးတော့ Myanmar Navy (Officially မဟုတ်တဲ့) ပေ့ခ်မှာ 
(...UMS- SAYA SHAN သည် တပ်မတော်(ရေ)၏ အရွယ်အစား အသင့်အတင့်ရှိ ဗျုဟာမြောက် စစ်ရေယာဉ်များအတွက် နှစ်ပတ်လည်လွန်းတင်ပြင်ဆင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်လွန်းတင်ပြင်ဆင်ခြင်းများအား Operation Area နှင့်အနီးဆုံး Base တွင် ရာသီမရွေး အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ဟု ခန့်မှန်းရသည်။ ယင်းအတွက် UMS- SAYA SHAN ၏ Capacity နှင့် အရွယ်အစားမှာ ကျစ်ကျစ်လစ်လစ်နှင့် သင့်တင့်မျှတရုံ ရှိမည်ဖြစ်ပါသည်။) လို့ဖော်ပြထားပါတယ်..။ အမှန်တကယ်လိုအပ်လှတဲ့ ရေယာဉ်အမျိုးစားဖြစ်ပြီးတော့ နောက်ထပ်လည်း ပြည်တွင်းမှာ ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်...။

တဆက်တည်းမှာဘဲ တပ်မတော်(ရေ)ရဲ့ တင့်ကားတင် ကမ်းထိုးရေယာဉ်များဖြစ်တဲ့ ၁၆၁၂နှင့် ၁၆၁၃ ရေယာဉ်များ တပ်တော်ဝင်လာခဲ့ပါတယ်...။ ဧပြီလ(၉)ရက်နေ့ဟာဆိုရင်တော့ တပ်မတော်(ရေ)အတွက် အစွမ်းထက်တဲ့အားသစ်များပိုင်ဆိုင်တဲ့နေ့လို့တောင် ဆိုရနိုင်ပါတယ်...။
ဧပြီလ(၉)ရက်နေ့အတွင်းမှာ (၅၆၃၊၅၆၄၊၅၆၅၊၅၆၆) အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် (၄)စင်း၊ တင့်ကားတင် ကမ်းထိုးရေယာဉ် (၂)စင်းနှင့်အတူ ရေပေါ်လွန်းရေယာဉ် ဆရာရှမ်းတို့ စုစုပေါင်း(၇)စင်း တပ်တော်ဝင်နိုင်ခဲ့ပါတယ်...။ ကမ်းထိုးရေယာဉ်များအနေဖြင့်လည်း ပြည်တွင်းထုတ် BTR-3U သံချပ်ကာယာဉ်တင်ဆောင်နိုင်စွမ်းရှိပါတယ်...။
တပ်တော်ဝင် စစ်ရေယာဉ်များ
အဲ့ဒီနောက်မှာတော့ တပ်မတော်(ရေ)ဟာ ကယ်ဆယ်ရေးလုပ်ငန်းများ၊ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ တာဝန်များထမ်းဆောင်ရင်း မြန်မာ့ရေပြင်အတွင်း ငါးခိုးလှေများဖမ်းဆီးခြင်းစသည်ဖြင့် ပင်လယ်ပြင်ကာကွယ်ရေးတာဝန်များကျေပွှန်ခဲ့ကြပါတယ်...။ သက်တမ်အားဖြင့် ၂၀ကျော်ရှိပြီဖြစ်တဲ့ ယူဂိုအမျိုးစား ကမ်းခြေစောင့်တိုက်ရေယာဉ် ၄၂၆ ရဲ့ ယိုးဒယားငါးခိုးလှေဖမ်းဆီးရမိမှုဟာလည်း စက်တင်ဘာလအတွင်း တပ်မတော်(ရေ)ရဲ့ ဂုဏ်ယူကြရတဲ့ အဖြစ်ပျက်တစ်ခုဖြစ်ပါတယ်...။ 

