Sunday, December 1, 2019

တိုက်လေယာဉ်ရွေးချယ်ဝယ်ယူခြင်းအတွက်ယေဘူယျလေ့လာစမ်းစစ်သင့်သည်များ


မကြာသေးမီက ယူကရိန်းအခြေစိုက် Defence Blog မှ တင်ပြခဲ့တဲ့ ဘီလာရုစ်လေတပ်အတွက် ရုရှားနိုင်ငံထုတ် Su-30SM တိုက်လေယာဉ်များ ဝယ်ယူခဲ့ခြင်းအပေါ် ဘီလာရုစ် defence blogger များအဖွဲ့ခေါင်းဆောင်က ဝေဖန်ခဲ့တဲ့ကိစ္စကို သတိပြုမိလိုက်ကြပါလိမ့်မယ်..
ဘီလာရုစ်လေတပ် SU-30 SM 
၎င်းတို့အဖွဲ့ဟာ ကုန်ကျစားရိတ်များပြားလွန်းတဲ့ ရုရှားထုတ် Su-30SM များအစား စားရိတ်သက်သာတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များကို ဝယ်ယူသင့်တယ်လို့ ဝေဖန်ရေးသားခဲ့တာဖြစ်ပြီး Su-30SM တိုက်လေယာဉ်တစ်စီးရဲ့ ၃၅ နှစ်တာ သက်တမ်းတစ်ခုအတွင်း အဆိုပါလေယာဉ်ရဲ့ မူလ တစ်စီးချင်းဈေးနှုန်းရဲ့ နှစ်ဆမှ နှစ်ဆခွဲခန့်ကုန်ကျနိုင်တယ်လို့ ဇောင်းပေးရေးသားထားကြတာကိုတွေ့ရပါတယ်။
ဆောင်းပါးအရ Su-30SM တိုက်လေယာဉ်များဟာ တစ်စီးချင်းဈေးနှုန်း ဒေါ်လာ သန်း ၅၀ ခန့်ရှိနိုင်ပြီး သက်တမ်း (၃၅)နှစ်အတွင်း ၎င်းလေယာဉ်တစ်စီးရဲ့ ကုန်ကျစားရိတ်ဟာ ဒေါ်လာ (၁၈၅)သိန်းကနေ သန်း (၂၁၀)ကြားရှိနိုင်တယ်လို့ဆိုပါတယ်. ဒါ့ကြောင့် Su-30SM (၁၂)စီးတစ်အုပ်ရဲ့ (၃၅)နှစ်တာကုန်ကျစားရိတ်ဟာ ဒေါ်လာ (၂.၂၂)ဘီလျံကနေ (၂.၅၂)ဘီလျံကုန်ကျမှာဖြစ်တယ်လို့ဆိုပါတယ်. အင်ဂျင်ဟာလည်း Su-30SM များဟာ သက်တမ်းအတွင်း (၃)စုံလဲလှယ်ရမှာဖြစ်ပြီး F-16 ကတော့တစ်လုံးတည်းကိုသာ ဆက်တိုက်သုံးနိုင်တယ်လို့ဆိုပါတယ်. (အဲဒီအချက်ဟာ အလုံးစုံမမှန်ကန်ပဲ ပုံမှန်အားဖြင့် လေယာဉ်အုပ်အလိုက် အချိုးကျ အရံအင်ဂျင်များ ဆောင်ထားရပါတယ်) ဆီစားသက်သာတာကတော့ မပါမဖြစ်ပေါ့လေ. သူတို့ရဲ့ ဥပမာပေးမှုမှာ ဒေသတွင်း ပိုလန်နိုင်ငံရဲ့ ရုရှားထုတ် တိုက်လေယာဉ်များအစား အမေရိကန်ထုတ် F-16 Block 52+ များကို အစားထိုးသုံးစွဲနေမှုကို စံပြုထားတာလည်းတွေ့ရပါတယ်။


