Saturday, March 1, 2014

Tanguska လေကြောင်းရန် ကာကွယ်ရေးစနစ်

၂၀ရာစု နှောင်းပိုင်းတွင် တိုးတက်လာသော လေကြောင်းနည်းပညာများအရ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် တင့်၊ သံချပ်ကာ၊ အမြောက်၊ ခြေလျင်နှင့် မြေပြင်ခံစစ်များအတွက် အိပ်မက်ဆိုးများသဖွယ် ဖြစ်လာခဲ့သည်။

 မြေပြင်တိုက်ခိုက်ရေးအတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်လိုက်သော အနီးကပ်ပစ်ကူပေး အနိမ့်ပျံတိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တာဝေးမှ တိကျပစ်ခတ်နိုင်သော ခရုစ်ဒုံးပျံကို တန်ပြန်ချေမှုန်း ပစ်ခတ်နိုင်ရန်အတွက် မြေပြင်တပ်ဖွဲ့သုံး လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အဆင့်မြင့်တင် တီထွှင် ထုတ်လုပ်ခဲ့ကြသည်။ တိုးတက်ခဲ့ပြီးသော လေကြောင်း ကင်းထောက်စနစ်များကြောင့် မြေပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး ရေဒါများမှာ ပုံသေပစ်မှတ်များ အဖြစ် ရောက်ရှိခဲ့မှုကြောင့် ရွေ့လျားနိုင်သော ယာဉ်တင်စနစ်များနှင့် လေယာဉ်များမှ ကြိုမသိနိုင်သော စနစ်များကို တည်ထွှင်ခဲ့ကြရာ ၂၃မမ ဆင့်ကွဲကျည်သုံး လေယာဉ်ပစ် စက်အမြောက်များနှင့် တာတိုပစ် ပုခုံးထမ်းဒုံးကျည်များသည် အောင်မြင်ခဲ့ကြသည်။ ၂၃မမ ၂လက်တွဲ ZSU-23-2 နှင့် လေးလက်တွဲ ZSU-23-4 စနစ်များသည် မြေပြင်တပ်ဖွဲ့များ၏ အားထားရာ အဓိက လေကြောင်းရန်ကာကွယ်ရေး လက်နှက်များအဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိသည်။ သို့သော် A-10၊ Su-25၊ AH-64၊ Mi35 တို့ကဲ့သလို့ သံချပ်ကာ အကာအကွယ်အပြည့်ယူထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် အနိမ့်ပျံ တိုက်လေယာဉ်တို့သည် ထိုစနစ်များကို အနိုင်ယူခဲ့ကြပြန်သည်။ ထိုအခါ ပိုမိုထိရောက်သော လေကြောင်းရန် ကာကွယ်ရေး လက်နှက်များ ထပ်မံ ပေါ်ထွက်လာခဲ့သည်။


ZSU-23-2

လေကြောင်းရန် ကာကွယ်ရေးကို အကွာအဝေးအားဖြင့် တာဝေး၊ တာလတ်၊ တာတိုနှင့် အနီးကပ် ဟူ၍ ခွဲခြားပြီး အမြင့်အားဖြင့် အမြင့်ပျံ၊ အလတ်စား၊ အနိမ့်ပျံ ဆို၍ ထပ်မံ ပိုင်းခြားသည်။ သူလျိုလေယာဉ်များ၊ ဗုံးကျဲလေယာဉ်များအတွက် တာဝေး အမြင့်ပျံ ဒုံးလက်နှက်များ အသုံးပြုကြသည်။ လေကြောင်းအရေးသာမှုအတွက် တိုက်လေယာဉ်များကို ချေမှုန်းရာတွင် တာလတ်ပစ် ဒုံးပျံများ အသုံးပြုကြသည်။ ထိုလေယာဉ်များကို မိမိ ခံစစ်နယ်အတွင်း ဝင်ရောက်လာပါက ပစ်ခတ်နိုင်စေရန် တာတိုပစ် ဒုံးပျံများ လိုအပ်သည်။ ထိုတာလတ်နှင့် တာတိုပစ် စနစ်များတွင် ရန်သူ၊မိမိ ခွဲခြားပေးနိုင်သော IFFခေါ် Friend and foe ခွဲခြားသည့်စနစ်များ အထူးလိုအပ်သည်။ သို့သော် ထိုစနစ်များထဲမှ အချို့စနစ်များမှအပ အများစုသည် အမြင့်မီတာ ၁၀၀ ဝန်းကျင်မှ ပျံသန်းလာမည့် လေယာဉ်နှင့် ရဟတ်ယာဉ်အချို့ကို ရှာဖွေ ချေမှုန်းနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် မြေပြင်အခြေအနေကို အရယူ၍ သစ်ပင်များ ထိပ်ဖျားပေါ်မှ ရေဒါကို ရှောင်ရှား ပျံသန်းကာ လျင်မြန်သည့်နုန်းဖြင့် စက်သေနှတ်များ၊ ဗုံး၊ ဒုံးများ ကျဲချတိုက်ခိုက်ပြီး ပြန်လည်ပျောက်ကွယ် သွားကြမည့် အနိမ့်ပျံ တိုက်ခိုက်ရေးယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များအတွက် အနီးကပ် ပစ်ခတ်တိုက်ခိုက်နိုင်မည့် စက်သေနှတ်၊ စက်အမြောက်များ၊ ပုခုံးထမ်း ဒုံးများ အသုံးပြုကြရသည်။ သို့သော် သံချပ်ကာ အကာအကွယ်နှင့် ဒုံးပျံကာကွယ်ရေး နည်းပညာမြင့်မားသော စနစ်သစ် လေကြောင်း တိုက်ခိုက်ရေးယာဉ်များအတွက် ၃၀မမ ဆင့်ကွဲကျည်သုံး စက်သေနှတ်စနစ်များ ထပ်မံပေါ်ထွက်လာခဲ့သည်။