တပ်မတော်(ရေ)အနေနှင့် လက်ရှိအချိန်မှာ အင်အားတောင့်တင်တဲ့ ရေတပ်မတော်တစ်ရပ် ပိုင်ဆိုင်နေပြီလို့ ဆိုနိုင်ပင်မယ့် အင်အားကြီးရေတပ်တစ်ခုဖြစ်လာစေဖို့အတွက်ဆိုရင်တော့ ရှိရင်းစွဲ ဖရီးဂိတ်များနည်းတူ စွမ်းရည်ထက်မြက်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်များလိုအပ်နေဆဲပါ...။ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များဟာ ကန့်သတ်ချက်များရှိပြီး ကမ်းနီးရေတိမ်ပိုင်းကို အဓိကထားရတဲ့ အတွက် ကမ်းဝေးပင်လယ်ပြင်ကို စိုးမိုးနိုင်ဖို့ ဖရီးဂိတ်စစ်ရေယာဉ်များ အလုံအလောက်ပိုင်ဆိုင်ထားရပါမယ်...။ အိမ်နီးချင်းရေတပ်များရဲ့ တိုးချဲ့မှုများကို အစဉ်မပြတ်စောင့်ကြည့်နေရပါမယ်...။

ဒီဇင်ဘာလ(၂၄)ရက်နေ့မှာကျရောက်မယ့် တပ်မတော်(ရေ)ရဲ့ (၆၆)နှစ်မြောက် မွေးနေ့မှာတော့ ဘယ်လိုရင်ခုန်စရာတွေဖြစ်လာဦးမလည်းဆိုတာ မသိရသေးပါဘူး...။ ကျန်စစ်သားဖရီးဂိတ်အနေနှင့် တပ်တော်ဝင်နိုင်မလား၊တတိယပြည်တွင်းထုတ် ဖရီးဂိတ်ရေချနိုင်မလား၊ ၇၇၃ ကော်ဗတ်ရေယာဉ်ရေချနိုင်မလားဆိုတာကတော့ မကြာတော့တဲ့အချိန်အတော်အတွင်းမှာ သိရှိနိုင်တော့မှာဖြစ်ပါတယ်...။

(ပုံများနှင့်အချက်လက်များအား မြန်မာနေဗီနှင့် Deparko စာမျက်နှာများအား အခြေခံ၍ ဖော်ပြပေးထားခြင်းဖြစ်ပါသည်...။)

Friday, November 8, 2013

တိုက်ခိုက်ရေးအတွက် Mi-28NE ရဟတ်ယာဉ်များ လိုအပ်လာမည်လော

ဒီနေ့ ထုံးစံအတိုင်း ဒေသတွင်းနိုင်ငံတွေရဲ့ တပ်မတော်တွေအကြောင်းလေ့လာရင်း စိတ်ဝင်စားဖွယ်ရာလေးတွေ တွေ့လို့ ပြန်လည်ဝေမျှပေးပါရစေခင်ဗျာ...။ အရင်က သိပ်သတိမထားမိတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအကြောင်းပါ...။

