Friday, September 23, 2016

WZ131 chassis သုံးမိုင်းရှင်းယာဉ်


WZ131 ဆိုတာ အနည်းငယ်စိမ်းနေကြပါလိမ့်မယ်။ Type62 တင့် chassis ဆို အလွယ်သိကြမယ် ထင်ပါတယ်။
Type 62


တရုတ်ပြည်သူ့တပ်မတော်ဟာ ၁၉၅၉ ခုနှစ်မှာ Type59 ဆိုတဲ့ မူပိုင်တင့်ထုတ်လုပ်ရေး စက်မှု စနစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ တူညီသော စနစ်အခြေခံအရ ဒီဇိုင်းတွေကို နာမည်ပေးရာမှာ ထုတ်လုပ်နိုင်တဲ့ ခုနှစ်ကို ပေးလေ့ရှိတာမို့ ဆိုဗီယက်စက်မှုရဲ့ ၁၉၅၄ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ T54/55 ပုံစံ တင့်တွေကို ၄နှစ်အကြာမှာ တရုတ်က အမြောက်အမြား တရားဝင် ထုတ်လုပ်နိုင်ခဲ့တာ မြင်သာလွန်းလှပါတယ်။ 
GSL 130 မိုင်းရှင်းယာဉ်

ဒါပေမယ့် တရုတ်တပ်မတော် ပိုင်ဆိုင်တဲ့ ပုံစံ၅၉ တွေဟာ တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အိမ်နည်းချင်း နယ်စပ်တွေကို နေရာချထားရာမှာ တောင်တန်းနဲ့ မြေနုလွင်ပြင်နဲ့ တောတောင် ထူထပ်ရာဒေသတွေ ဖြစ်တာမို့ အံဝင်ခွင်ကျ မဖြစ်လှပါဘူး။
ဒါ့ကြောင့် တရုတ်တပ်မတော်ရဲ့ စက်မှုယူနစ် နံပတ် ၆၇၄ (Harbin First Machinery Building Group Ltd လို့သိရှိနိုင်) ကို ပုံစံတူ ပိုမိုပေါ့ပါးတဲ့ တင့်အမျိုးစား တစ်မျိုး ထုတ်လုပ်ဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲသည်ကနေ ပုံစံ၆၂ အပေါ့စား တင့်တွေ ပေါ်ထွက်လာခဲ့ပါတယ်။
လက်ဘနွန်ရှိ UN သုံး GSL130

ပုံစံ၆၂ တင့်တွေဟာ တရုတ်-ဗီယက်နမ် စစ်ပွဲမှာ ဗီယက်နမ်တွေ ဘယ်လိုမှ မျှော်လင့်မထားတဲ့ နယ်စပ် တောင်တန်းတွေပေါ်ကနေ ပေါ်ထွက်လာခဲ့တဲ့ တင့်တွေ ဖြစ်ပါတယ်။ အခြားထင်ရှားတဲ့ တင့်အမျိုးအစားကတော့ ပုံစံ၆၃ ကုန်းရေ ၂သွယ်သွားတင့်တွေ ဖြစ်ပါတယ်။ 
 
Type63 ကုန်းရေနှစ်သွယ်သွားတင့်


၁၉၇၀ မတိုင်ခင်က ဗီယက်နမ် ကိုယ်တိုင်နဲ့ ဗီယက်နမ်ဘက်က စစ်ကူပေးတဲ့ တရုတ်တပ်တွေရဲ့ အဓိက တင့်ကား အမျိုးအစားလဲ ဖြစ်ပါတယ်။ တရုတ်တပ်မတော်ဟာ ပုံစံ၆၂ တင့်တွေကို ပုံစံ၆၂အေ အဖြစ် အဆင့်မြင့်ပြီး ဗီယက်နမ်ကို ကျူးကျော်ရာမှာ သုံးခဲ့ပေမယ့် သံချပ်ကာ အားနည်းမှုကြောင့် ဆိုဗီယက်လုပ် အာပီဂျီ၇ ရဲ့ ဒဏ်ကို မခံနိုင်ပဲ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ အဆင့်မြင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီး ပုံစံ၇၀လို့ အမည်ပေးခဲ့ပေမယ့် ခေါ်ဝေါ်သုံးဆွဲသူ မရှိပါဘူး။ ယခုအချိန်မှာတော့ လေ့ကျင့်ရေး တင့်အဖြစ်သာ တရုတ်ပြည်သူ့တပ်မတော်က အသုံးပြုပါတော့တယ်။

