တရုတ်လို
YJ62 လို့ခေါ်ကြတဲ့ သည်ဒုံးပျံတွေဟာ အမေရိကန်ရဲ့ RGM109 တိုမာဟော့နဲ့ အလွန်ဆင်တူတဲ့
ပုံတူဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ အသံအောက်အမြန်နှုန်း (၀.၆) ပင်လယ်ရေမျက်နှာပြင်နဲ့ လိုက်လျောညိထွေပျံသန်း
တိုက်ခိုက်နိုင်တဲ့ တာလတ်ပစ် ခရုစ်ဒုံးပျံအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ရေယာဉ်များနဲ့
ကမ်းရိုးတမ်းကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေက အသုံးပြုကြပါတယ်။
၂၀၀၅ခုနှစ်မှာ
ထုတ်ဖေါ်ပြသခဲ့တဲ့ မူလ YJ62 ဟာ ကီလိုဂရမ်၂၀၀ အလေးချိန်ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ၄၀၀ကီလိုမီတာ(ရေမိုင်၂၂၀) အကွာအဝေးထိပစ်ခတ်နိုင်ပါတယ်။ ပိုမိုတိကျစေဖို့ ရေဒါတွေ၊ စနစ်တွေ အဆင့်မြင့်တင်လိုက်တဲ့
C602 မှာတော့ ကီလိုဂရမ်၃၀၀ အလေးချိန်ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ၂၈၀ကီလိုမီတာ (ရေမိုင်၁၇၀)
ထိပစ်ခတ်နိုင်ပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့တွေ အသုံးပြုတဲ့ CM602 ကတော့ ၄၈၀ကီလိုဂရမ်အလေးချိန်ရှိ
ထိပ်ဖူးကိုသယ်ဆောင်နိုင်ကာ ကီလိုမီတာ၂၅၀အထက် ရေမိုင်၁၅၀နဲ့အထက် ပစ်ခတ်နိုင်ပါတယ်။
GPS လမ်းညွှန်စနစ်နဲ့ ပစ်ခတ်နိုင်ပြီး ရေပြင်အထက် ၃၀မီတာကနေပျံသန်းကာ တိုက်ခိုက်တဲ့အခါမှာတော့
ဒုံးပျံမှာပါတဲ့ ရေဒါဟာ အကွာအဝေး ၄၀ကီလိုမီတာ မြင်ထောင့် ၄၀ဒီဂရီအတွင်းရှာဖွေပြီး ရေပြင်အထက်
၅မီတာခန့်ကနေ ပျံသန်းဝင်ရောက် ထိမှန်စေမှာဖြစ်ပါတယ်။
၂၀၀၉ခုနှစ်မှာတော့
တရုတ်ဟာ နည်းပညာမြင့် ဒုံးစနစ်တွေကို ထပ်မံပိုင်ဆိုင်လာပါတော့တယ်။ C602 ထက်သာလွန်တဲ့
ခရုစ်နည်းပညာကို CJ10 ဒုံးပျံတွေမှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ P800, အိန္ဒိယရဲ့
PJ10 brahmos တွေကို ဈေးကွက်အရရော အင်အားအရပါတန်ပြန်ဖို့အတွက် C602လိုဒုံးပျံတွေကို
ရောင်းချဖို့စတင်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက C602 ဒုံးပျံ ၁၂၀ထိဝယ်ယူထားတယ်လို့ ဆိုကြပါတယ်။
စတင်ရောင်းချခဲ့တဲ့ အမျိုးအစားတွေမှာတော့ GPS လမ်းညွှန်စနစ်ဟာ အားနည်းနေဆဲ ဖြစ်တယ်လို့
ဆိုကြပေမယ့် နောက်ပိုင်းမှာ ကမ်းရိုးတမ်းကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေကို ပိုင်ဆိုင်ဖို့
ပြင်ဆင်ကြတဲ့ တပ်မတော်တိုင်းရဲ့ သဘောကျစရာ နည်းပညာ၊ တာဝေးနဲ့ ရေပြင်ပျံသန်းမှု၊ စတာတွေကြောင့်
CM 602 တွေဟာ မျက်နှာပန်းလှလာပါတယ်။ သင်္ဘောဖျက်သာမက တိုက်ခိုက်ရေး ခရုစ်ဒုံးပျံအနေနဲ့
အသုံးပြုနိုင်လောက်တဲ့ ကီလိုဂရမ်၅၀၀နီးပါး ထိပ်ဖူးဟာ သံချပ်ကာဖေါက်သာမက ဖျက်အားပြင်းထိပ်ဖူးအနေနဲ့ပါ
အသုံးတော်ခံလာပါတယ်။ ရေဒါလမ်းညွှန်စနစ်တွေ အဆင့်မြင့်တာ အပါအဝင် နောက်ဆုံးကီလိုမီတာ
၄၀အကွာအတွင်း ဒုံးပျံရဲ့လမ်းကြောင်းကိုပါ အဝေးကနေ ထိမ်းချုပ်လာနိုင်စေပါတယ်။
တရုတ်ဟာ
CJ10 လိုဒုံးစနစ်တွေပိုင်ဆိုင်လာတဲ့အခါ မြေပြင်တိုက်ခိုက်ရေးအတွက် C602 ရဲ့ အီလက်ထောနစ်စနစ်နဲ့
အာရုံခံကိရိယာတွေကို အလွယ်တကူပြောင်းလဲတပ်ဆင်နိုင်ဖို့ပါ တပါတည်း ဖြစ်လာတာကြောင့် C602
တွေဟာ တိုမာဟော့ဒုံးပျံတွေနီးပါး အစွမ်းထက်လာတဲ့ ပုံတူပွား ဒုံးပျံအမျိုးအစားဖြစ်လာပါတော့တယ်။
ကျန်းမာချမ်းသာကြပါစေ။