အပေါ်က ခေါင်းစဉ်ကို ဖြေရမယ်ဆိုရင်တော့... ဟုတ်ကဲ့လိုအပ်ပါတယ်လို့ ကျွှန်တော်ဖြေမိမှာပါ..။ အကြောင်းကတော့....
မြန်မာ့တပ်မတော်(လေ) အနေနှင့် ရုရှားတပ်မတော်ရဲ့ နာမည်ကျော် အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အသုံးပြုနေတယ်ဆိုတာ အားလုံးလည်း သိပြီးဖြစ်ပါတယ်...။ ဒေသတွင်း(အာဆီယံ)မှာဆိုရင်တော့ ဗီယက်နမ်၊အင်ဒိုနီးရှား၊သီရိလင်္ကာနှင့် မြန်မာတပ်မတော်(လေ) စသည်ဖြင့် အမ်အိုင်-၃၅ စီးရီးတွေကို အသုံးပြုနေကြတာတွေ့ရပါတယ်...။ ပြီးတော့ ယိုးဒယားအနေဖြင့် AH-1 Cobra ၊ မလေးရှားအနေဖြင့် T129 (စိတ်ဝင်စားမှုရှိနေ ဝယ်ယူခြင်းမရှိသေး) နှင့် စင်ကာပူ အနေဖြင့် Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အသုံးပြုကြပါတယ်...။ ကျွှန်တော်တို့ သတိထားမိတဲ့ ဘင်္ဂလားကတော့ Mi-171Sh တွေကို တိုက်ခိုက်ရေးအနေဖြင့် သုံးပါတယ်...။ ကျန်တဲ့နိုင်ငံတွေကတော့ တိုက်ခိုက်ရေးရဟတ်ယာဉ်လို့ သီးသန့်အသုံးပြုတာမရှိသလောက်ပါဘဲ...။
အမ်အိုင်-၃၅ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာ ရုရှားရဲ့ ပြည်တွင်းသုံး အမ်အိုင်-၂၄ ရဟတ်ယာဉ်များရဲ့ ပြည်ပတင်ပို့တဲ့ ရဟတ်ယာဉ်အမျိုးအစားမျာဖြစ်ပြီးတော့ ဆိုဗီယက်ကာလတိုက်ပွဲများကတည်းက အသုံးပြုခဲ့ဘူးပြီးဖြစ်လို့ အားနည်းချက်များကို အဆင့်ဆင့်မွှမ်းမံထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် အခုချိန်မှာတော့ တကယ်ကိုထိရောက်တဲ့ စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားကြပါတယ်...။ ရဟတ်ယာဉ်များရဲ့ အဓိကရန်သူလို့ခေါ်နိုင်တဲ့ ပုခုံးထမ်း တာတိုပစ်ဒုံးများဟာ အပူလိုင်းကိုလိုက်ပြီး ပစ်ခတ်ရတာများလို့ ထိုအချက်ကို ကာကွယ်ဖို့လည်း တပ်မတော်(လေ)ရှိ အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ လိုအပ်တဲ့ကိရိယာတွေ တပ်ဆင်ထားတာကို ပုံများဖြင့် တင်ပြဘူးပေးခဲ့ပြီးဖြစ်ပါတယ်...။

ကျွှန်တော်တစ်ယောက်တည်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ အမ်အိုင်-၃၅ပီများဟာ သီးသန့်တိုက်ခိုက်ရေးရဟတ်ယာဉ်များမဟုတ်ဘဲ စစ်သည်များကို တင်ဆောင်၍ စစ်လှုပ်ရှားနိုင်ရန် တီထွင်ထားခြင်းဖြစ်တဲ့အတွက် သီးသန့်တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်မျိုးကို တပ်မတော်(လေ)မှာ ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒာဖြစ်မိပါတယ်...။ ဆိုလိုတာကတော့ ယိုးဒယားနှင့်စင်ကာပူလေတပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များလိုဖြစ်စေချင်ပါတယ်...။

Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ်
 ခေတ်မှီတိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှိုင်းယှဉ်ဖော်ပြမှု
ဒါကြောင့်လည်း တပ်မတော်(လေ)အနေဖြင့် ဖြစ်နိုင်ချေအရှိဆုံးနှင့် အသင့်တော်ဆုံးဖြစ်မယ် တိုက်ခိုက်ရေး သီးသန့် ရဟတ်ယာဉ်တစ်မျိုးကို လိုအပ်လာခဲ့မယ်ဆိုရင် ကျွှန်တော်တို့နိုင်ငံရဲ့ ရွေးချယ်မှုဟာ ရုရှားတပ်မတော်ရဲ့ Mi-28 စီးရီးထဲက အကောင်းဆုံးဖြစ်တဲ့ Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြစ်စေချင်မိပါတယ်..။

Mi-28NE (Night Hunter) တိုက်ခိုက်ရေးရဟတ်ယာဉ်များကို တင့်၊သံချပ်ကာယာဉ်နှင့် အကာကွယ်ပြုထားသည့် ရန်သူ့နေရာများ ကို ရှာဖွေချေမှုန်းရန်အတွက် အထူးတည်ဆောက်ထားခြင်းဘဲဖြစ်ပါတယ်...။ ရန်သူ့ ရေယာဉ်များနှင့် အသေးစားတိုက်ခိုက်ရေး ရေယာဉ်များအပြင် မြန်နှုန်းနည်း၍ အနိမ့်ပျံလေယာဉ်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိပါတယ်..။ ထို့အပြင် ညအချိန်ပျံသန်းမှုမျိုးကိုလည်း Auto-Pilot ထားပြီး ထိန်းချုပ်ပျံသန်းနိုင်စွမ်းရှိကြပါတယ်...။