ပုံစံ၆၂ တင့်ကားရဲ့ ပေါ့ပါးမှု မောင်းနှင်ရ လွယ်ကူရိုးရှင်းမှု မြေပြင်အနေအထားအမျိုးမျိုးအပေါ် ပြောင်းလွယ်ပြင်လွယ်နိုင်မှုတို့ကြောင့် စစ်မြေပြင်သုံး အင်ဂျင်နီယာ တင့်များ၊ မိုင်းရှင်းယာဉ်များ အဖြစ် ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။ ၁၉၈၀ နှစ်လွန်များမှာ ပုံစံ၆၃ ကုန်းရေ၂သွယ်သွားတင့်၊ GJT211 စစ်မြေပြင်အင်ဂျင်နီယာတင့်နဲ့ GSL130 မိုင်းရှင်းတင့် အမျိုးအစားတွေဟာ ဈေးနုန်းသက်သာမှုနဲ့ ရိုးရှင်းလွယ်ကူမှုတွေကြောင့် UN အပါအဝင် ကမ္ဘာ့တတိယနိုင်ငံများက ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။

UN ကဝယ်ယူအသုံးပြုပြီး လက်ဘနွန်မှာ မိုင်းရှင်းတာဝန်များကြား ထင်ရှားခဲ့တာကတော့ GSL130 မိုင်းရှင်းယာဉ်များ ဖြစ်ပါတယ်။ ပုံ၇၉ အဖြစ် ထုတ်လုပ်ခဲ့တဲ့ စစ်မြေပြင် အင်ဂျင်နီယာ တင့်ကို အခြေခံပြီး မိုင်းရှင်းယာဉ်များ အဖြစ် ထပ်မံထုတ်လုပ်ခဲ့ရာမှာ ၁၉၈၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာမို့ ပုံစံ၈၂ အဖြစ်သတ်မှတ်သော်လည်း GSL130 အဖြစ်သာ အသိများကြပါတယ်။

၂၅တန်သာ ရှိတဲ့ အပေါ့စား တင့်ကို ယာဉ်အဖွဲ့သား ၄ဦး နဲ့ မောင်းနှင်ပြီး တောတောင်ထူထပ်ရာတွေ၊ အနိမ့်အမြင့်အတိမ်းအစောင်း များရာတွေ၊ မြေအနေအထား အမျိုးမျိုးမှာ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
အဓိက အားဖြင့် GDB127 အမျိုးအစား မိုင်းရှင်း ယမ်းကြိုးပစ် လက်နှက်ကို သယ်ဆောင်ထားပါတယ်။ အဆိုပါ မိုင်းရှင်းယမ်းကြိုးဟာ မီတာ ၁၅၀ထိ ပစ်လွှတ်နိုင်ပြီး ဖေါက်ခွဲမိုင်းရှင်းခြင်းဖြင့် အကျယ် ၅မီတာ အရှည် မီတာ ၁၀၀ရှိ မိုင်းရှင်းလမ်းကို ခဏအတွင်းဖေါ်ဆောင်ပေးနိုင်ပါတယ်။ ပြန်လည်ပြင်ဆင်ချိန် ၁၅မိနစ်ကနေ အကြာဆုံး နာရီဝက်သာ လိုပါတယ်။

ဒါ့အပြင် ယာဉ်ရဲ့ရှေ့မှာ မိုင်းရှင်း ထယ်သွား (mine plow) ကို တပ်ဆင်ပြီး သာမာန် လူသတ်မိုင်းများ၊ နင်းမိုင်းများ၊ တိုက်မိုင်းများ၊ IED များကို ရှင်းလင်းပေးနိုင်ပါတယ်။
မိုင်းကွင်း အတားအဆီးကဲ့သို့ နေရာတွေကို ဖြတ်ကျော်ရာမှာတော့ မိုင်းရှင်းဘီး (mine rollers) များကို အသုံးပြုပြီး သာမန် တင့်ဖျက်နဲ့ သံလိုက်မိုင်းများ အပါအဝင် မိုင်းအမျိုးမျိုးကို ကြိုတင်ဖေါက်ခွဲ ရှင်းလင်းပေးနိုင်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။  
မိုင်းရှင်းယမ်းကြိုး ပစ်လွှတ် နေစဉ်

2 comments:

  1. အခုမှပဲ ပေါ်လာတော့တယ်

    ReplyDelete
  2. Please share and want to know update army tools and news.

    ReplyDelete