ZSU-23-4

၁၉၇၀ ပြည့်လွန်နှစ်များတွင် ဒုံးလက်နှက်နည်းပညာများ အပြိုင်အဆိုင်ဖွံ့ဖြိုးလာခဲ့ရာ စက်သေနှတ်များ၏ ပစ်အားထက် တစ်ချက်ပစ် တစ်စင်းထိရောက်သည့် ဒုံးလက်နှက် နည်းပညာများကို ပိုမိုအားထားလာခဲ့ကြသည်။ ၁၉၇၃ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုက ထုတ်လုပ်ခဲ့သည့် 9K33 Osk ကဲ့သို့ လေကြောင်းရန်ကာကွယ်ရေး ယာဉ်တင် ဒုံးလက်နှက်များသည် အောင်မြင်မှု ရခဲ့သည်။ သို့သော် အာရပ်အစ္စရေး စစ်ပွဲများ ဖြစ်ပွားသောအခါ ထိုဒုံးလက်နှက်များ အများအပြားချထားသော အာရပ်လေယာဉ်ကွင်းများသည် အစ္စရေးတို့၏ ချေမှုန်းခြင်းခံလိုက်ရသည်။ ဒုံးလက်နှက်များ၏ အားနည်းချက်ဖြစ်သည့် ပစ်ခတ်ရန်ကြာချိန် စက္ကန့်၃၀ သည် ကြီးမားသော ဟာကွက်ကြီးအဖြစ် အသုံးချခံလိုက်ရတော့သည်။ 


9K33 Osk

လေကြောင်းရန် ကာကွယ်ရေး စက်အမြောက်အငယ်စားများသည် ၃ကီလိုမီတာခန့်ထိ ပစ်ခတ်နိုင်သော်လည်း မျက်မြင် ပစ်ခတ်ရခြင်းကြောင့် မီတာ ၁၀၀၀ ခန့်သာ ထိရောက်လေ့ရှိသည်။ အဆင့်မြင့် ရှာဖွေရေး စက်ဖြင့် ပစ်ခတ်လျင် ၂ကီလိုမီတာခန့်ထိ ပစ်ခတ်နိုင်သော်လည်း ထိရောက်မှု နဲပါးသည်။ ဒုံးစနစ်များသည် ၆ကီလိုမီတာမှ ၁၅ကီလိုမီတာထိ ပစ်ခတ်နိုင်သော်လည်း ၁.၅ကီလိုမီတာ အတွင်း ရောက်ရှိလာသော မြန်နုန်းမြင့် ပစ်မှတ်ကိုမူ မပစ်ခတ်နိုင်တော့ပေ။ ထို့အပြင် စက်သေနှတ်များသည် အမြင့် ၃ကီလိုမီတာထိ ပစ်ခတ်နိုင်သောလည်း တိကျမှု နည်းပါးသည်။ ဒုံးကျည်များသည် တိကျမှုရှိသော်လည်း မီတာ ၅၀၀ ဝန်းကျင် အမြင့် ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်း နဲပါသည်။ ထို့ကြောင့် ထို စက်သေနှတ်နှင့် ဒုံးကျည်များကို ပေါင်းစပ်ကာ အားနည်းချက်များကို အပြန်အလှည် ဖြည့်စည်းပေးခြင်းဖြင့် ကျစ်လစ်၍ အစွမ်းထက်သော မြေပြင်တပ်ဖွဲ့သုံး လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခုကို တီထွှင်ခဲ့ကြသည်။