လက်နက်စနစ်ပိုင်းမှာကလည်း အားရစရာကောင်းလှပါတယ်...။ ဝေဟင်မှမြေပြင်ပစ် ဒုံးများ၊ ဝေဟင်မှဝေဟင်ပစ်ဒုံးများကိုလည်း တပ်ဆင်ထားနိုင်ပါတယ်...။ ဒါ့အပြင် ၃၀မမ စက်အမြောက်ကိုတပ်ဆင်ထားပြီး S-8 နှင့် S-13 တို့ ကဲ့သို့သော လက်နက်စနစ်များကိုလည်း တပ်ဆင်ထားနိုင်ပါတယ်...။ တပ်ဆင်ထားတဲ့ ရေဒါစနစ်များဟာလည်း ကောင်းမွန်လှပြီးတော့ သာမန်တိုက်ခိုက်ရေးတစ်စင်းမှာ မပါတဲ့ ခေတ်မှီလက်နက်စနစ်တွေကို အထူးထည့်သွင်းထားတာဖြစ်လို့ တကယ့်ကိုအစွမ်းထက်မယ့် ရဟတ်ယာဉ်တစ်မျိုးဆိုတာ ငြင်းစရာမရှိလောက်အောင်ပဲဖြစ်ပါတယ်...။

အသေးစိတ်အချက်လက်များကို ပုံမှာပြထားပါတယ်..

ပုံပါအချက်လက်များကို ကြည့်ချင်းအားဖြင့် တပ်မတော်(လေ)အနေဖြင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကို ဝယ်ယူဖြည့်တင်းဖို့ ရှိလာခဲ့မယ်ဆိုရင် Mi-28NE ရဟတ်ယာဉ်သည်သာလျှင် လေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် မျိုးဆက်သစ်အဖြစ် မြင်တွေ့နိုင်ဖွယ်ရှိပါတယ်...။ တကယ်လို့ ကျွှန်တော့် စိတ်ကူးအတိုင်းသာ Mi-28NE တွေ အမှန်တကယ်ရောက်လာခဲ့မယ်ဆိုရင်တော့ အာဆီယံနိုင်ငံများအကြားမှာ တပ်မတော်(လေ)ဟာ အကောင်းဆုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်ပိုင်ဆိုင်တဲ့ လေတပ်ကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်...။

Friday, November 1, 2013

မြန်မာ့တပ်မတော်အတွက် ပင်မတိုက်ပွဲဝင်တင့်များ ဖြည့်တင်းတော့မည်လော...


မြန်မာ့တပ်မတော်၏ သံချပ်ကာနှင့်ယန္တာရားတပ်ဖွဲ့များအကြောင်းကို ဟိုဟိုဒီဒီ လေ့လာရင်း စိတ်ဝင်စားဖွယ်ရာ အချက်သွားတွေ့မိပါတယ်...။ အဲ့ဒါကတော့ တပ်မတော်ခေါင်းဆောင်များရဲ့ တရုပ်ပြည်ခရီးစဉ်အတွင်းက သံချပ်ကာသင်တန်းကျောင်းတစ်ခုကို သွားရောက်လေ့လာတဲ့ ခရီးစဉ်က အစပြုလို့ ယခုအတွေးလေး ဖြစ်လာမိတာပါ...။

ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကားများ
 မြန်မာ့တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ MBT-2000,T-72S ကဲ့သို့ ပင်မတိုက်ပွဲဝင်တင့်တစ်မျိုး လိုအပ်နိုင်တဲ့ အခြေနေတစ်ခုလို ယူဆမိနေတဲ့ အချိန်မှာ တရုပ်ရဲ့ ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ရဲ့ လေ့ကျင့်မောင်းနှင်ပြသမှုကို ကြည်ရူခဲ့ရာကစပြီး ပုံစံ-၉၆ တင့်ကို အထူးလေ့လာမိပါတယ်...။တရုပ်တပ်မတော်ရဲ့ ပုံစံ-၈၈ တင့်ကို အစားထိုးမယ့် မျိုးဆက်သစ်တင့်တစ်စီး စတင်အကောင်အထည်ဖော်ရာကနေ ဖြစ်ပါလာခဲ့တဲ့ ပုံစံ-၉၆ တင့်ကို အထွေထွေ စမ်းသပ်မှုများအပြီးမှာတော့ တရုပ်တပ်မတော်ကို ၁၉၉၇ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်...။ လက်ရှိအချိန်ထိကတော့ ဆူဒန်နိုင်ငံတစ်ခုတည်းကိုသာ ရောင်းချမှုပြုထားပြီး ယခုအချိန်ထိ အစီးရေ ၂၀၀၀-၂၅၀၀ အထိသာထုတ်လုပ်ထားတယ်လို့ သိရပါတယ်...။

ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကားရဲ့ ပင်မလက်နက်စနစ်ကို တရုပ်နှင့် ရုရှားရဲ့ ထုံးစံအတိုင်း ၁၂၅မမ တင့်အမြောက်တပ်ဆင်ထားပြီးတော့ ရုရှားရဲ့ တီ-၇၂ တင့်များရဲ့ (ပုံတူကူးယူးထားသော) အလိုလျောက်ကျည်ဖြည့်စနစ်တပ်ဆင် ထားပါတယ်...။ တင့်အမြောက်အနေဖြင့်လည်း ရုရှားရဲ့ နာမည်ကျော် အေတီ-၁၁ တင့်ဖျက် ပဲ့ထိန်းဒုံးများကို တပ်ဆင်ပေးထားပြီး တမိနစ်ကို တင့်အမြောက်ကျည် ၆-၈ လုံးအထိပစ်ခတ်နိုင်ပါတယ်...။ တင့်ဖျက်ဒုံး(ကျည်တောင့်) ၄၂တောင့် သယ်ဆောင်ထားနိုင်ပါတယ်....။


ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကို ကွန်ပျုတာသုံး ထိန်းချုပ်ရေးစနစ်များ၊ လေဆာစနစ်သုံး ရှာဖွေရေးနည်းပညာများကို တပ်ဆင်ပေးထားသည့်အပြင် ညတိုက်ပွဲများအတွက်လည်း အထူးတီထွင်ထားခြင်းဖြစ်ရာ အနောက်နိုင်ငံမှ တင့်များကိုပင် အန္တာရယ်ကောင်းကောင်း ပေးနိုင်တဲ့တင့် တစ်စီးဖြစ်ပါတယ်...။ တင့်အနေဖြင့် ရွှေးလျားပစ်မှတ်များကိုပင် တင့်အားမောင်းနှင်နေစဉ်အတော်တွင်း တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိပါတယ်...။ တင့်ရဲ့ အကြိမ်ကြိမ်စမ်းသပ်မှုများအရလည်း အထူးကောင်းမွန်တဲ့ စနစ်ဖြစ်တယ်လို့ ကောက်ချက်ချထားကြပါတယ်...။ 

ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တင့်ကားများထုတ်လုပ်နေမှု


 ဒုတိယ လက်နက်စနစ်ကတော့ ရုရှားနှင့်တရုပ်ရဲ့ မူရင်းပုံစံဖြစ်ကြတဲ့ ၇.၆၂မမ စက်သေနတ်နှင့် ၁၂.၇မမ စက်ကြီးတို့ဖြစ်ပါတယ်...။အချို့အချက်လက်တွေကို ခဏဖယ်ရင်း ဆက်ပြီးလေ့လာသင့်တာကတော့ အင်ဂျင်ပါဝါဘဲဖြစ်ပါတယ်...။ တင့်တစ်စင်းရဲ့ လှုပ်ရှားစစ်ကစားနိုင်မှုကို အထူးတာဝန်ယူထားရတဲ့ တင့်အင်ဂျင်အနေနှင့် မြင်းကောင်ရေ ၁၀၀၀အားရှိတဲ့ အင်ဂျင်ကို အသုံးပြုထားပြီးတော့ ပြည်ပကို တင်ပို့ရောင်းချတဲ့ ပုံစံတူ ပုံစံ-၉၆တင့်တွေကိုတော့ အင်ဂျင်ပါဝါပိုနိမ့်ထားတဲ့ ပုံစံ-၈၅တင့်ရဲ့ မြင်းကောင်ရေအား ၇၃၀ပါဝါကို တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်....။ စစ်ဆင်နိုင်မှုအကျယ်အဝန်းကိုတော့ ကီလိုမီတာအားဖြင့် ၄၀၀လို့ သတ်မှတ်ထားပြီး အပိုဆီတိုင်ဂီပါတပ်ဆင်ထားပါက ကီလိုမီတာ ၆၀၀အထိ စစ်ဆင်ရေးဆောင်ရွှက်နိုင်ပါတယ်...။
MBT-3000 ပင်မတိုက်ပွဲဝင်တင့်ကားအသစ်
 အဲ့ဒီနေရာမှာ စိတ်ဝင်စားဖွယ်ရာ အချက်လာပါပြီခင်ဗျာ...။ အဲ့ဒါကတော့ ပုံစံ-၉၆ ပင်မတိုက်ပွဲဝင်တ့င်ကားကို ပုံစံ-၉၆ဂျီ (Type-96G) အဖြစ် အဆင့်မြှင့်တင်ထားပြီး ပြည်ပကိုလည်း ဗီတီ-၂ (VT-2) အမည်ဖြင့် ရောင်းချသွားဖို့ လုပ်ဆောင်နေမှုဖြစ်ပါတယ်....။
Type-96G ပင်မတိုက်ပွဲဝင်တင့်ကားများ
  VT-2 ပင်မတိုက်ပွဲဝင်တင့်ကို ၂၀၁၂ခုနှစ် လက်နက်ပြပွဲတစ်ခုအတွင်းမှာ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီးတော့ အင်ဂျင်ပါဝါကို မြင်းကောင်ရေအား ၈၀၀အထိတိုးပေးထားပြီး လက်နက်ထိန်းချုပ်ရေးစနစ်များအပြင် ရန်သူ့တည်နေရာကို အလိုလျောက်ရှာဖွေပေးနိုင်သည့် စနစ်သစ်များလည်း ပါဝင်လာပါတယ်...။အထူးသတိထားရမယ့်အချက်ကတော့ VT-2 တင့်ကို ပေါ့ပါးတဲ့တင့်ဖြစ်မယ်လို့ သတ်မှတ်ထားကြတာပါ...။ ဒါပင်မယ့်လို့ ဘယ်လိုပဲအဆင့်မြှင့်တင်ထား ပါစေ... တရုပ်တပ်မတော်သုံး ပုံစံ-၉၆ဂျီရဲ့ မူလမူရင်းကို မမှီနိုင်ဘူးလို့လည်း သံချပ်ကာနှင့်တင့်အကြောင်း လေ့လာသူများက မှတ်ချက်ပြုထားပါတယ်....။ 
အဆင့်မြှင့်တင်မှု ပြုလုပ်ထားသည့် VT-2 ပင်မတိုက်ပွဲဝင်တင့်ကား နမူနာပြသထားစဉ်
မြန်မာ့တပ်မတော်ရဲ့ လက်ရှိအသုံးပြုနေတဲ့ MBT-2000 ပင်မတိုက်ပွဲဝင်တင့်ဟာ ဆိုရင်လည်း ပုံစံ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကို အခြေခံကာ အဆင့်မြှင့်တင်မှုပြုလုပ်ပြီး ရရှိလာတဲ့ မျိုးဆက်သစ်တင့်တစ်မျိုးဖြစ်ပါတယ်...။ အထက်ပါအချက်လက်များကို လေ့လာကြည့်မယ်ဆိုရင်တော့ တပ်မတော်အနေနှင့် လက်ရှိအသုံးပြုနေတဲ့ အင်ဂျင်ပါဝါ ၁၂၀၀ရှိတဲ့ အမ်ဘီတီ-၂၀၀၀ ထက်ပင် စွမ်းဆောင်ရည်နည်းတဲ့ တင့်တစ်စီးကို ဝယ်ယူဖို့ဆိုတာ ဘယ်လိုမှဖြစ်လာစရာ မရှိပါဘူး...။ အဲ့တော့ ဘယ်တင့်အမျိုးစား ဖြစ်နိုင်ပါဦးမလည်း... ကျွှန်တော်ဆက်လက်လေ့လာမိသလောက်ကနေ တွေ့ရှိထားတာကတော့ MBT-3000 လို့သတ်မှတ်ထားတဲ့ တင့်တစ်စီးဘဲဖြစ်ပါတယ်....။ MBT-3000 တင့်အနေဖြင့် တည်ဆောက်ဆဲကာလဖြစ်ကာ ၂၀၁၄ခုနှစ်တွင်မှ တရုပ်တပ်မတော်အနေဖြင့် စတင်လက်ခံရရှိမယ့် တင့်ဖြစ်ပါတယ်...။ တရုပ်တပ်မတော်အနေနှင့် ၂၀၁၄မှ ရမယ့် တင့်ကို တပ်မတော်ကို ရောင်းပါ့မလားလို့ စဉ်းစားစရာရှိပါတယ်...။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်အနေဖြင့် ဝယ်ယူမယ်ဆိုပါက သေချာပေါက်ရောင်းချပေးနိုင်တဲ့ အခြေအနေရှိပါတယ်...။ အရင်ကလည်း ပုံစံ-၉၀နှင့်၉၂ သံချပ်ကာယာဉ်တွေကို တရုပ်တပ်နှင့်အတူ အသုံးပြုတဲ့ခုနှစ်အတူ မြန်မာ့တပ်မတော်မှာလည်း အသုံးပြုနိုင်ခဲ့ပါတယ်...။ MBT-2000 ပင်မတိုက်ပွဲဝင်တင့်များကိုလည်း နိုင်ငံတကာမှ ပထမဆုံးအသုံးပြုတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်...။ ဒါကြောင့် MBT-3000 ကိုလည်း တပ်မတော်အနေဖြင့် လိုအပ်လာပါက နော်ရင်ကိုအနေဖြင့် ရောင်းချပေးသွားမယ်ဆိုတာ ယုံမှားစရာမရှိပါဘူး....။