F-16


တိုက်လေယာဉ်တစ်စီးဝယ်ယူရာမှာ အခြေခံအားဖြင့်
☑️ မိမိနိုင်ငံ၏လေပိုင်နက်အကျယ်အဝန်း
☑️ လေယာဉ်ကွင်းများနှင့်အခြေခံအဆောက်အဦအခြေအနေ
☑️ ဘဏ္ဍာရေးအခြေအနေ
☑️ မဟာဗျူဟာနှင့်လေကြောင်းကာကွယ်ရေးကျောရိုး
☑️ ပြည်ပနိုင်ငံများမှ လေကြောင်းဆိုင်ရာအန္တရာယ်
☑️ ပြည်တွင်းရန်စွယ်အခြေအနေ
စသည့်အချက်အလက်များအပြင်
 ပြည်ပဆက်ဆံရေးအခြေအနေ
 အိမ်နီးချင်းနယ်စပ်ဒေသအခြေအနေ
စသဖြင့် အချက်အလက်များစွာကို ထောက်ချင့်တွက်ချက်ကာ ဝယ်ယူရမှာဖြစ်တယ်...
🔰 ပထမဆုံးအနေနဲ့ ဘီလာရုစ်ဘလော့ဂါတို့ ဇောင်းပေးဝေဖန်ခဲ့တဲ့ကုန်ကျစားရိတ်ကို ဝေဖန်ပြရမည်ဆိုလျှင် အဆိုပါတိုက်လေယာဉ်နှစ်စီးရဲ့ မတူညီတဲ့ စွမ်းဆောင်မှုကဏ္ဍကို မီးမောင်းထိုးပြရမှာဖြစ်ပါတယ်..
F-16 တိုက်လေယာဉ်များဟာ အင်ဂျင်တစ်လုံးတပ် Light Multi Role Combat Aircraft - LMRCA အပေါ့စားဘက်စုံသုံးတိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး F-15C Air Superiority Fighter နှင့် F-15E Strike Fighterများကို နောက်ခံကျောရိုးပြုကာ လှုပ်ရှားရသည့်အမျိုးအစားဖြစ်ကာ လေပိုင်နက်ကျဉ်းမြောင်းသော နိုင်ငံငယ်များတွင်မူ စားရိတ်သက်သက်သာသာနဲ့ ဘက်စုံအသုံးချနိုင်အောင်ကျောရိုးပြုသုံးနေကြတာကို တွေ့ရပါတယ်.
Su-30 တိုက်လေယာဉ်များဟာဆိုရင်တော့ အင်ဂျင်နှစ်လုံးတပ် Heavy Multi Role Combat Aircraft အမျိုးအစားဖြစ်ပြီး အနောက်နိုင်ငံလုပ်ထဲကဆိုရင်တော့ F-15E တိုက်လေယာဉ်နဲ့ အမျိုးတူတယ်လို့ နှိုင်းယှဉ်နိုင်ပါတယ်.
သဘောသဘာဝအရ Su-30 ဟာ ခရီးရှည်ထိုးဖောက်ချီတက်ဖို့နဲ့ လေထဲမှာကြာကြာနေပြီး လေကြောင်းစိုးမိုးရေးလုပ်ဆောင်ရန်ဖြစ်တာကြောင့် သယ်ဆောင်ဖို့ လေယာဉ်အရွယ်အစားကြီးမားပြီး အင်ဂျင်ကလည်း နှစ်လုံးတပ်ဆင်ထားရပါတယ်.

