Thursday, August 11, 2011

မြန်မာ့တပ်မတော် အမြောက် လက်နက်များ အပိုင်း-၂

နောက်တဆင့်ကတော့ တိုက်ပွဲစဉ်ကနေ စစ်ပွဲ (war) အဆင့် ရောက်လာတဲ့ အခါ အဓိက အရေးပါလာမယ့် ပစ်ကူစနစ်က ဒုံးကျည် အမြောက် စနစ် Rocket Artillery ပါ။ သူက Gun Artillery လို့ ဆိုလိုရင် အကျုံးမဝင် ပေမယ့် Self-propelled Artillery ထဲမှာတော့ အကျုံးဝင်ပြန်ပါတယ်။ ဒါပေမယ့် SP Gun တွေနဲ့ Rocket စနစ် (MLRS) တွေမှာ ကွာခြားမှု တွေ ရှိပါတယ်။ နှစ်မျိုးလုံးမှာ အမြန်ရွှေ့ပြောင်းနိုင်စွမ်း ရှိကြတယ်၊ ထိရောက်မှုမှာ ဒုံးကျည် က ပိုပြီးမြင့်ပါတယ်၊ ပိုပြီး ဝေးဝေးကို ပစ်ခတ်နိုင်တယ် ပျှမ်းမျှ ကီလိုမီတာ ၃၀ ကျော် ထိရောက်အောင် ပစ်နိုင်တယ်၊ တချို့ MLRS ဒုံးပစ်စနစ်တွေဟာ ရွေ့လျားနေရင်းနဲ့တောင် ပစ်ခတ်နိုင်ပါတယ်။ အမြောက်က စရိတ်စက သက်သာပြီး အမြောက်ဆံ ပိုပြီး များများ ပစ်ခတ်နိုင်တယ်၊ ဒုံးကျည်ကတော့ ကုန်ကျစရိတ်များတယ်။ ရန်သူကို အကြီးအကျယ် ဖရိုဖရဲ ဖြစ်သွားစေဖို့ ထိုးနှက်တဲ့ နေရာမှာ ဒုံးကျည်က ပိုထိရောက် ပေမယ့်၊ ကိုယ့်တပ်တွေနဲ့ ရန်သူတပ်တွေ နီးကပ်နေတဲ့အခါ ခံစစ်ပစ်ခတ်ခြင်း (defensive fire) မှာတော့ Gun က ပိုအသုံးဝင်ပါတယ်။ ဒုံးကျည်အမြောက်စနစ် အတွက်တော့ ကျွန်တော်တို့ နိုင်ငံမှာ ၁၂၂ မမ ဒုံးကျည် နဲ့ ၂၄၀ မမ ဒုံးကျည်တွေ သုံးပါတယ်။
ဒုန်ဖန်း-၁၁ တာတိုပစ် မဟာဗျူဟာမြောက် ဒုံးပျံစနစ်

အဲဒီ့ထက် ပိုမြင့်တဲ့ အဆင့်ကတော့ ဒုံးပျံစနစ် (missile) ပါ။ ဒီအဆင့်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လို လက်နက်တွေ တပ်ဆင်ထားလည်း ကျွန်တော်လည်း မသိသလို၊ သိခွင့်လည်း မရှိပါဘူး။ နိုင်ငံရဲ့ ကာကွယ်ရေး ဆိုင်ရာ လျှို့ဝှက် အဆင့်ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ခြေလျင်အကူပစ် လက်နက်ကြီး (Infantry Support Gun) ကနေ အပေါ်မှာ ပြောခဲ့တဲ့ ဒုံးကျည်အမြောက်စနစ် (Rocket Artillery) အထိကို Field Artillery လို့ပဲ သတ်မှတ်ပါတယ်၊ ဒုံးပျံတပ်ဖွဲ့ (missile force) ကိုလည်း Artillery အောက်မှာပဲ ထည့်သွင့်ဖွဲ့စည်းပြီး အမြောက် လက်နက်စနစ်တမျိုး အဖြစ်ပဲ ယူဆကြပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဒုံးပျံကို အမြောက် အောက်မှာ မထားဘဲ မဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့ (strategic missile force) အဖြစ် သီးခြားခွဲထုတ်ပြီး ဖွဲ့စည်းကြပါတယ်။
နိုဒွန်-၁ တာလတ်ပစ် မဟာဗျူဟာမြောက် ဒုံးပျံစနစ်

Rocket Artillery ထက် မြင့်တဲ့ စနစ်ကတော့ နည်းဗျူဟာမြောက်ဒုံးပျံ (Tactical Ballistic Missile / TBM) ပါ။ ကီလိုမီတာ ၃၀၀ ထက်နည်းတဲ့ အကွာအဝေးအတွင်းမှာ ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ်ပါ။ နောက်တဆင့်ကတော့ တာတိုပစ်ဒုံးပျံ (Short-Range Ballistic Missile/ SRBM) ပါ၊ ကီလိုမီတာ ၁၀၀၀ အောက် အကွာအဝေးတွင်းမှာ ပစ်ခတ်နိုင်ပါတယ်။ နောက်တဆင့်က တာလတ်ပစ်ဒုံးပျံ (Medium-Range Ballistic Missile/ MRBM) ပါ၊ ကီလိုမီတာ ၁၀၀၀ ကနေ ၃၀၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားအရ အနည်းဆုံး တာလတ်ပစ်ဒုံးပျံ အဆင့်ထိကို မဟာဗျူဟာ လက်နက်ကြီး အဖြစ် ပိုင်ဆိုင်ထားသင့်ပါတယ်။ နောက်တဆင့်ကတော့ တာဝေးပစ်ဒုံးပျံ (Intermediate-Range Ballistic Missile/ IRBM) ပါ၊ ကီလိုမီတာ ၃၀၀၀ ကနေ ၅၅၀၀ အထိ ပစ်ခတ်နိုင်ပါတယ် (နာမည်က Intermediate လို့ ခေါ်တာက တာလတ်ပစ်ဒုံး MRBM နဲ့ တိုက်ချင်းပစ်ဒုံး ICBM တို့ရဲ့ ကြားထဲမှာ ရှိလို့ပါ၊ ဒါပေမယ့်လည်း တချို့နိုင်ငံတွေက အဲဒီ့ဒုံးပျံကို long-rang ballistic missile လို့လည်း category ခွဲကြပါတယ်၊ ဒါကြောင့် အမည်က intermediate-range ဆိုပေမယ့် တာဝေးပစ်ဒုံး လို့ပဲ ကျွန်တော်ဘာသာပြန်ထားပါတယ်၊ မှားရင် ပြင်ပေးကြပါ)။ ဒီအဆင့်မှာ နည်းဗျူဟာမြောက်ဒုံးပျံ (TBM) က လွဲလို့ ကျန်တဲ့ ကျန်တဲ့ SRBM, MRBM, IRBM သုံးမျိုးကို စုပေါင်းပြီး Theatre Ballistic Missile လို့ ခြုံငုံပြီး ခေါ်ပါတယ်။ သူရဲ့ အမျိုးအစား သတ်မှတ်ချက်က ကီလိုမီတာ ၃၀၀ ကနေ ၃၅၀၀ အတွင်း ပစ်ခတ်နိုင်တဲ့ မည်သည့် Ballistic Missile ကိုမဆို Theatre Ballistic Missile လို့ ခေါ်ပါတယ်။
တာလတ်ပစ် မဟာဗျူဟာမြောက် ဒုံးပျံစနစ်

နောက်ဆုံးအဆင့်ကတော့ တိုက်ချင်းပစ်ဒုံးပျံ (Intercontinental Ballistic Missile/ ICBM) ပါ၊ ကီလိုမီတာ ၅၅၀၀ အထက်ကို ပစ်ခတ်နိုင်ပါတယ်။ ကမ္ဘာ့တိုက်ကြီးတွေ အကြား တစ်တိုက်ကနေ တစ်တိုက်ကို လှမ်းပြီး ပစ်ခတ်နိုင်တဲ့ အတွက် တိုက်ချင်းပစ်ဒုံးပျံလို့ ခေါ်ပါတယ်။ ICBM တွေ အကုန်လုံးကတော့ အနူမြူထိပ်ဖူး (Nuclear Warheads) တွေ သယ်ဆောင်နိုင်အောင် ပြုလုပ်ထားကြတာဖြစ်ပါတယ်။ ICBM တွေကို လက်ရှိပိုင်ဆိုင်တဲ့ နိုင်ငံတွေက လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြောက်ကိုရီးယားနိုင်ငံ တွေကတော့ ရရှိရေး ကြိုးပမ်းဆဲ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ submarine-launched ICBM တွေနဲ့ ကုန်းပေါ်ကနေ ပစ်ခတ်နိုင်တဲ့ land-based ICBM တွေဆိုပြီး နှစ်မျိုးရှိပါတယ်။ ကုန်းပေါ်ကနေ ပစ်ခတ်နိုင်တဲ့ land-based ICBM တွေမှာ ယာဉ်တွေပေါ်မှာတင်ပြီး ရွှေ့ပြောင်းပစ်ခတ်နိုင်တဲ့ (mobile land-based missiles) စနစ်တွေလည်း ရှိပါတယ်၊ အဲဒီ့ ဒုံးပျံမျိုးကိုတော့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ပိုင်ဆိုင်ထားကြတယ်။
တိုက်ချင်းပစ် မဟာဗျူဟာမြောက် ဒုံးပျံစနစ်

ဖြည့်စွက်ဆွေးနွေး ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်က Artillery Corps က မဟုတ်တဲ့ အတွက် အမှားတွေ အများကြီး ပါနိုင်ပါတယ်၊ မှားတာတွေ ပါနေရင်လည်း အားမနာတမ်း ပြုပြင်ပေးကြပါ။

regards,
Comrade

5 comments:

  1. အားလုံးကို မင်္ဂလာပါလို့ဖိတ်ခေါ်ပါတယ်...။

    ReplyDelete
  2. မင်္ဂလာပါဗျာ။

    ReplyDelete
  3. အရပ်သား တစ်ယောက် ဆိုပေမယ့် ကိုhh ရဲ့ မေးခွန်းတွေက လူပြိန်းမေးခွန်းတွေ မဟုတ်ပါဘူး၊ မေးခွန်းတွေကောင်းပါတယ်၊ အရပ်သားထဲက နိုင်ငံတော်ကာကွယ်ရေးကို စိတ်ဝင်တစားရှိတယ့် လူတွေ ရှိနေတယ်ဆိုတာ သိရလို့ ကျွန်တော်တို့က ဝမ်းသာရမှာပါ။

    ကိုhh ရဲ့ မေးခွန်းကို နှစ်ပိုင်းခွဲပြီးဖြေပေးချင်တယ်၊ ပထမပိုင်းက လက်ရှိ တပ်မတော်ဖွဲ့စည်းပုံမှာ မြေပြင်တိုက်ခိုက်ရေးတပ်တွေရဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက် တပ်ဆင်ထားမှု အခြေအနေ၊ ဒုတိယပိုင်းက တပ်ဆင်သင့်တဲ့ လက်နက်တွေဆိုပြီး နှစ်ပိုင်း ဆွေးနွေးချင်တယ်။

    ခြေလျင်တပ်တွေမှာ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ရှိပါတယ်၊ ခြေလျင်တပ်ခွဲ အဆင့်မှာ ရန်သူ့ ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်တဲ့ လက်နက်တွေ ရှိပါတယ်၊ အဲဒါတွေကတော့ MA-10 40 mm ဒုံးပစ်လောင်ချာနဲ့ MG-3 7.62 mm စက်သေနတ်ပါ။ ခြေလျင်တပ်ရင်း အဆင့်မှာတော့ ၀.၅ ဘရောင်နင် စက်သေနတ်ကြီး (သို့) 12.7 mm စက်သေနတ်ကြီးတွေ တပ်ဆင်ထားပါတယ်။ ဒီစက်သေနတ်ကြီးတွေဟာ အမြန်နှုန်းနည်းပြီး အနိမ့်ပျံလာတဲ့ ရန်သူ့တိုက်လေယာဉ်တွေ အထိ ပစ်ချနိုင်ပါတယ်။

    ခြေလျင်တပ်မ အဆင့်မှာ တပ်မအကူပစ်တပ်ခွဲမှာ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ရှိပါတယ်။ 12.7 mm စက်သေနတ်ကြီးတွေ အပြင် တခြားဘယ်လက်နက်တွေ သုံးသေးလဲ မသိပါ (သိတဲ့ သူ ဆွေးနွေးပေးကြပါ)။ 14.5 mm လေယာဉ်ပစ် စစ်သေနတ်ကြီး တွေလည်း သုံးနိုင်ပါတယ်။

    ခြေလျင်တပ်မတွေမှာ တပ်ဆင်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေဟာ အနိမ့်ပျံပစ်မှတ်တွေကိုပဲ ပစ်ချနိုင်စွမ်း ရှိတာကြောင့် ခြေလျင်တပ်မတွေအနေနဲ့ လှုပ်ရှားစစ်ဆင်တဲ့ အခါမှာ လုံလောက်တဲ့ အကာအကွယ် ပေးနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် လေကြောင်းရန်ကာကွယ်ရေး အတွက် အမြောက်တပ်က လေယာဉ်ပစ် အမြောက်တွေ တွဲဖက်ပေးရပါတယ်။ အဲဒါတွေကတော့ 20 mm စက်အမြောက်၊ 25 mm စက်အမြောက်၊ 37 mm လေယာဉ်ပစ် အမြောက်၊ 40 mm လေယာဉ်ပစ် အမြောက် (ဘော်ဖာ) နဲ့ 57 mm လေယာဉ်ပစ် အမြောက်တွေ ဖြစ်ပါတယ်။ အဲဒီ့ စက်အမြောက် (autocannon) တွေနဲ့ လေယာဉ်ပစ် အမြောက် (automatic air defence gun) တွေဟာ ခြေလျင်တပ်တွေနဲ့ လိုက်ပါပြီးတော့လည်း လေကြောင်းရန် အကာကွယ်ပေး တာဝန်ကို ထမ်းဆောင်ပါတယ်၊ အမြောက်တပ်တွေနဲ့ လိုက်ပါပြီးတော့လည်း မြေပြင်ပစ် အမြောက်ကြီးတွေအတွက် လေကြောင်းရန် အကာကွယ်ပေး တာဝန်ကို ထမ်းဆောင်ပါတယ်။

    ခေတ်မှီဂျက်တိုက်လေယာဉ်တွေဟာ အခုဖေါ်ပြခဲ့တဲ့ သမရိုးကျ လေယာဉ်ပစ်လက်နက် (anti-aircraft guns) တွေနဲ့ ပစ်ချဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီလေယာဉ်တွေရန်က ကာကွယ်ဖို့ အတွက် လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ဖွဲ့တွေကိုလည်း ခြေလျင်တပ်တွေနဲ့ တွဲဖက်ပေးနိုင်ပါတယ်။ အသုံးပြုတဲ့ လက်နက်တွေကတော့ HN-5 ပဲ့ထိန်းဒုံး (SA-7)၊ Igla ပဲ့ထိန်းဒုံး (SA-18)၊ Igla-1 ပဲ့ထိန်းဒုံး (SA-16) တွေသုံးပါတယ်။

    နောက်တစ်ပိုင်းအနေနဲ့ အခြားနိုင်ငံတွေမှာ မြေပြင်တပ်တွေ ချီတက် စစ်ဆင်စဉ် လေကြောင်းရန်အကာကွယ် ပေးပုံကို ဆွေးနွေး ပေးပါ့မယ်။

