Sunday, December 22, 2013

PCC 772 နစ်မြုပ်ခြင်း












   ၂၀၁၀ခုနှစ် မတ်လ၂၆ရက် သောကြာည ကိုရီးယားစံတော်ချိန် ၉နာရီ၂၂မိနစ်မှာ ပင်လယ်ဝါထဲက တောင်-မြောက် ၂နိုင်ငံ ရေပိုင်နက်စပ်အနီး တောင်ကိုရီးယားပိုင် Baengnyeong ကျွန်းနဲ့ ရေမိုင်၁မိုင်ခန့်အကွာမှာ ကင်းလှည့်နေတဲ့ တောင်ကိုရီးယား ရေတပ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကော်ဗတ်အမျိုးအစား စစ်ရေယာဉ် ချောင်နန် Cheonan အနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်အကြာ ည၉နာရီခွဲမှာတော့ နစ်မြုပ်သွားခဲ့ပါတော့တယ်။ လိုက်ပါသွားတဲ့ သင်္ဘောသား၁၀၄ဦးထဲက ၄၆ဦး အသက်ဆုံးခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ သူ့လက်ချက်မဟုတ်ဘူးလို့ လျင်လျင်မြန်မြန်ငြင်းဆိုလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းကူညီမယ်လို့ ကမ်းလှမ်းပါတယ်။ နိုင်ငံတကာက ကျွမ်းကျင်သူတွေနဲ့ စုံစမ်းစစ်ဆေးကြအပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက လက်သည်မပေါ်တဲ့ တိုက်ခိုက်မှုလို့ ဆုံးဖြတ်ပါတယ်။ တောင်ကိုရီးယားကတော့ ဒါဟာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီတိုနဲ့ တိုက်ခိုက်တာလို့ ဆိုပြီး နောက်ပိုင်းမှာ အထောက်အထားတွေ ထုတ်ပြခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားကတော့ အထောက်အထားတွေဟာ ရေအောက်မှာ ၆လထက် မနဲကြာခဲ့တာတွေ ဖြစ်တယ်လို့ဆိုပြီး သင်္ဘောဟာ မိုင်းထိတာလို့ ဆိုပါတယ်။ မြောက်ကိုရီးယားကတော့ သူတိုက်ခိုက်တာ မဟုတ်ဘူးလို့ တောက်လျောက် ငြင်းဆိုပါတယ်။

PCC772 ချောင်နန်


ချောင်နန် သင်္ဘောဟာ ၈၈မီတာ ရှည်လျားပြီး တန်၁၂၀၀ရှိတဲ့ Pohang-class အတန်းအစား ဘက်စုံသုံး ကင်းလှည့် ကော်ဗတ်အမျိုးအစားဖြစ်ပြီး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ပူးတွဲစစ်ရေယာဉ်အဖြစ် တာဝန် ထမ်းဆောင်ပါတယ်။ AN/SQS-58 ဆိုနာစနစ်အပါအဝင် ရေဒါစနစ်တွေနဲ့ တွဲဖက်လို့  Mark46 တော်ပီတို ၆လုံး၊ Mark9 Depth charge ၁၂လုံး ပါဝင်တာကြောင့် လုံလောက်တဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နှက်စနစ်တွေ ပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သင်္ဘောသား ၁၀၄ဦး တာဝန်ထမ်းဆောင်ပြီး ၇၆မမ OTO အမြောက်၂လက်၊ ၄၀မမ ဘရက်ဒါ ၂လက် အပြင် Harpoon သင်္ဘောဖျက် ဒုံးကျည် ၄လုံး တပ်ဆင်ထားပါတယ်။ 
A-အပြာလိုင်းသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ သတ်မှတ်သော မျဉ်း
B-အနီလိုင်းသည် မြောက်ကိုရီးယားတို့က သတ်ထားသော ပိုင်နက်မျဉ်း
2-Baengnyeong ကျွန်း
3-
Daecheong ကျွန်း

လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်တုန်းကတော့ အနီးက Daecheong ကျွန်းနားကို မြောက်ကိုရီးယားရဲ့ ကင်းလှည့် ရေယာဉ်ဝင်ရောက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်ကြပြီး မြောက်ကိုရီးယားရဲ့ သင်္ဘောငယ်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ဦး သေဆုံးခဲ့ပါတယ်။ ၁၉၉၉ခုနှစ်ကလဲ အလားတူ အဖြစ်မျိုး အနီးနား ရေပိုင်နက်မှာဖြစ်ပွားခဲ့ပြီး မြောက်ကိုရီးယား သင်္ဘောနစ်မြုပ်ပြီး သင်္ဘောသား ၃၀သေဆုံးခဲ့ရဘူးပါတယ်။ ဒါ့ကြောင့် လက်စားချေ စစ်ဆင်ရေးများလား ဆိုပြီး တောင်ကိုရီးယားဘက်က သံသယကြီးမားတာဖြစ်ပါတယ်။ သို့သော်လည်း အဲဒီအချိန်က တောင်နဲ့မြောက် ပေါင်းစည်းရေး အရှိန်မြင့်တက်နေချိန်မို့ တွေးဆစရာတွေ များစွာရှိနေခဲ့တာကြောင့် စစ်မဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

မဖြစ်ပွားမီ နာရီအနည်းငယ် အလိုတုန်းက ချောင်နန် သင်္ဘောကနေ ပစ်ခတ်မှုတစ်ခု ရှိခဲ့ပေမယ့် ဒါဟာ ရေဒါပေါ်မှာ တွေ့ရတဲ့ မသင်္ကာစရာပစ်မှတ်ကိုသာ ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားက သင်္ဘော ဒါမှမဟုတ် ရေငုပ်သင်္ဘောဖြစ်တယ်လို့ အထောက်အထားလဲ မရှိသလို သူတို့လဲ မယုံကြည်ဘူးလို့ သင်္ဘောသားတွေက ဆိုပါတယ်။ မတ်လ ၂၄ရက်နေ့မှာ ပြုလုပ်တဲ့ အမေရိကန် တောင်ကိုရီးယား ဆွေးနွေးပွဲမှာတော့ မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ အကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်က သတိပေးခဲ့ပါသေးတယ်။ ဖြစ်ပွားပြီး ချက်ချင်းပဲ တောင်ကိုရီးယားဘက်က ဒါဟာ မြောက်ကိုရီးယားက တော်ပီတိုနဲ့ တိုက်ခိုက်တာလို့ ပြောခဲ့ပေမယ့် မြောက်ကိုရီးယားက သူတို့မှာ သည်လိုသင်္ဘောမျိုးကို တိုက်ခိုက်နိုင်တဲ့ အဆင့်မြင့် ရေငုပ်သင်္ဘောမရှိဘူး၊ သည်လောက် ပြင်းထန်တဲ့ တော်ပီတိုလဲ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ယခင်သိခဲ့ပြီးတဲ့ မြောက်ကိုရီးယား ရေငုပ်သင်္ဘောတွေဟာ ဆိုဗီယက်နဲ့ တရုတ်တို့ရဲ့ စစ်အေးကာလနဲ့ ဒုတိယကမ္ဘာစစ် လက်ကျန်မျိုးဆက် ရေငုပ်သင်္ဘောတွေသာ ဖြစ်ပြီး မြောက်ကိုရီးယားထုတ် ရေငုပ်သင်္ဘောငယ်တွေကလဲ ယေဘူယျအားဖြင့် တိုက်ခိုက်နိုင်ဖွယ် မရှိဘူးလို့ ယူဆဖွယ်ရာရှိပါတယ်။ 
ချောင်နန်သင်္ဘော နစ်မြုပ်သွားပုံ အဆင့်ဆင့်