F-15E 

F-16 ကတော့ ပေါ့ပါးစွာလှုပ်ရှားစစ်ကစားဖို့နဲ့ သတ်မှတ်စစ်ဆင်ရေးတစ်ခုအတွက် ခရီးတိုချီတက်စစ်ဆင်ရန်ဖြစ်တာကြောင့် အင်ဂျင်တစ်လုံးသာပါပြီး လက်နက်ပမာဏလည်း အနည်းငယ်သာသယ်ဆောင်နိုင်ပါတယ်.
F-16 နဲ့ Su-30 တို့ဟာ မျိုးမတူတာနဲ့အမျှ ရေဒါတပ်ဆင်မှု စွမ်းအင်သုံးစွဲမှုကလည်းကွာခြားပါတယ်. အရွယ်အစားချင်းလည်းကွာခြားသလို အင်ဂျင်တွန်းကန်အားလည်းကွာခြားတာကြောင့် ဆီစားနှူန်းလည်းကွာခြားပါတယ်. ဒါဟာ သာမန်အကြမ်းတွေးကြည့်ရင်တောင် သိနိုင်တဲ့အရာတွေပါ.
ပြန်ရတဲ့ capacity ချင်းကြည့်ရင်လည်း ဝေဟင်ဆီဖြည့်မှုအထောက်အပံ့သာမပါခဲ့ရင် F-16 တိုက်လေယာဉ် အနည်းဆုံး နှစ်သုတ်တက်မှ ကာကွယ်နိုင်တဲ့အချိန်နဲ့ အကွာအဝေးအတိုင်းအတာကို Su-30 က တစ်ကြိမ်ပျံတက်ရုံမျှနဲ့ ထိန်းထားနိုင်ပါတယ်. ရေဒါထောက်ထားနိုင်တဲ့အကွာအဝေးကလည်း တစ်ဆကျော်လောက်ကွာတဲ့အတွက် ကာကွယ်နိုင်မှု အဝန်းအဝိုင်းလည်း ကျယ်ပြန့်ပါတယ်.
🔰 သို့သော်....
မိမိနိုင်ငံရဲ့အကျယ်အဝန်းအနေအထား ပတ်ဝန်းကျင်အန္တရာယ်များအရ ခရီးဝေးစစ်ဆင်ဖို့လိုနေလား မလိုလားဆိုတာပေါ်မူတည်ပြီး Su-30 လား. F-16 လားဆိုတာကိုရွေးချယ်ရမှာဖြစ်ပြီး ကိုယ့်လေတပ်က ဒီကုန်ကျစားရိတ်ကို ရေရှည်ခံနိုင်ရည်ရှိရဲ့လား. ကိုယ့်လေယာဉ်တွေ 99% availability ဖြစ်နေအောင် ထောက်ပံ့မှုလုပ်နိုင်လားဆိုတာလည်း ထည့်တွက်ရမယ်.
🔰 ပြီးတော့ နိုင်ငံတကာဆက်ဆံရေး.
ပိုလန်ဟာ စစ်အေးခေတ်မှာ အရှေ့အုပ်စုရဲ့အဖွဲ့ဝင်ကြီးဖြစ်ပေမယ့် စစ်ပြီးခေတ်မှာ EU ရော NATO ထဲရော ခြေစုံပစ်ဝင်ခွင့်ရသွားတဲ့နိုင်ငံ. ရုရှားနဲ့အနီးစပ်ဆုံးဒေသက မဟာဗျူဟာမြောက်အိမ်နီးချင်းတစ်နိုင်ငံကို NATO တပ်တွေ တပ်ဖြန့်ဖို့အထိ သိမ်းသွင်းထားတာမို့ ရုရှားထုတ် MiG-29 တွေနဲ့ကျောရိုးယူထားတဲ့လေတပ်ကို western ပုံစံပြောင်းနိုင်ဖို့ F-16 ရဲ့အဆင့်မြင့်မျိုးဆက်တစ်ခုကို အစားထိုးပေးဖို့ အမေရိကန်က စိတ်လိုလက်ရကိုလုပ်ဆောင်ပေးခဲ့တာပေါ့.. ပိုလန်အနောက်ယိမ်းသွားချိန်ဟာလည်း ဝါဆောအုပ်စုပြိုကွဲပြီး ဆိုဗီယက်ပျက်သုန်းတပ်ပျက်ချိန်မို့ နိုင်ငံရေးဖိအားကလည်း သိပ်မရှိခဲ့ဘူး...
ဘီလာရုစ်ကြတော့ ရုရှားနဲ့နှစ်ပြည့်တစ်ပြည်လို့တောင် ပြောလို့ရတဲ့နိုင်ငံ. ရုရှားထုတ်လေယာဉ်တွေကို Overhaul လုပ်တာကစပြီး ထပ်ဆောင်းအဆင့်မြှင့်တာ လက်နက်တပ်ဆင်တာကအစ လုပ်ပေးနေတဲ့နိုင်ငံ. ရုရှားအတွက်သူ့ရဲ့ခွဲထွက်နိုင်ငံတွေထဲမှာ အရေးအပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တာမို့ သူ့အတွက် F-16 ကို အမေရိကန်ကရောင်းပေးရင်တောင် ဝယ်လို့မရဘူး. ရုရှားထုတ်အစား အမေရိကန်ထုတ်ကိုသာ ရွေးချယ်မိရင် ဖြစ်လာမယ့်နိုင်ငံရေးဖိအားက သေးလိမ့်မှာမဟုတ်ဘူးဆိုတာ သိသာပါတယ်..