 


9K22M1 Tanguska

Tanguska
အခြေစိုက် စခန်းများကို ကာကွယ်နိုင်ရန် ဒုံးစနစ်များ၊ စက်အမြောက်များ၊ ရေဒါများကို ဖြန့်ခွဲချထားနိုင်သော်လည်း သံချပ်ကာတပ်များ၊ ရွေ့လျား ချီတက်နေသည့် တပ်များနှင့် ရှေ့တန်း ခြေကုတ်ယူစခန်းများကို အကာကွယ်ပေးရန် ရေဒါ၊ စက်အမြောက်နှင့် ဒုံးစနစ်များကို တစ်ပေါင်းတည်း တပ်ဆင်ထားနိုင်သော ယာဉ်တင်စနစ်ကို ၁၉၈၂ခုနှစ်တွင် တီထွှင်ထုတ်လုပ်ခဲ့ကြသည်။ ထိုစနစ်ကို ရုရှားက 2K22 Tanguska ဟုခေါ်ဆိုပြီး နေတိုးနှင့် အနောက်နိုင်ငံများက SA-19 Grison ခု ခေါ်ဆိုကြသည်။
ထိုစနစ်ကို GM စီးရီး သံချပ်ကာ ချိန်းတပ်ယာဉ်ပေါ်တွင် တပ်ဆင်ခဲ့သည်။ နောက်ပိုင်းတွင် ဘီးတပ်ယာဉ်များပေါ်တွင်လဲ တပ်ဆင်ကြသည်။ ထိုချိန်းတပ်ယာဉ်များသည် မြင်းကောင်ရေ ၇၈၀ အင်ဂျင်ကို တပ်ဆင်ထားပြီး တစ်နာရီလျင် မိုင်၄၀နုန်းဖြင့် မိုင် ၃၀၀ကျော်ထိ စစ်ဆင်နိုင်သည်။ အပူလွန် အအေးလွန် ရာသီဥတုဒဏ်ကို ခံနိုင်ရန် တည်ဆောက်ထားပြီး လျောစောက် ၃၅ဒီကရီ တက်နိုင်ပြီး အလတ်စား တင့်ယာဉ်တစ်စီး၏ သံချပ်ကာ အကာကွယ်ရှိသည်။ 


ထိုစနစ်တွင် ရေဒါ ၂မျိုးတပ်ဆင်ထားပြီး ယာဉ်၏ နောက်ဘက်တွင် ခေါက်သိမ်းထားနိုင်သော E-band ရေဒါတပ်ဆင်ထားသည်။ ထိုရေဒါစနစ်သည် အသံထက်မြန်သော ပစ်မှတ်များကို မဖမ်းမိနိုင်သော်လည်း အမြင့် ၁၅မီတာမှ ၃.၅ကီလိုမီတာ၊ အကွာအဝေး ၁၆-၁၈ကီလိုမီတာ အတွင်း ပျံသန်းလာသော ပစ်မှတ်များကို ဖမ်းယူနိုင်သည်။ ထိုရေဒါကို ရှာဖွေရေး ရေဒါနှင့် ဒုံးပျံပစ်ခတ်ရန် အတွက် အသုံးပြုသည်။ ယာဉ်၏ ရှေ့မျက်နှာစာတွင် J-band ရေဒါကို တပ်ဆင်ထားပြီး ထိုစနစ်သည် အမြင့် ၅မီတာ အကွာအဝေး ၁၆ကီလိုမီတာ မှ ပစ်မှတ်များကို ဖမ်းယူနိုင်သည်။ ထိုစနစ်ကို ဒုံးပျံများကို လမ်းညွှန်ရန်နှင့် စက်အမြောက်လမ်းညွှန်ပစ်ခတ်ရန် အသုံးပြုသည်။ အဆင့်မြင့်တင်ထားသော စနစ်များတွင် အခြား ရေဒါစနစ်တစ်မျိုးပါဝင်ပြီး ရန်သူမိတ်ဆွေ ခွဲခြားသော စနစ်များလဲ တပ်ဆင်ထားသည်။ ထိုယာဉ်တစ်စီးမှ အမိန့်ပေး၍ ဖြစ်စေ၊ အခြား အမိန့်ပေးစနစ်မှ ဖြစ်စေ ယာဉ်၆စီးကို ဆက်သွယ် အမိန့်ပေး၍ ကွန်ယက်တစ်ခုကို တည်ဆောက် ကာကွယ်ထားနိုင်သည်။ အဆင့်မြင့် နေရာရှာဖွေရေးစနစ်များ၊ ရေဒီယိုစနစ်များနှင့် ရန်သူ၏ Jammer များနှောက်ယှက်မှုမှ ကာကွယ်သည့် စနစ်များပါဝင်သည်။ အခြား လေကြောင်းရန် ကာကွယ်ရေး ရေဒါများနှင့် တွဲဖက်နိုင်ပြီး သတ်မှတ်ဧရိယာ အတွင်း ဝင်လာသည့် ပစ်မှတ်ကို ပစ်ရန် ၅စက္ကန့်သာ ကြာသည်။


