Wednesday, September 24, 2014

ခြေလျင်တပ်ဖွဲ့သုံး မောင်းသူမဲ့ယာဉ်ငယ်များ



ခြေလျင်တပ်ဖွဲ့များနဲ့ အထူးတပ်ဖွဲ့များ ရဲတပ်ဖွဲ့ဝင်များအတွက် မြေပြင်ရဲ့ တိုက်ပွဲဝင် အခြေအနေကို အချိန်နဲ့ တပြေးညီတည်း ကင်းထောက်ပေးနိုင်တဲ့ မောင်းသူမဲ့ ယာဉ်ငယ်များအကြောင်းကို ရေးသားတင်ပြလိုက်ပါတယ်။ အထူးတပ်ဖွဲ့များ ရှေ့ပြေးကင်းထောက် တပ်များနဲ့ ချေလျင် စစ်သည်များ အတွက် ရန်သူ့နယ်မြေ သို့မဟုတ် တိုက်ပွဲဝင်နယ်မြေရဲ့ ကွပ်ကဲမှုကို အထောက်အကူပြုစေဖို့ သေးငယ်ပြီး အသုံးပြုရလွယ်ကူတဲ့ မောင်းသူမဲ့ ကင်းထောက်များကို အသုံးပြုကြပါတယ်။ သာမာန် အရပ်ဖက်သုံး ကင်မရာတပ်ဆင်ထားတဲ့ အရုပ်များကဲ့သို့ ဈေးနုန်းချိုသာပြီး သုံးစွဲရလွယ်ကူတဲ့ အမျိုးအစားများ ဖြစ်ပြီး ထူးခြားချက်ကတော့ သတင်းအချက်အလက်များ ကြားဖြတ်မယူနိုင်စေရန်နဲ့ အကြမ်းခံစေဖို၊့  အသံလုံစေဖို့ အဓိက ပြုပြင်ထားပါတယ်။ 
 
ZALA421-08
၂၀၁၁ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ မြေပြင်တပ်အားလုံးကို အဆင့်မြင့်ခဲ့ရာမှာ ခြေလျင်တပ်များ၊ ယန္တာရားတင် ခြေလျင်တပ်များနဲ့ လေထီးခုန် စစ်သည်များအတွက် ZALA ကုမ္မနီထုတ် မောင်းသူမဲ့ ယာဉ်ငယ်များကို တပ်ဆင်ပေးခဲ့ပါတယ်။ သာမာန် ရေဒီယို စနစ်များနဲ့ ထိမ်းချုပ်တပ်ဆင် မောင်းနှင်နိုင်ပြီး အလွယ် တကူအသုံးပြုနိုင်ပါတယ်။ 
ZALA421-12
 ZALA421-08 အမျိုးအစား ကို အထူးတပ်ဖွဲ့များနဲ့ ရှေ့ပြေးကင်းထောက် တပ်ခွဲများအတွက် တပ်ဆင်ပေးပါတယ်။ ယူနစ်တစ်ခုလုံးမှာ မောင်းသူမဲ့ယာဉ်၂ခု ထိမ်းချုပ်ရေး စက်တစ်လုံး၊ ရေဒီယိုစနစ်အပါအဝင် ၈ကီလိုဂရမ်သာ လေးတာကြောင့် စစ်သည်၂ဦးဖြင့် သယ်ဆောင်နိုင်ပြီး လက်ဖြင့် ပစ်ကာ လွှတ်တင်နိုင်ပါတယ်။ အမြင့် ၃၆၀၀မီတာ ၊ ၁၅ကီလိုမီတာ အကွာအဝေးထိ ပျံသန်းနိုင်ပြီး အနီအောက်ရောင်ခြည်သုံး ကင်မရာ၊ သာမန်ကင်မရာနဲ့ INS/GPS စနစ်သုံး ကင်းထောက်စနစ်များ၊ ရန်သူမိတ်ဆွေ ခွဲခြားပေးနိုင်တဲ့ စနစ်များ ပါဝင်ပါတယ်။ ၁.၅ကီလိုဂရမ်သာ လေးပြီး လေထီးစနစ်ဖြင့် ပြန်လည်ဆင်းသက်စေပါတယ်။ သို့သော်လည်း ပျံသန်းချိန် တစ်နာရီခွဲသာ ရရှိမှာဖြစ်ပြီး တာရှည် ကင်းထောက် စစ်ဆင်ဖို့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ယာဉ်၂စင်းဖြင့် အလဲအလှယ်လုပ်ကာ စောင့်ကြည့်နေနိုင်ဖို့ စီစဉ်ထားပြီး ဘထ္ထရီအပို ၂စုံဆီ သယ်ဆောင်စေပါတယ်။