အထက်ပါနှိုင်းယှဉ်မှုများအပြီးမှာတော့ သတင်းထဲမှာဖော်ပြထားချက်များအရ Norinco Company ကို သွားရောက်ခဲ့တာတွေကို ဆက်စပ်တွေးကြည့်မယ်ဆိုရင်တော့ တပ်မတော်ရဲ့ မျိုးဆက်သစ် တင့်အကြောင်းကို ကြိုတင်ရင်ခုန်လို့ ရနေပြီလို့ ဆိုနိုင်ပါတယ်....။ အထက်ပါဖော်ပြထားတဲ့ တင့်များဟာဆိုရင် ကမ္ဘာ့အဆင်မှီ ပင်မတိုက်ပွဲဝင်တင့်များဖြစ်ပြီးတော့ ကာလတန်ဖိုးနှင့်လည်း တွက်ခြေကိုက်တဲ့ အတွက် တပ်မတော်အနေဖြင့် တင့်ကားများ ထပ်မံဖြည့်တင်းမယ်ဆိုပါက ဝယ်ယူသင့်တဲ့ တင့်အမျိုးအစားတွေပါ...။
Type-96 ပင်မတိုက်ပွဲဝင်တင့်ကားများ စစ်ရေးလေ့ကျင့်မှု

 ကျွှန်တော်တစ်ဦးတည်းရဲ့ အမြင်ပြောရမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်အနေဖြင့် တင့်မျိုးဆက်တစ်ခုတက်လှမ်းဖို့ ကြိုးစားလာမယ်ဆိုရင်တော့ တရုပ်တပ်မတော်ထုတ် MBT-2000 တင့်များကို ကျွှမ်းကျွှမ်းကျင်ကျင် ကိုင်တွယ်နိုင်စွမ်းရရှိထားပြီးဖြစ်ပြီ အားနည်းချက်၊အားသားချက်များကို သိရှိထားပြီးဖြစ်ရာ တရုပ်တပ်မတော်၏ MBT-3000 တင့်သာလျင တပ်မတော်တင့်ကားတပ်ဖွဲ့များရဲ့  ဖြစ်လာနိုင်ဖွယ်ရှိ့သည့်တင့်အဖြစ် သုံးသပ်မိပါတော့တယ်ခင်ဗျာ...။
 (ကျွှန်တော်ရဲ့ အားနည်းချက်များကြောင့် အချက်လက်များ မှားယွင်းစွာဖော်ပြခဲ့မှုရှိပါက 
ဝင်ရောက် ထောက်ပြပေးသွားကြပါခင်ဗျာ...။ အားလုံးကို လေးစားလျှက် ကိုmm)