    ReplyDelete
  4. နိုင်ငံတကာမှာ ခြေလျင်တပ်ဖွဲ့တွေ စစ်ဆင်တဲ့အခါ mobile SAM systems တွေနဲ့ လိုက်ပါပြီး လေကြောင်းရန် အကာကွယ်ပေးပါတယ်။ အသုံးများတဲ့ လက်နက်စနစ်တွေက Tunguska (SA-19) နဲ့ Osa (SA-8) တို့ပါပဲ။ အရင် SAM တွေ မတွင်ကျယ်ခင် ခေတ်တည်းက ခြေလျင်တပ်တွေ ချီတက်တဲ့ အခါမှာ လေကြောင်း အကာအကွယ် ပေးဖို့အတွက် ZSU-23-4 နဲ့ ZSU-57-2 လို armoured anti-aircraft weapons စနစ်တွေ သုံးခဲ့ကြတာပါ။ SAMs တွေဖွံ့ဖြိုးလာတဲ့ အခါ Tunguska လို ရေဒါပါအပြီး gun-missiles တွဲရက် စနစ်တွေ သုံးလာပါတယ်။ Osa (SA-8) နဲ့ Tor (SA-15) လို ခြေလျင်တိုက်ခိုက်ရေး တပ်တွေနဲ့ အတူ လိုက်ပါနိုင်တဲ့ missiles သီးသန့်စနစ်တွေလည်း သုံးလာပါတယ်။
    ကျွန်တော်တို့ နိုင်ငံမှာ Tunguska နဲ့ Tor တွေ ရှိပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်သေးပါဘူး။ အရေးကြီးတဲ့ နေရာတွေ ကာကွယ်ဖို့ လောက်ပဲ ချထားနိုင်သေးပါတယ်။ တကယ်တော့ ဒီလက်နက်စနစ်တွေ ခြေလျင်နဲ့ တင့်ကားတပ်တွေ၊ အမြောက်တပ်တွေ မြေပြင်မှာ ရွေ့လျားစစ်ဆင်တဲ့ အခါ လိုက်ပါပြီး လေကြောင်းရန် အကာကွယ်ပေးနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားကြတာပါ။ ဒါကြောင့် ပြည်ပနိုင်ငံတစ်ခုနဲ့ စစ်ဖြစ်ပြီဆိုရင် စစ်ဆင်ရေးတွေမှာ ဒီလက်နက်တွေ လိုက်ပါတွဲဖက်ပေးနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

    မြေပြင်တပ်တွေကို လေတပ်က အမြဲတမ်း လိုက်ပါ guard လုပ်ဖို့ဆိုတာကတော့ impractical ပါ။ တိုက်စစ် ဆင်နွှဲချိန်မှာ၊ ကမ်းတက်စစ်ဆင်ရေးတွေမှာ လေကြောင်း cover ပေးနိုင်ပါတယ်။ ဒါပေမယ့် ချီစစ်မှာတော့ တလျောက်လုံး လိုက်ပါ စောင့်ရှောက်ဖို့ မဖြစ်နိုင်ပါတယ်။ တိုက်လေယာဉ်တွေနဲ့ အဓိက တာဝန်ကလည်း ရန်သူ့ လေယာဉ်တွေကို ကြားဖြတ် ချေမှုန်းဖို့နဲ့၊ မိမိ ဗုံးကျဲလေယာဉ်တွေကို အစောင့်လိုက်ဖို့ပါပဲ။ အနာဂတ်စစ်ပွဲမှာ မြေပြင်တပ်တွေအတွက် အဓိက လေကြောင်းရန် အကာအကွယ်ပေး လက်နက်တွေကတော့ Tunguska လို self-propelled gun-missile systems တွေသာ ဖြစ်လာပါလိမ့်မယ်။

    လေစားစွာဖြင့်
    (ပိုသိတဲ့ လူတွေက ဖြည့်စွက် ဆွေးနွေးပေးကြပါဦး)

    ReplyDelete
  5. အဲ့ဒီဒုံးစနစ်တွေကိုတည်ဆောက်စမ်းသပ်နေဆဲလို့သိရပါတယ်

    ReplyDelete