Saturday, March 8, 2014

Fokker F27 Friendship/Fairchild Hiller FH-227



  ဖေါ်ကာ F27 လေယာဉ်သည် ၁၉၅၈ခုနှစ် ကတည်းက နယ်သာလန်နိုင်ငံတွင် ထုတ်လုပ်ခဲ့ပြီး အရပ်ဖက် လေကြောင်းလိုင်းသုံး ပန်ကာအင်ဂျင်၂လုံးတပ် လေယာဉ်အမျိုးအစားဖြစ်သည်။ အမေရိကန်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေး ကုမ္ဗနီ Fairchild က ၁၉၅၈ ကတည်းက ဝယ်ယူပြီး အမေရိကန်နိုင်ငံ ပုဂ္ဂလိကနှင့် စစ်ဘက်သုံးအတွက် ထုတ်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ပိုမို အဆင့်မြင့်သော စနစ်များတပ်ဆင်ထုတ်လုပ်လာနိုင်ပြီး FH-227 အဖြစ် ခွဲထွက်ခဲ့သည်။ 

ဖေါ်ကာ လေယာဉ်များကို မြန်မာ့တပ်မတော်နှင့် မြန်မာ့လေကြောင်းက ၁၉၇၀ပြည့်လွန်နှစ်များ တွင်မှာယူအသုံးပြုခဲ့သည်။ မြန်မာ့တပ်မတော် အတွက် နယ်သာလန်နိုင်ငံ ဖေါ်ကာ ကုမ္ဗနီမှ တိုက်ရိုက်မှာယူခဲ့ပြီး တစ်စင်းမှာ F-27-100 အမျိုးအစားဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်သယ်ဆောင်ရေး အတွက် အသုံးပြုသည်ဟု ယူဆရသည်။ ဒုတိယတစ်စင်းမှာ F-27-500 အမျိုးအစားဖြစ်ပြီး စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် လေကြောင်းချီ လေထီးချ လေကြောင်းထောက်ပို့ များအတွက် အထူးမှာယူထားသည့် အမျိုးအစားဖြစ်သည်။ ဆီသယ်ဆောင်နိုင်မှု ပမာနပိုမိုများပြားပြီး ရန်သူ့လက်နှက်ဒဏ် ခံနိုင်သည့် ဆီတိုင်ကီ အမျိုးအစားများ တပ်ဆင်သည်။

ထို့အပြင် ၁၉၈၀ပြည့်လွန် မူးရစ်ဆေးဝါးနှင့် ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ပွဲများအတွင်း အမေရိကန်နှင့် နီးကပ်သော ဆက်ဆံရေးများ ရှိသည့်အတွက် မြန်မာ့တပ်မတော် အတွက် ရေပြင် ဝေဟင် ကင်းထောက်နှင့် လေကြောင်းချီ စစ်ဆင်ရေးများအတွက် ရောင်းချပေးခဲ့သော စစ်သုံးပစ္စည်းများတွင် အမေရိကန်နိုင်ငံထုတ် F-227 များပါဝင်ခဲ့သည်။ F-227 များထဲမှ တစ်စင်းသည် F-27-600 (သို့) FH-227B အမျိုးအစားဖြစ်ဖွယ်ရှိပြီး ကာဂို အမျိုးအစား စစ်ဘက် သယ်ယူပို့ဆောင်ရေး တာဝန်ကို ထမ်းဆောင်သည်။ 

F-27 နှင့် F-227 များသည် ပိုင်းလော့ ၂ဦးဖြင့် မောင်းနှင်ရပြီး လေထီးစစ်သည် ၄၀ကျော် ခရီးသည် ၅၆ဦး၊ ကုန်တန်ချိန် တန်၂၀ခန့်ထိ သယ်ဆောင်နိုင်သည်။ တစ်နာရီ မိုင်၃၀၀ခန့်နှင့် အမြင့်ပေ ၂သောင်း၈ထောင်ထိ ပျံသန်းနိုင်သည်။ ကုန်အပြည့်နှင့် မိုင်၆၀၀ ခန့်ထိ ခရီးနှင်နိုင်ပြီး ကင်းလှည့်တာဝန်အတွက် မိုင်၁၄၀၀ခန့်အထိ ပျံသန်းနိုင်သည်။ F-27၊ F-227 များသည် နေရာပြစနစ်များ၊ မိုးလေဝသ ရေဒါများ ပါဝင်သည့်အတွက် ထိုစဉ်က အဆင့်မြင့်သော လေကြောင်းစနစ်များဖြစ်သည်။
နိုင်ငံတကာတွင် အသုံးပြုနေသော F-227နှင့် F-27 လေယာဉ်များ အစင်းရေ ၁၀၀၀ခန့်ကို ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သည့် ၁၉၈၇ ခုနှစ်နောက်ပိုင်းမှ စတင်၍ အစားထိုးခြင်း အနားပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