ZALA421-12 အမျိုးအစားကတော့ အနည်းငယ် ကြီးမားပြီး ပိုမို အနီးကပ်ကြည့်နိုင်တဲ့ ကင်မရာ တပ်ဆင်ထားပါတယ်။ ခြေလျင်တပ်ရင်းများ အသုံးပြုဖို့ အဓိက အသုံးပြုပြီး လူ၃ဦးနဲ့ သယ်ဆောင်နိုင်ပါတယ်။ ထိန်းချုပ်ရေး စက်ဆီသို့သာမကပဲ အမိန့်ပေးစင်တာနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။ အကွာအဝေး၊ ပျံသန်းနိုင်ချိန် စတာတွေဟာ 08 အမျိုးအစားနဲ့ မကွာပါဘူး။ သည်မောင်းသူမဲ့တွေ အတွက် တပ်စိတ်တစ်စိတ် တွဲဖက် ပေးထားပြီး တစ်ချိန်တည်းမှာ မောင်းသူမဲ့ ၃စင်းမှ ၅စင်း တပြိုင်တည်း ပစ်လွှတ် ကင်းထောက်ခြင်း ပြုလုပ်နိုင်ပါတယ်။ ယန္တရားတင် ခြေလျင်တပ်များနဲ့ လေကြောင်းချီ တပ်ရင်းများမှာ အဓိက တပ်ဆင်အသုံးပြုပါတယ်။ ၂မျိုးစလုံးဟာ ၅မိနစ် အတွင်းမှာ တပ်ဆင် ပစ်လွှတ်နိုင်ပါတယ်။

ZALA-421-06 အမျိုးအစားကတော့ ရဟတ်ယာဉ်ပုံစံ မောင်းသူမဲ့ အမျိုးအစား ဖြစ်ပါတယ်။ ရေကြောင်းတပ်ဖွဲ့များနဲ့ မြို့တွင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အမြင့် ၂၀၀၀ ကီလိုမီတာထိ တက်နိုင်ပြီး အကွာအဝေး ၁၅ကီလိုမီတာထိ ပျံသန်းနိုင်ပါတယ်။ ရိုက်ကူးရေး ကင်မရာကဲ့သို့ အနီးကပ်ဆွဲယူကြည့်နိုင်တဲ့ ကင်မရာတပ်ဆင်ထားပြီး စောင့်ကြည့်ခြင်းနဲ့ မြို့တွင်းရဲတပ်ဖွဲ့ဝင်များနဲ့ မီးသတ်တပ်ဖွဲ့များက အသုံးပြုကြပါတယ်။ ပျံသန်းချိန် ၁နာရီခွဲသာ ရရှိပြီး ကြီးမားတဲ့ စနစ်တစ်ခုဖြစ်တာကြောင့် စစ်ဖက် အဖွဲ့စည်းများက နှစ်သက်ခြင်း မရှိပါဘူး။ 
 