2A38-30mm 

စက်အမြောက် အနေဖြင့် 2A38- ၃၀မမ စက်အမြောက်စနစ် ၂လက်တပ်ဆင်ထားသည်။ တြိဂံပုံစံ ပြောင်းကာစနစ်နှင့် ထိုစက်အမြောက်သည် တစ်မိနစ်လျင် ၁၉၀၀မှ ၂၅၀၀ တောင့်နုန်း အလျိုလျောက်ပေါင်းစပ် ပစ်ခတ်ပေးနိုင်ပြီး ၂လက်တွဲပစ်အားဖြင့် တစ်မိနစ်လျင် ၃၈၀၀မှ ၅၀၀၀တောင့် နုန်းပစ်ခတ်နိုင်သည်။ တစ်လက်က အမြန်ပစ်ခတ်စဉ် တစ်လက်က အနှေးပစ်ခတ်ပေးခြင်း ထို့အပြင် ဆင့်ကွဲကျည် အမျိုးအစားများဖြစ်တဲ့ ထိကွဲစနစ်၊ Delay action စနစ်သုံး ကျည်များ၊ မီးကျည်များကို ကြားညပ်အသုံးပြုပြီး ပစ်ခတနိုင်သည့် စနစ်ဖြစ်သည်။ မီတာ ၂၀၀မှ ၄ကီလိုမီတာထိ အမြင့်ဆုံး ၃ကီလိုမီတာထိ ပစ်ခတ်နိုင်သည်။ ၃၆၀ဒီကရီ လှည့်လည်ပစ်ခတ်နိုင်သည့်အပြင် ထောင့်နိမ့် ၈၅ဒီကရီ၊ ထောင့်နိမ့် ၉ဒီကရီထိ ပစ်ခတ်နိုင်သည်။ ရေဒါစနစ်ဖြင့် ပစ်ခတ်လျင် ရှာဖွေခြင်း၊ ချိန်ရွယ်ခြင်း အားလုံးသည် အလိုလျောက်လုပ်ဆောင်မည်ဖြစ်ပြီး ပစ်ခတ်သူက ခလုပ်နှိပ်ယုံသာဖြစ်သည်။ မျက်မြင်ပစ်ခတ်လျင် ရေဒါမှ အကွာအဝေး တိုင်းတာပေးခြင်းနှင့် ပြောင်းတည်ငြိမ်မှုတို့ကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။



9M311 missile

ထို စက်အမြောက်များ၏ ဘေးတစ်ဘက်စီတွင် ဒုံးကျည် ၄လုံးစီတပ်ဆင်ထားပြီး စုစုပေါင်း ဒုံးကျည် ၈လုံး သယ်ဆောင်ပစ်ခတ်နိုင်သည်။ 9M311 ဒုံးကျည်စနစ်ကို အသုံးပြုပြီး ဒုံးကျည် ၂လုံးကို တပြိုင်တည်းပစ်ခတ်နိုင်ပါသည်။ အကွာအဝေး ၁.၅ကီလိုမီတာမှ ၁၀ကီလိုမီတာ အတွင်းပစ်ခတ်နိုင်ပြီး အမြင့် ၁၅မီတာမှ ၅ကီလိုမီတာထိ ပစ်ခတ်နိုင်သည်။ အသံထက် ၂.၆ဆ အမြန်ဖြင့် ပျံသန်းနိုင်ပြီး semi-automatic, radio command, with optical line of sight စနစ်ဖြစ်သည်။ ယာဉ်တွင်တပ်ဆင်ထားသော ကင်မရာ(သို့) ရေဒါဖြင့် လမ်းညွှန်ပစ်ခတ်နိုင်ပြီး လေယာဉ်၏ အနီး ၁၅မီတာ အတွင်းသို့ရောက်ရှိလျင် အလျိုလျောက် ဆက်လက် ဆောင်ရွက်သည်။ ဒုံးကျည်များကို ရေဒီယို ထိန်းချုပ်မှုဖြင့် ဖေါက်ခွဲနိုင်သည်။ ဒုံးကျည်သည် ၉ကီလိုဂရမ်လေးသော ထိပ်ဖူးကို သယ်ဆောင်သွားပြီး အတွင်းပိုင်းတွင် ၆၀၀မီလီမီတာ ရှည်သော သံချောင်းငယ်လေးပေါင်း များစွာအစီအရီ ပါဝင်သည်။ ဒုံးကျည်သည် ပစ်မှတ်အနီး ၅မီတာအထိ အလျိုအလျောက် ချည်းကပ်သွားပြီး ၅မီတာမှ .၅မီတာ အတွင်းတွင် အလျိုလျောက် ပေါက်ကွဲမည်ဖြစ်သည်။ ဒုံးကျည်ပေါက်ကွဲသောအခါ ၅-၁၀မီတာ အတွင်း ထိုသံချောင်းငယ်လေးများသည် စက်ဝိုင်းသဏ္ဍန် လွှင့်စင်ပေါက်ကွဲကာ လေယာဉ်သို့မဟုတ် ပစ်မှတ်ကို ပျက်စီးစေခြင်းဖြစ်သည်။ ထို့ကြောင့် ဒုံးကျည်သည် လေယာဉ်ကို ထိမှန်ရန် မလိုအပ်တော့ပဲ လေယာဉ် အနီး ၅မီတာ အတွင်း ပေါက်ကွဲခြင်းကြောင့် ပျက်စီးနိုင်သည်။ 