ဧပရယ်လထဲမှာ နစ်မြုပ်သွားတဲ့ သင်္ဘောကို ဆယ်ယူခဲ့တဲ့အပြင် ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ စတဲ့ အနောက်နိုင်ငံက ပူးပေါင်း စုံစမ်းမှုတွေအပြင်၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံတကာက ကျွမ်းကျင်သူတွေပါ ပါဝင် ပူးပေါင်း စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ဧပရယ်လထဲမှာပဲ တောင်ကိုရီးယား၊ အမေရိကန် ပူးပေါင်းအဖွဲ့က ရေယာဉ်ကို တိုက်ရိုက်ထိမှန်တဲ့ ပေါက်ကွဲမှုမဟုတ်ပဲ ရေယာဉ်အနီးကနေ ပေါက်ကွဲတဲ့ အရှိန်ကြောင့် (bubble jet effect) ကြောင့် သင်္ဘောကျိုးပြီး နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။ မေလထဲမှာတော့ ရှာဖွေရေး အဖွဲ့တွေက ပေါက်ကွဲတဲ့ ယမ်းအမျိုးအစားဟာ TNT ထက် အဆများစွာပြင်းတဲ့ RDX အမျိုးအစား ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းဖြစ်ပြီး နစ်မြုပ်သွားတဲ့ သင်္ဘောနားမှာ တော်ပီတို နောက်မြီးတစ်ခုကိုလဲ တွေ့ရှိခဲ့ပါတယ်။ 
ပြသခဲ့သည့် တော်ပီတို အပိုင်းအဆ

မေလ၂၀ရက်နေ့မှာတော့ တောင်ကိုရီးယားက စုံစမ်းရေး အဖွဲ့တွေက အကျဉ်းချုပ် ထုတ်ပြန်မှုလုပ်ခဲ့ပြီး ချောင်နန်သင်္ဘောဟာ တော်ပီတိုကြောင့် နစ်မြုပ်ခဲ့တာဖြစ်ပြီး၊ တွေ့ရှိတဲ့ တော်ပီတို နောက်မြီးမှာ ယခင် မြောက်ကိုရီးယား တော်ပီတိုတွေကလို အမှတ်အသားတွေ့ရတယ်။ ဒါ့အပြင် တော်ပီတိုဟာ မြောက်ကိုရီးယားရဲ့ CHT-02D အမျိုးအစား တော်ပီတိုဖြစ်ပြီး ထောက်လှမ်းရေး အစီရင်ခံစာတွေအရ Yono သို့မဟုတ် Sang-O အတန်းအစား မြောက်ကိုရီးယား ရေငုပ်သင်္ဘော ၁စင်း သို့မဟုတ် ၂စင်းဟာ ပင်မထောက်ပံ့ရေး သင်္ဘောနဲ့အတူ မတ်လ၂၃ရက်နေ့မှာ စခန်းကနေ စတင်ထွက်ခွာခဲ့ပြီး မတ်လ ၂၈ရက်မှာ စခန်းကို ပြန်လည်ဝင်ရောက်ခဲ့တယ် ဆိုပါတယ်။ 
 တောင်ကိုရီးယားက ပုံဖေါ်ပြသခဲ့တဲ့ ဗွီဒီယိုပြကွက်တွေအရ မြောက်ကိုရီးယား ရေငုပ်သင်္ဘောငယ်ဟာ တောင်ကိုရီးယား ရေပိုင်နက်ထဲကို ဝင်ပြီး ချောင်နန်သင်္ဘောရဲ့ လမ်းကြောင်းကို ရေအောက် မီတာ ၄၀-၅၀လောက်ကနေ စောင့်ကြည့်နေခဲ့ပြီး သင်္ဘောလှည့်တဲ့အချိန်မှာ ရေအောက်မီတာ ၃၀၊ အကွာအဝေး ရေမိုင် ၁မိုင်ခွဲလောက်ကနေ အချိန်ကိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ဘောကို တိုက်ရိုက် ထိမှန်ပေါက်ကွဲစေတာမဟုတ်ပဲ TNT ယမ်း ၂၅၀ကီလိုဂရမ်ပေါက်ကွဲအားနဲ့ သင်္ဘောအောက် ၆မီတာကနေ ၉မီတာ လောက်မှာ ဖေါက်ခွဲပစ်ခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲတဲ့ အရှိန်နဲ့ သင်္ဘောမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ ချောင်နန်သင်္ဘောကနေ ချက်ချင်း ပြန်လည် ပစ်ခတ်မှုတွေ ပြုခဲ့သေးပေမယ့် ၅မိနစ်အတွင်းမှာပဲ ထက်ပိုင်းကျိုးနစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားပြတဲ့ မှန်ပေါင်ထဲက တော်ပီတို အစုတ်ကို လာကြည့်ပြီး မှတ်ချက်တွေပေးကြတဲ့ အနောက်နိုင်ငံက ပညာရှင်တွေကို ပြင်းပြင်းထန်ထန် ရှုံ့ချ တိုက်ခိုက် လှောင်ပြောင်ခဲ့ပါတယ်။ တောင်ကိုရီးယားက ဒါဟာ နမူနာကိုသာ ပြထားခြင်းဖြစ်ပြီး တကယ်တွေ့ရတဲ့ တော်ပီတို အစစ်ကို ထုတ်မပြဘူးလို့ ဆိုပါတယ်။ 