F-27 အသုံးပြုသော နိုင်ငံငယ်များ အနေဖြင့် ပိုမိုအဆင့်မြင့်တင်ထားသော ဖေါ်ကာ F-50၊ F-60 များ၊ ATR-42၊ ATR-72 များနှင့် အစားထိုးခဲ့ကြသည်။ ၂၀၀၅ခုနှစ်တွင်တော့ F-27၊ F-227 လေယာဉ်များ၏ လေပေါ်ပျံတက်နိုင်သော လေယာဉ်ဆို၍ တစ်စင်းတည်းသာ ရှိတော့ကြောင်း လေယာဉ်လေ့လာသူ များက ဆိုကြသည်။ ထို F-227 လေယာဉ်သည် မြန်မာ့တပ်မတော်၏ လေယာဉ်ဖြစ်ပြီး အမှတ် ၅၀၀၁ ဖြစ်သည်။ 
ထိုလေယာဉ်ကို ထပ်မံလေ့လာကြသော်အခါ ၁၉၈၀ ပြည့်လွန်နှစ်များက အမေရိကန်ဆီမှ(ထိုင်ဝမ်ဆီမှ) ရောက်ရှိခဲ့သော F-227E များထဲမှ တစ်စင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးသုံး အမျိုးအစားမဟုတ်ပဲ ပင်လယ်ပြင်ကင်းထောက်နှင့် လေကြောင်းကင်းလှည့် လေယာဉ်အမျိုးအစား ဖြစ်သည်ကို တွေ့ရှိခဲ့ကြသည်။ FH-227 အမျိုးအစားထဲမှ အဆင့်အမြင့်ဆုံး စနစ်တစ်ခုဖြစ်ပြီး မိုးလေဝသရေဒါ၊ စောင့်ကြည့်ရေးရေဒါအပြင် အခြားသော ရေကြောင်းကင်းလှည့်လေယာဉ် အတွက် စနစ်များ အပြည့်အစုံပါဝင်သည်။ သို့သော် အမေရိကန်နှင့် ထိုင်ဝမ် တပ်မတော်တို့ သုံးသကဲ့သို့ လက်နှက်သယ်ဆောင် ပစ်ခတ်နိုင်ခြင်း ရှိမရှိကိုတော့ မသိကြပေ။ 

အခြားသော F-227 ကင်းလှည့်လေယာဉ်အသုံးပြုသူများအတွက် ဖေါ်ကာကုမ္ဗနီမှ F-50/60 ကင်းလှည့်လေယာဉ်များဖြင့် အစားထိုးပေးခဲ့သော်လည်း မြန်မာနိုင်ငံသည် လက်နှက်တင်သွင်းမှုများ အပါအဝင် စီးပွားရေး ပိတ်ဆို့မှုများ ခံထားရသဖြင့် အစားထိုးအစီစဉ်များတွင် မပါဝင်ခဲ့တော့ပေ။ ၂၀၁၀ ဖေဖေါ်ဝါရီလတွင်တော့ ထိုF-227 ၏ နောက်ဆုံးပျံသန်းခဲ့သော အချိန်ဖြစ်ခဲ့ဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့ကြပြီး ယခုအခါ F-27 နှင့် F-227 လေယာဉ်များသည် ကမ္ဘာပေါ်တွင် ပျံသန်းနိုင်သော လေယာဉ်များ စာရင်းမှ အပြီးအပိုင် အနားယူသွားခဲ့ပြီဖြစ်သည်။ မြန်မာ့တပ်မတော်အတွက်လည်း ထို F-227E သည် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ လက်နှက်နှင့် နည်းပညာစနစ်များ အပြည့်အဝ အသုံးချခဲ့သော လေကြောင်း ကင်းလှည့်စနစ်၏ နောက်ဆုံးစစ်သုံးပစ္စည်းလဲ ဖြစ်ခဲ့ပါတော့သည်။ ကျန်းမာချမ်းသာကြပါစေ။ 


6 comments:

  1. တပ်မတော်က C130လေယာဉ်လိုရုရှလုပ်စစ်ဘက်သုံးလေယာဉ်ကြီးဝယ်သင့်ပါတယ်။အမည်မသိလို့ဖော်ပြပေးကိုmmရေ

    ReplyDelete
  2. ဒါဆိုခုဘာလေယဉ်သုံးနေလဲ ပြောပြပေးပါအုန်း

    ReplyDelete
  3. မြန်မာတပ်မတော်ကလေယာဉ်တွေကခတ်မမီတော့ဘူးလားကိုmm

    ReplyDelete
    Replies
    1. မကြာခင် လေယာဉ်အသစ်တွေ ရောက်တော့မှာပါ... မကြာတော့ပါဘူး။ :)

      Delete
  4. အသစ်မတင်တော့ဘူးလားကိုmmရေစောင့်ရတာစိတ်မရှည်တော့ဘူး

    ReplyDelete