မြန်မာ့  SU-30SM

🔰ပြီးတော့ အမေရိကန်ရဲ့ စစ်လက်နက်ဈေးနှုန်း......
အခြေခံနှိုင်းယှဉ်ကြည့်ရင်တောင် ရုရှားထုတ် Su-30SM လို Striker Fighter က သန်း(၅၀)ဝန်းကျင်နဲ့ရနေချိန်မှာ အမေရိကန်ထုတ် F-16 Block 52 လို Light Fighter တစ်စီးဟာ ဒေါ်လာ (၆၅)သန်းကနေ သန်း(၇၀)ကြား ဈေးရှိတယ်. အပိုပစ္စည်းဈေးကလည်း ခေါင်ခိုက်ပြီး လေယာဉ်တစ်စီးကို အပို (၁၀)သန်းလောက်ထပ်ဆောင်းပေးရတယ်...
🔰နောက်တစ်ချက် အမေရိကန်ရဲ့စစ်လက်နက်ရေးရာမူဝါဒ ....
သူ့ရဲ့လက်နက်ရောင်းချတဲ့မူဝါဒက စီးပွားရေး၊ နိုင်ငံရေးနဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး သူမလိုရင် မလိုသလို အတိုးအလျော့လုပ်တတ်တာက ဝယ်သူအတွက်စိတ်မအေးဖြစ်ရတဲ့အချက်တစ်ခုဖြစ်စေတယ်...
လတ်တလော ဖြစ်ရပ်တွေကိုကြည့်ရင် ပါကစ္စတန်ကို F-16 အပိုပစ္စည်းတွေ ရောင်းမပေးလို့ ဒုက္ခပင်လယ်ဝေခဲ့ရတာတွေ... ငွေလုံးငွေရင်းစိုက်ထုတ်ထားတဲ့ တူရကီကို F-35 မပေးတော့တဲ့ကိစ္စ.. အစ္စရေးလို အရမ်းရင်းတဲ့နိုင်ငံက သူ့နိုင်ငံသုံးပြီးသား F-16 အဟောင်းတွေကို ခရိုအေးရှားကိုရောင်းမယ့်ဟာတောင် သူမရောင်းရမှာစိုးလို့ မဟားတရားတွေလိုက်တားတာတွေက သက်သေပဲ... နောက်ပိုင်း ယိုးဒယားက အရှေ့ဘက်ခြမ်းနိုင်ငံတွေရဲ့လက်နက်ကို ပြောင်းဝယ်လာတာတွေက အဲဒီမူဝါဒတွေကို မခံနိုင်လို့ရွေ့လာတာလို့ယူဆလို့ရပါတယ်...
အဆိုပါအချက်အလက်များကို ထောက်ချင့်ခြင်းအားဖြင့် ဘီလာရုစ်ဟာ Su-30SM နဲ့ F-16 ကြား မည်ကဲ့သို့မျှ ရွေးချယ်ခွင့်ရှိနိုင်မှာမဟုတ်တာကြောင့် ဘီလာရုစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်းက မည်ကဲ့သို့မျှအကြောင်းညီညွတ်မှုမရှိကြောင်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်...
ကျွန်ုပ်၏ လေတပ်အတွက်တိုက်လေယာဉ်ရွေးချယ်မှုနှင့် မဟာဗျူဟာအပေါ်သက်ရောက်မှုစာတမ်းမှကောက်နှုတ်ချက်အချို့နှင့်တွဲဖက်ဖော်ပြလိုက်သည်...

3 comments: