Sunday, February 16, 2014

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပိုင်ဆိုင်လာမည့် Type- 035G Ming Class Submarine အား လေ့လာခြင်း

ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့်၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ရေးထိုးခဲ့သော MOU နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံမှ Type- 035G Ming Class Submarine (၂)စီးအား အမေရိကန်ဒေါ်လာ ၂၀၃.၃ သန်းဖြင့် ဝယ်ယူရန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ ထိုအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းတွင် ငွေပေးချေမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် Ming Class နှစ်စီးကို လက်ခံရရှိမည်ဖြစ်သည်။ မကြာမီကာလတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ အရာရှိ / စစ်သည်(၁၇)ဦးအား တရုတ်နိုင်ငံတွင် Submarine Course များ စတင်လေ့ကျင့်ပေးတော့မည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် Kutubdia Island တွင် Submarine Base တည်ဆောက်ရန် လိုအပ်သောပြင်ဆင်မှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ရှေ့ပြေးပထမမျိုးဆက်

တရုတ်လုပ် Type- 035 Submarine (NATO codename: Ming class) သည် ၁၉၄၄ ခုနှစ်ခန့်တွင် ပေါ်ပေါက်ခဲ့သော ဂျာမန်တို့၏ Type-XXIs (U- boat) အား အခြေခံ၍ ၁၉၅၀ ခုနှစ် ဝန်းကျင်ခန့်တွင် ဆိုဗီယက်တို့ တည်ဆောက်ခဲ့သည့် Type-033 / Romeo Class Submarine ဒီဇိုင်းအား တရုတ်တို့မှ ၁၉၆၉ ခုနှစ်ခန့်တွင် ပြန်လည်ဆန်းသစ်ထားသော ရေငုပ်သင်္ဘော ဖြစ်သည်။တစ်နည်းအားဖြင့် တရုတ်တို့၏ ပထမဦးဆုံး ကိုယ်တိုင်တည်ဆောက်ခဲ့သော ပြည်တွင်းဖြစ် သမားရိုးကျ Diesel-Electric Submarine အမျိုးအစားဆိုလျင်လည်း မမှားပေ။

တရုတ်တို့သည် Type- 035 Ming Class Submarine ရှေ့ပြေးပုံစံပထမမျိုးဆက် Prototype Variant (ES5C/D)အဖြစ် ကိုယ်ထည်အမှတ်- ၂၃၂ ၊ ၂၃၃ နှင့် အမှတ်မသိတစ်စီး စုစုပေါင်း(၃)စီးကို ၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်များအတွင်း တည်ဆောက်ခဲ့ပါသည်။ Type-035 Ming Class Submarine ပထမအစီးကို ၁၉၆၉ ခုနှစ် အောက်တိုဘာလတွင် Wuhan Shipyard ၌ စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၁ ခုနှစ် ဇူလိုင်လတွင် ရေချနိုင်ခဲ့ကာ ၁၉၇၄ ခုနှစ် ဧပြီလတွင် တပ်တော်ဝင်ခဲ့ပါသည်။ Ming Class Submarine ပထမမျိုးဆက်များသည် ဒီဇိုင်းအရ အထွေထွေအားနည်းချက်များ တွေ့ရှိခဲ့သဖြင့် ၁၉၈၀ ခုနှစ်အလွန်တွင် ဖျက်သိမ်းခဲ့သည်။

ဒုတိယမျိုးဆက် Ming Class

၁၉၈၃ ခုနှစ်တွင် အားနည်းချက်ရှိနေသော Submarine ဒီဇိုင်းအား ပြန်လည်စီစစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် Ming Class Submarine ဒုတိယမျိုးဆက်များ ထုတ်လုပ်ရန် ပြင်ဆင်ခဲ့သည်။ ထိုမှစ၍ Ming Class ဒုတိယမျိုးဆက် Production Variant (ES5E)အဖြစ် ကိုယ်ထည်အမှတ်- ၃၄၂ ၊ ၃၅၂ ၊ ၃၅၃ ၊ ၃၅၄ ၊ ၃၅၆ ၊ ၃၅၇ ၊ ၃၅၈ ၊ ၃၅၉ ၊ ၃၆၀ ၊ ၃၆၁ ၊ ၃၆၂ နှင့် ၃၆၃ စုစုပေါင်း (၁၂)စီးကို ၁၉၈၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်များအတွင်း တည်ဆောက်ထုတ်လုပ်နိုင်ခဲ့သည်။ ယင်းတို့အနက် ကိုယ်ထည်အမှတ်-၃၆၁ သည် AIP- Air Independent Propulsion ( အောက်ဆီဂျင်အစားထိုးနှင့် သုံးစွဲမှုလျော့ချမောင်းနှင်မှုစနစ် / အသံဆူညံမှုထိန်းချုပ်၍ ထောက်လှမ်းသိရှိနိုင်မှု ကာကွယ်ခြင်းစနစ်) တပ်ဆင်စမ်းသပ်မောင်းနှင်ရာမှ Diesel Engine စက်ချို့ယွင်း၍ ၂၀၀၃ ခုနှစ် ဧပြီလ(၁၆)ရက်နေ့တွင် မတော်တဆနစ်မြုပ်ခဲ့ရာ ရေယာဉ်ပေါ်ပါ အရာရှိ / စစ်သည် စုစုပေါင်း (၇၀)ဦးလုံး ဆုံးရှုံးခဲ့ပါသည်။

တရုတ်တို့သည် အဆိုပါဒုတိယမျိုးဆက် ထုတ်လုပ်မှုကာလများအတွင်း ၁၉၉၀ ခုနှစ် ဝန်းကျင်ခန့်တွင် ပို၍အဆင့်မြင့်သော မျိုးဆက်သစ် Type-039 Song Class Submarine အစီအမံကိုလည်း တစ်ချိန်တည်းဆောင်ရွက်ခဲ့သဖြင့် ဒုတိယမျိုးဆက်အစီအစဉ်များ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ရသည်။

ဖော်ပြပါ Type- 035 Ming Class Submarine ပထမနှင့်ဒုတိယမျိုးဆက်များသည် Type-033 / Romeo Class Submarine ၏ Hull Design နှင့် Arrangement တို့ကို ရာနူန်းပြည့်အခြေခံကာ ဒီဇယ်အင်ဂျင်အဆင့်မြှင့်တင်ခြင်း၊ ရေခုခံမှုနည်းစေရန် ကိုယ်ထည်ပုံစံအနည်းငယ်ပြင်ဆင်ခြင်းနှင့် ရေအောက်သွားနူန်းပိုလာစေရန် လိုအပ်သော Mechanism များ ပြောင်းလဲခြင်းကို အဓိကဆောင်ရွက်ခဲ့သော်လည်း ထိန်းချုပ်မောင်းနှင်မှုနှင့် တိုက်ပွဲဝင်ကွပ်ကဲမှုစနစ်များ Command Systems ၊ အသံလှိုင်းသုံးအာရုံခံစနစ် Sonar နှင့် တန်ပြန်ထောက်လှမ်းစောင့်ကြည့်ရေးစနစ်များ Countermeasures တို့မှာ ထူးခြားစွာပြောင်းလဲခြင်း မရှိခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပိုင်ဆိုင်လာမည့်တတိယမျိုးဆက်

ထိုမှတဆင့် (ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ယခုမှာယူထားသည့်) ပို၍အဆင့်မြင့်သော Ming Class Submarine တတိယမျိုးဆက် Type- 035G (ES5F)အဖြစ် ကိုယ်ထည်အမှတ်- ၃၀၅ ၊ ၃၀၆ ၊ ၃၀၇၊ ၃၀၈၊ ၃၀၉ နှင့် ၃၁၀ စုစုပေါင်း(၆)စီးကို ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း တည်ဆောက်ထုတ်လုပ်နိုင်ခဲ့သည်။

အဆိုပါ တတိယမျိုးဆက်တွင် အဆင့်မြင့်ထားသော Fire Control System နှင့် ပြည်တွင်းဖြစ် Combat Data System များ တပ်ဆင်ထားသည်။ အသံဆူညံမှုနှင့်တုန်ခါမှုကို သိသာစွာလျှော့ချနိုင်ရန် အသံစုပ် အနက်ရောင် Damping ပြားများကို ကိုယ်ထည်တွင်ဖုံးအုပ်ထားကာ ရေသွင်း/ရေထုတ် ပြွန်အပေါက်များကိုလည်း ဒီဇိုင်းအသစ် ပြုပြင်ထားသည်။ ထို့ပြင်လိုအပ်သော စက်ပစ္စည်းကရိယာများ ထပ်ဆောင်းတပ်ဆင်ထားသောကြောင့် မူလကိုယ်ထည်အရှည်ထက် (၂)မီတာခန့်ပိုရှည်လာပြီး ရေအောက်သွားနူန်းမှာလည်း ပိုမိုမြန်ဆန်လာသည်။ အချို့သတင်းအရင်းအမြစ်များအရ ယင်းတွင် AIP- Air Independent Propulsion တပ်ဆင်ထားပြီး Snorkel ဖြင့် လေဖြည့်သွင်းရန်မလိုပဲ ရေအောက်တွင် အကြာဆုံး(၃)ပါတ်ခန့်အထိ နေနိုင်သည်ဟု ဆိုပါသည်။

ဖော်ပြပါ Ming Class Submarine ဒုတိယမျိုးဆက် (၁၁)စီးနှင့် တတိယမျိုးဆက် (၆)စီး စုစုပေါင်း(၁၇)စီးမှာ လိုအပ်သောအဆင့်မြှင့်တင်မှုများပြုလုပ်၍ တရုတ်ရေတပ်တွင် လက်ရှိအချိန်အထိ ထဲထဲဝင်ဝင်အသုံးပြုလျက်ရှိပြီး ရေတပ်လေ့ကျင့်ခန်းများတွင် လည်းကောင်း၊ တရုတ်-ဂျပန် အငြင်းပွားရေပြင်နှင့် ဂျပန်ရေပြင်ပိုင်နက်အတွင်းတွင် လည်းကောင်း မကြာခဏတွေ့ရှိရကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။

Type- 035 Ming Class Submarine ၏ Specification များမှာ အောက်ပါအတိုင်းဖြစ်သည်-

Displacement (Surface) : 1,584 tonnes (1,559 long tons)
Displacement (Submerged): 2,113 tonnes (2,080 long tons)
Length: 76 m (249 ft 4 in)
Beam: 7.6 m (24 ft 11 in)
Draft: 5.1 m (16 ft 9 in)
Speed: 15 knots (28 km/h) surfaced, 18 knots (33 km/h) submerged
Propulsion: Diesel - Electric Arrangement / 2 Shaanxi 6E 390 ZC1, 5200 hp (3.82MW) / 2 Xiangtan Alternators and 2 Shafts
Complement: 57 (10 officers)

တပ်ဆင်ထားသော Torpedo များ

Ming Class Submarine တွင် ရှေ့ပိုင်း(Bow)၌ Torpedo Tube (၆)ခုနှင့် နောက်ပိုင်း(Stern)၌ Torpedo Tube (၂)ခု ပါရှိသဖြင့် Tube များထဲတွင် Torpedo (၈)လုံးနှင့် Storage Rack တွင် Torpedo (၁၀)လုံး စုစုပေါင်း Torpedo (၁၈)လုံး တင်ဆောင်နိုင်ကြောင်းနှင့် Tube များထဲတွင် Torpedo (၈)လုံးအစား မိုင်း(၃၂)လုံးကိုလည်း ထည့်သွင်းတင်ဆောင်နိုင်ကြောင်း သိရသည်။ အသုံးပြုတပ်ဆင်နိုင်သော Torpedo အမျိုးအစားများမှာ Yu-4 နှင့် Yu-1 တို့ ဖြစ်သည်။

Yu-4 Torpedo သည် ဆိုဗီယက်လုပ် Anti-Surface Warfare သုံး SAET-50 ကို အခြေခံထုတ်လုပ်ထားသော Passive Homing Torpedo အမျိုးအစားဖြစ်ပြီး နှစ်ပေါင်းများစွာ နည်းလမ်းအမျိုးမျိုးဖြင့် ဆင့်ကဲဆင့်ကဲ တီထွင်စမ်းသပ်ခဲ့ရာ ၁၉၈၇ ခုနှစ် မတ်လတွင် အားနည်းချို့ယွင်းချက်များကို ကျော်လွှားနိုင်ခဲ့သော တရားဝင်အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။အမြန်နူန်း (၃၀)ရေမိုင် (တစ်နာရီလျင် ၅၆ကီလိုမီတာ) နှင့် ထိရောက်မှုအကွာအဝေး (၆)ကီလိုမီတာအထိ တိုးတက်လာခဲ့သည်။ထိုမှတဆင့် ဆက်လက်စမ်းသပ်တီထွင် အဆင့်မြှင့်တင်ခဲ့ရာ လက်ရှိအခြေအနေတွင် High Explosive Warhead အလေးချိန် (၄၀၀) ကီလိုဂရမ်ဖြင့် ရေပေါ်ပစ်မှတ်များသို့ အမြန်နူန်း (၄၀)ရေမိုင်နူန်းနှင့် ထိရောက်မှုအကွာအဝေး (၁၅)ကီလိုမီတာအထိ ပစ်ခတ်တိုက်ခိုက်နိုင်သောအဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။

Yu-4 Torpedo ၏ Specification များမှာ အောက်ပါအတိုင်းဖြစ်သည်-
Diameter: 533 mm
Length: 7.75 m
Weight: 1,775 kg (1,628 kg for the training version)
Warhead: 309 kg / 400 kg
Guidance: acoustic homing: Yu-4A: passive, Yu-4B: active/passive
Propulsion: electrical, silver-zinc battery
Range and Speed: 6 km (original) @ 30 knots (56 km/h), 15 km (upgraded) @ 40 knots (74 km/h)

Yu-1 Torpedo သည် ဆိုဗီယက်လုပ် Anti-Surface Warfare သုံး Type-53 Unguided Straight Running Torpedo ကို အခြေခံကာ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် အားနည်းချို့ယွင်းချက်များနှင့် ထုတ်လုပ်ကုန်ကျစရိတ်ကြီးမားသော Oxygen Powered Torpedo အဖြစ်လည်းကောင်း၊ ထိုမှ ထိန်းသိမ်းပြုပြင်မှုနှင့် ထုတ်လုပ်စရိတ်သက်သာပြီး Oxygen Powered သုံးထက် ထိရောက်မှုအကွာအဝေးနည်းသည့် Stream Powered Torpedo အဖြစ်လည်းကောင်း၊ ထိုမှ ၁၉၇၁ ခုနှစ် စက်တင်ဘာလတွင် Passive Acoustic Homing Torpedo အဖြစ်လည်းကောင်း၊ ထိုမှ Anti-Surface နှင့် Anti-Submarine Warfare နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် Passive Acoustic Homing Guidance Torpedo အဖြစ်လည်းကောင်း စသည်ဖြင့် ဆင့်ကဲဆင့်ကဲ တိုးတက်လာခဲ့သည်။ High Explosive Warhead မှာ အလေးချိန် (၄၀၀) ကီလိုဂရမ်ရှိပြီး အဝေးဆုံးအကွာအဝေး (၉.၂)ကီလိုမီတာအား အမြန်နူန်း (၃၉)ရေမိုင် / အကွာအဝေး (၃.၇)ကီလိုမီတာအား အမြန်နူန်း (၅၁)ရေမိုင်ဖြင့် ပစ်လွှတ်တိုက်ခိုက်နိုင်သည်။

Yu-1 Torpedo ၏ Specification များမှာ အောက်ပါအတိုင်းဖြစ်သည်-
Weight - 2,000 kg
Length - 7.8 m
Diameter - 533 mm
Warhead Weight - 400 kg
Engine - Steam
Operational Range -3.5 km at 50 knots / 9 km at 39 knots
Speed - 39 to 50 knots
Guidance System - Straight running gyroscopic, later upgraded to passive acoustic homing

အဆိုပါ Yu-4 နှင့် Yu-1 တို့အား CAPTOR Mine (Torpedo နှင့် Sonar တွဲဖက်အသုံးပြုသောမိုင်း) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Torpedo အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

SENSORS / COUNTERMEASURES

Type- 035 တွင် ရှာဖွေထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးအတွက် Active / Passive နှစ်မျိုးလုံး အသုံးပြုနိုင်သည့် Medium-Frequency သုံး Pike Jaw Hull Mounted Sonar တပ်ဆင်ထားပြီး နောက်ပိုင်းတွင် H/SQ2-262C အမျိုးအစား Sonar ဖြင့် အစားထိုးလဲလှယ်ခဲ့သည်။ ပို၍အဆင့်မြင့်သော တတိယမျိုးဆက် Type- 035G တွင် အကွာအဝေးထောက်လှမ်းခြင်းနှင့် ကြားဖြတ်ဖမ်းယူထောက်လှမ်းရေးအတွက် Low Frequency သုံး Sintra DUUX 5 Passive Sonar ကိုပါ ထပ်မံထည့်သွင်း တပ်ဆင်အသုံးပြုခဲ့သည်။ Type- 035 နှင့် Type- 035G နှစ်မျိုးလုံးတွင် Surface အတွက် I-Band Search Radar ကို တပ်ဆင်ထားသည်။

Countermeasure တွင် ESM- Electronic Support Measure ၊ Radar Warning Receiver နှင့် Direction Finder တို့ တပ်ဆင်အသုံးပြုထားသည်။

ယနေ့ခေတ်နှင့် Ming Class Submarine များ

Ming Class Submarine များအား ယနေ့ခေတ်မီ နိုင်ငံတကာရေတပ်စံနူန်းများနှင့် ချိန်ထိုးကြည့်ပါက ယေဘုယျအားဖြင့် ခေတ်နောက်ကျသည်ဟု ဆိုနိုင်ပါသည်။ အဓိကမှာ ယင်း၏ အသံထိန်းချုပ်နိုင်မှု အားနည်းချက်ကြောင့် ခေတ်မီ ASW System များဖြင့် ရှာဖွေထောက်လှမ်းခံရနိုင်ခြင်း ဖြစ်သည်။ထို့ပြင် ကမ်းလွန်ရေနက်ပိုင်း စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရာတွင်လည်း Kilo Class နှင့် Type-039 Song Class တို့နှင့်နိုင်းယှဉ်ပါက တစ်ပမ်းရှုံးနေသောအနေအထား တွေ့ရသည်။

သို့ရာတွင် ရေ/လေ/လှိုင်း/ရေအောက် သဘာဝအခြေအနေအမျိုးမျိုးကြောင့် အသံရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိသော ကမ်းရိုးတန်းရေပြင်တွင် အသွင်ယူလှုပ်ရှားနိုင်သဖြင့် ကမ်းရိုးတန်းကာကွယ်ရေး (Coastal Defence) နှင့် ကင်းလှည့်စောင့်ကြပ်ရေး (Patrol / Surveillance) တာဝန်များအတွက် အသုံးတည့်ပြီး ကုန်ကျစရိတ် သက်သာသော Low Cost Solution တစ်ခုကို ယနေ့အချိန်အထိ ထိထိရောက်ရောက် ပေးနိုင်စွမ်းရှိပါသည်။ယင်းသည်ပင် Budget ကန့်သတ်ချက်ရှိသော Coastal Navy တစ်ခု၏ Defensive နှင့် Denial Role အတွက် တွက်ခြေကိုက်သော ကနဦးပထမအဆင့်အဖြစ် ရွေးချယ်စဉ်းစားရန် ဘောင်ဝင်နေသော အကြောင်းပြချက် ဖြစ်နေပါသည်။

ထို့ပြင် ပတ်ဝန်းကျင်ရေတပ်များ၏ Capability နှင့် ရေပြင်အနေအထားကို တိုင်းဆသုံးသပ်ကာ လိုအပ်သလို Offensive အသွင်ဆောင်၍ ထိရောက်သော Threat ကို အရပ်ဖက်/စစ်ဖက် နေရာအနှံ့အပြားတွင် ပေးနိုင်ဖွယ်ရှိသည်ဟုလည်း ယေဘုယျအားဖြင့် စဉ်းစားနိုင်သည်။

(ဆက်လက်ဖော်ပြပါဦးမည်)

မောင်မုတ်သုန်( Myanmar Navy မှကူးယူဖေါ်ပြပါသည်)

4 comments:

  1. အခုတလောက မှ ဂျပန်က ပျောက်သွားတဲ့ မောင်းသူမဲ့ ရေငုပ်သဘောင်္က အခု ဆို တရုပ်လက်ရောက်လို့ တစစီ ဖြုတ်ခံနေရပြီထင်ပါ့နော်......

    ReplyDelete
  2. ကျုပ်တို့လဲ ရုရှားလုပ်တွေဝယ်သင့်တယ်

    ReplyDelete
  3. wiki မှာတော့ရုရှားလုပ်2Kiloclassနှစ်စီး
    ၂၀၁၅ရောက်မယ်လို့ရေးထားတာပဲ

    ReplyDelete
    Replies
    1. အဲ့လိုဆိုမိုက်..တာပေါ့.....ဘယ်လိုရှာဖတ်ရမလဲ

      Delete