 

ဒလက်၅ခုပါ တော်ပီတို နောက်မြီးက အက္ခရာ အမှတ်အသားဟာ မြောက်ကိုရီးယားရဲ့ အမှတ်အသားဖြစ်ပြီး ထုတ်ပြခဲ့တဲ့ဆီမှာ နံပတ်၎ဖြစ်ပြီး တကယ်တွေ့ရတာ နံပတ်၁လို့ ဆိုပါတယ်။ တရုတ်ကတော့ သည်ထုတ်ပြန်ချက်ကို ချက်ချင်းငြင်းဆိုပြီး အထောက်ထားမဲ့ စွပ်ဆွဲတာတွေ အပေါ် ကန့်ကွက်ခဲ့ပါတယ်။
မြောက်ကိုရီးယားက တိုက်ခိုက်ခဲ့ပုံ မှန်းဆချက်

တရုတ်ကတော့ ချောင်နန်ဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး မိုင်းနဲ့ ထိတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သည်လိုဖျက်အားပြင်းတဲ့ မိုင်းတွေဟာ အမေရိကန်လုပ်တွေပဲ ဖြစ်လေ့ရှိပြီး တော်ပီတိုကြောင့်ဆိုရင် သင်္ဘောနဲ့ တော်ပီတို ထိမှန်မှသာ ပျက်စီးရမှာလို့ ဆိုပါတယ်။ ဒါ့အပြင် ရေမိုင် ၄၀-၅၀နုန်းလောက် နဲ့လာမယ့် တိုပီတိုဟာ ခုလို ရေမိုင် ၃၀နီးပါးနဲ့ ခုတ်မောင်းနေတဲ့ အဆင့်မြင့် စစ်ရေယာဉ် တစ်စစ်းကို တိုက်ခိုက်ဖို့ မလွယ်ကူသလို တကယ် ထိမှန်ခဲ့ရင်တောင် အဲဒီတော်ပီတိုဟာ အစလိုက်ကောက်လို့ မရနိုင်ဘူးလို့ ငြင်းဆိုပါတယ်။ မြောက်ကိုရီးယားမှာလဲ အဆင့်မြင့် ရေငုပ်သင်္ဘောတွေ မရှိသလို ခုလောက် ပြင်းထန်မယ့် အဆင့်မြင့် တော်ပီတိုတွေ မရှိနိုင်တဲ့အပြင် တောင်ကိုရီးယားရဲ့ သင်္ဘောက မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောကို မတွေ့ခဲ့ပဲ တိုက်ခိုက်ခံရဖို့ဆိုတာ အလွန်ဖြစ်နိုင်ချေနဲတယ်လို့ ဆိုပါတယ်။

ဂျွန်လထဲမှာ ရုရှားအဖွဲ့ရဲ့ စုံစမ်းမှုတွေကို ပြသခဲ့ပြီး တောင်ကိုရီးယားက အားလုံးကို ပယ်ချခဲ့ပါတယ်။ ဂျူလိုင်မှာ ထုတ်ပြတဲ့ ရုရှားတွေ့ရှိမှုတွေထဲမှာ ချောင်နန်သင်္ဘောဟာ စစ်ကျန် မိုင်းတစ်လုံးကြောင့် နစ်မြုပ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား တွေ့ရတဲ့ တော်ပီတို အစိတ်အပိုင်းတွေဟာ ရေအောက်မှာ အနည်းဆုံး ၇လနဲ့အထက် ကြာနေတဲ့ ပစ္စည်းတွေလို့လဲ ဆိုပါတယ်။
သြဂုတ်လထဲမှာတော့ နယူးရောက်တိုင်း သတင်းစာမှာ အဆုံးသတ် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး တော်ပီတိုကြောင့် နစ်မြုတ်တယ်ဆိုတာကို အတည်ပြုခဲ့ပေမယ့် မြောက်ကိုရီးယားက တိုက်ခိုက်တယ်လို့ စွပ်ဆွဲချက်တွေ အားလုံးကို အဖြစ်နိုင်ဆုံး မှန်းဆချက် အနေနဲ့သာ ထည့်သွင်းထားပါတယ်။ စက်တင်ဘာ ၁၃ရက်မှာ ထွက်လာတဲ့ အစီရင်ခံစာ အပြည့်အစုံမှာလဲ အမည်မသိ တိုက်ခိုက်ခံရမှုလို့သာ သတ်မှတ်ခဲ့ကြပါတယ်။
Yono နှင့်အတန်းအစားတူ အသေးစား ရေငုပ်သင်္ဘောပုံစံငယ်
ဒါပေမယ့် ၂၀၁၁မှာ တောင်ကိုရီးယားဘက်ကို သစ္စာခံ ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား အစိုးရအဖွဲ့ဝင် အချို့ရဲ့ ထွက်ဆိုချက်တွေမှာ ချောင်နန်ကို တိုက်ခိုက်ခဲ့တဲ့ ရေငုပ်သင်္ဘောရဲ့ အဖွဲ့သား ၄ဦးကို မြောက်ကိုရီးယားရဲ့ ၂၀၁၀ခုနှစ် သူရဲကောင်းတွေ အဖြစ် သူကောင်းပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားရဲ့ Yono အတန်းအစား အသေးစား ရေငုပ်သင်္ဘောကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလားတူ ရေငုပ်သင်္ဘောမျိုး ၁၀စင်းခန့် လက်ရှိတာဝန် ထမ်းဆောင်နေတယ် ဆိုပါတယ်။ CHT-02D အမျိုးအစား တော်ပီတိုဟာလဲ မြောက်ကိုရီးယားရဲ့ ပြင်ပတင်ပို့တဲ့ တော်ပီတိုဖြစ်ပြီး အတော်များများ ရောင်းချရတယ်လို့ဆိုပေမယ့် ဘယ်နိုင်ငံတွေကို ရောင်းချတယ်လို့တော့ မထုတ်ပြန်ခဲ့ပါဘူး။ မြောက်ကိုရီးယားသုံးတဲ့ အမျိုးအစားတူ အဆင့်မြင့် တော်ပီတိုတွေကိုတော့ အီရန်ကို တင်ပို့တယ်လို့သာ ဆိုပါတယ်။ မြောက်ကိုရီးယားက အသုံးပြုခဲ့တယ်လို့ ယူဆဖွယ်ရာရှိတဲ့ ဒီရေငုပ်သင်္ဘောငယ်လေးတွေဟာ စိတ်ဝင်စားစရာ ကောင်းတာမို့လို့ ဆက်လက်တင်ဆက်ပေးသွားပါ့မယ်။ ကျန်းမာချမ်းသာကြပါစေ။

3 comments:

  1. အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်နော်။တောင်ကို၇ီးယား သဘောင်္က ဘာလို့မတွေ့ခဲ့တာလဲ။သေးလို့ေ၇ဒါမှာမမိတဲ့ သဘောလား

    ReplyDelete
    Replies
    1. ရေအောက်ကို ဆိုနာစံနစ်နဲ့ပဲကြည့်နိုင်ပါတယ် ရေဒါသုံးမရပါ။

      Delete
  2. ဆက်ရေးပါခင်ဗျာ စောင့်နေပါ့မယ်

    ReplyDelete