ဒုံကျည်ပေါက်ကွဲပုံ သရုပ်ပြ


မူလ 2K22 စနစ်ကို ၁၉၈၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး၊ 9K22M အဖြစ် ၁၉၉၀ခုနှစ်မှ စတင်၍ မြေပြင်တပ်ဖွဲ့များတွင် အသုံးပြုကြသည်။ ၂၀၀၃ခုနှစ်တွင် 9K22M1 အဖြစ် အဆင့်မြင့်တင်ခဲ့သည်။ ၂၀၀၈ခုနှစ်တွင် 9K22Mများကို 57E6 ရေဒါများဖြင့် အဆင့် မြင့်တင်ခဲ့ပြီး အကွာအဝေး ၃၈ကီလိုမီတာအထိ ရေဒါဖမ်းယူနိုင်ပြီး ဒုံးကျည်၏ ပစ်ခတ်နိုင်မှု အကွာအဝေးကိုလဲ ၁၂ကီလိုမီတာအထက် မြင့်တင်နိုင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောင်းချပေးခဲ့ပြီး တရုတ်နိုင်ငံက ၈x၈ ဘီးတပ်ယာဉ်ပေါ်တွင် ဒုံးကျည်၁၂လုံး ၂၅မမ ၂လက်ဖြင့် ပြောင်းလဲ တပ်ဆင်ကာ FK-1000 အဖြစ် ထုတ်လုပ်လျက်ရှိသည်။ 

Fk-1000


9K22M-M1 Tanguska စနစ်များမှာ ကျစ်လစ်သေးငယ်ပြီး မြေပြင်တပ်ဖွဲ့ငယ်များအတွက် လုံလောက်သော လေကြောင်းရန်ကာကွယ်ရေး စွမ်းပကားကို ပေးစွမ်းနိုင်သော စနစ်များအဖြစ် စတင်ထုတ်လုပ်ခဲ့သည့် ၁၉၈၂ခုနှစ်မှ ယခုအထိ ရုရှားအပါအဝင် နိုင်ငံတော်တော်များများက လက်ခံယုံကြည်ကာ အဆင့်မြင့်တင် သုံးဆွဲနေကြသော စနစ်ကောင်းတစ်ခုဖြစ်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။

4 comments:

  1. မြန်မာတပ်မတော်ထိုစနစ်ရှိလားဖြေပေးပါကို mm

    ReplyDelete
  2. ကျေးဇူးတင်တယ် ကိုmm ။ ဖတ်ရတာ အားရသွားတယ်။ မြန်မာ့တပ်မတော်က fighter jetတွေ ၀ယ်ရင် ဘာတွေဝယ်တယ်ဆိုတာ ပြောပြအုံးနော်။ တယုတ်ထုတ်တွေ မ၀ယ်ပါစေနဲ့လို့တော့ ဆုတောင်းမိပါတယ်။ ဘက Yak-130 ၀ယ်တာဆိုတော့ ကိုယ်က Su-30လောက်တော့ အနိမ့်ဆုံးထားမှရမှာ။

    ReplyDelete
  3. မတ်လ ၂၇ ရက်နေ့မှာ မြင်ချင်ပါဘိသနဲ့.... :D

    ReplyDelete