ZALA421-16E
ဒါ့ကြောင့် အမြောက်တပ်ဖွဲ့များ တင့်တပ်ဖွဲ့များနဲ့ ခြေလျင်တပ်ရင်းကြီးများမှာ အစ္စရေးနိုင်ငံထုတ် Orbiter အမျိုးအစား မောင်းသူမဲ့ ယာဉ်ငယ်များကို ထပ်မံ ဖြည့်တင်းထားပါတယ်။ Orbiter အမျိုးအစား ယာဉ်ငယ်များဟာ ပစ်လွှတ်စင်နဲ့ ပစ်လွှတ်ရပြီး စစ်သည် ၃ဦးပါ တပ်ဖွဲ့(ယာဉ်၃စင်း ထိမ်းချုပ်ရေး ကိရိယာ တစ်စုံ) ဒါမှမဟုတ် ထိမ်းချုပ်ရေး ယာဉ်တစ်စင်းနဲ့(မောင်းသူမဲ့၅စင်း ၂စင်းတပြိုင်တည်း အသုံးပြုနိုင်) အသုံးပြုနိုင်ပါတယ်။ စစ်သည်ပါ ရေဒီယို ထိမ်းချုပ်မှုနဲ့ ဆိုရင် အကွာအဝေး ၁၅ကီလိုမီတာမှ ကီလိုမီတာ ၃၀ထိ အသုံးပြုတဲ့ Orbiter အမျိုးအစားပေါ် မူတည်ပြီး၊ ယာဉ်နဲ့ ထိမ်းချုပ်မယ်ဆိုရင်တော့ ကီလိုမီတာ ၈၀မှ ၁၀၀ ထိမောင်းနှင်နိုင်ပါတယ်။ အသင့်ဖြစ်ရန် ကြာချိန် ၁၅မိနစ်ခန့် အနည်းဆုံးယူရပါတယ်။ အမြင့်မီတာ ၅ထောင်ထိ တက်နိုင်ပါတယ်။ ကြာချိန် ၄နာရီကနေ ၇နာရီထိ ရရှိတာကြောင့် ရုရှားတပ်ဖွဲ့ဝင်များ ပိုမိုနှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ZALA ကုမ္မနီဟာ ZALA 421-16E အဖြစ် ပုံစံတူ ထုတ်လုပ်ခဲ့ပါတယ်။
 
Skylark
အစ္စရေးနိုင်ငံ Elbit ကုမ္မနီထုတ် Skylark ကင်းထောက်ယာဉ်ငယ် များဟာလဲ နိုင်ငံတကာ စိတ်ဝင်စားသော ယာဉ်ငယ်များဖြစ်ပါတယ်။ စစ်သည် ၂ဦးဖြင့် ယာဉ်၂စင်း၊ စက်တစ်စုံ သယ်ဆောင်နိုင်ပါတယ်။  လက်ဖြင့် လွှတ်တင်နိုင်ပြီး အကွာအဝေး ၄၀ကီလိုမီတာ၊ အမြင့် ၄၀၀၀မီတာ၊ ကြာချိန် ၃နာရီပျံသန်းနိုင်ပါတယ်။ လေအိပ်ဖြင့် ဆင်းသက်တဲ့ စနစ်ဖြစ်ပြီး ရန်သူမိမိ ခွဲခြားမှတ်သား ပေးနိုင်တဲ့ စနစ်မပါရှိပါဘူး။

SkylarkII
  ဒါ့ကြောင့် SkylarkII အဖြစ် ၂၀၀၆ ခုနှစ်မှာ အဆင့်မြင့်တင်ခဲ့ပြီး ယာဉ်ဖြင့် သယ်ဆောင် ထိမ်းချုပ်မောင်းနှင်နိုင်စေဖို့ စီစဉ်ထားပါတယ်။ အကွာအဝေး ၆၀ကီလိုမီတာ ကြာချိန် ၆နာရီထိ ပျံသန်းနိုင်ပါတယ်။ ပိုမိုကြီးမားတဲ့ စနစ်တစ်ခုဖြစ်ပြီး ယာဉ်ပါ ပစ်လွှတ်စင်နဲ့ လွှတ်တင်နိုင်ပါတယ်။ ရန်သူမိတ်ဆွေ ခွဲခြားစောင့်ကြည့်နိုင်တဲ့ စနစ်တွေအပါအဝင် လေဆာလမ်းညွှန်ပေးနိုင်တဲ့ စနစ်တွေပါ ပါဝင်တာကြောင့် ခြေလျင်တပ်ရင်းများ၊ တင့်ကားတပ်များ၊ အမြောက် အကဲကြည့်များ အတွက်အသုံးဝင်ပြီး ပေါင်းစပ်စစ်ဆင်ရေးများအတွက် အသုံးပြုကြပါတယ်။ နိုင်ငံစုံတပ်ဖွဲ့များ အာဖကန်အီရတ် အပါအဝင် စစ်ဆင်ရေး အမြောက်အများမှာ အောင်မြင်စွာ အသုံးပြုနေတဲ့ စနစ်လဲပဲ ဖြစ်ပါတယ်။ 
 
Skyblade III
Skylark ယာဉ်ငယ်များနဲ့ ဆင်တူတာကတော့ စင်ကာပူနိုင်ငံက ထုတ်လုပ်တဲ့ Skyblade III မောင်းသူမဲ့ ကင်းထောက်ယာဉ်များ ဖြစ်ပါတယ်။ စစ်သည် ၂ဦးဖြင့် ပစ်စင်၊ ထိမ်းချုပ်ရေး ကိရိယာတစ်စုံ ယာဉ်တစ်စင်း သယ်ဆောင်နိုင်ပြီး ပစ်စင်ငယ်ဖြင့် ပစ်လွှတ်ရပါတယ်။ နေ့ည မရွေးစောင့်ကြည့်နိုင်ခြင်း၊ ရန်သူမိတ်ဆွေ ခွဲခြားစောင့်ကြည့်ပေးနိုင်ခြင်း  စတဲ့ အဆင့်မြင့် စနစ်တွေပါဝင်ပါတယ်။ ၁၅မိနစ်အတွင်းမှာ ပစ်လွှတ်နိုင်ပြီး လေအိပ်အသုံးပြု ဆင်းသက်နိုင်ပါတယ်။ သို့သော်လည်း အကွာအဝေး ၈ကီလိုမီတာ အမြင့် မီတာ၅၀၀ ထိသာ တက်ရောက်နိုင်ပြီး ပျံသန်းချိန် ၁နာရီသာ ရရှိပါတယ်။ 
 
ASN-15
တရုတ်တပ်မတော်သုံး ASN-15 ကင်းထောက်ယာဉ်ငယ် ဟာလဲ လက်ဖြင့်လွှတ်တင်နိုင်သော မောင်းသူမဲ့အမျိုးအစားဖြစ်ပါတယ်။ စစ်သည် ၃ဦးပါအဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အကွာအဝေး ၁၀ကီလိုမီတာ အမြင့် ၅၀၀မီတာ ကြာချိန် ၁နာရီ ခန့်ထိ မောင်းနှင်နိုင်ပါတယ်။ နေ့ည စောင့်ကြည့်နေရေး စနစ်များပါဝင်ပြီး ရန်သူမိမိ ခွဲခြားသော စနစ်များ လေဆာလမ်းညွှန်စနစ်များ ပါရှိတယ် မပါရှိဘူးကတော့ မသိရှိရပါဘူး။

DRDO Imperial Eagle
အိန္ဒိယတပ်မတော်သုံး DRDO Imperial Eagle မောင်းသူမဲ့ ယာဉ်ငယ်ဟာလဲ အလားတူ မောင်းသူမဲ့ အမျိုးအစားဖြစ်ပါတယ်။ အကွာအဝေး ၁၀ကီလိုမီတာ၊ အမြင့် ၃၀၀မီတာ၊ ကြာချိန် တစ်နာရီထိ မောင်းနှင်နိုင်ပြီး ရန်သူမိတ်ဆွေ ခွဲခြားစောင့်ကြည့်တဲ့ စနစ်တွေပါဝင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ ၂နိုင်ငံလုံးဟာ မောင်းသူမဲ့ ယာဉ်ငယ်များကို အသုံးပြုမှု နည်းပါးပြီး အထူးတပ်ဖွဲ့များတွင် အသုံးပြုရန်အတွက် အစ္စရေးနိုင်ငံလုပ် မောင်းသူမဲ့ယာဉ်ငယ်များကို အဓိကထား အသုံးပြုကြပါတယ်။ ကျန်းမာချမ်းသာကြပါစေ။ 


2 comments:

  1. မိုက်တယ်... နော်...။ ရာသီဥတု မရွေး တာဝန်ထမ်းဆောင်နိုင်လား မသိဘူး...။

    ReplyDelete
  2. ကျနော်တို့ ဆီမှာ လက်နက်တပ်ဆင်နိုင်တဲ့ မောင်းသူမဲ့တွေထုပ်နိုင်ပြီလားခင်ဗျာ

    ReplyDelete